NEWS

အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်ခ တစ်ဒေါ်လာ သာရရှိနေပြီး ပြည်ပ အလုပ်အကိုင်တွေကို ပိုမိုရွေးချယ်လာ

CoverLogo
507 Views

စစ်အာဏာသိမ်းပြီးနောက်  ငွေကြေးဖောင်းပွမှုနဲ့အတူ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာပြီး ကျပ်ငွေတန်းဖိုးကျဆင်းလာနေတာပါ။လက်ရှိ ဒေါ်လာဈေးအရ အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်ခလစာဟာ တစ်ဒေါ်လာသာ ရရှိတာကြောင့် ပြည်ပနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ရွေးချယ်မှုတွေပိုများလာတယ်လို့ သိရပါတယ်။ 

ပြည်တွင်းမှာ အလုပ်လုပ်ကိုင်လို့ ရရှိတဲ့ လုပ်ခလစာဟာ စားဝတ်နေရေး ဖြေရှင်းဖို့ မလုံလောက်တာကြောင့် ပြည်ပကို တရားမဝင်ဖြစ်စေ တရားဝင် ဖြစ်စေ ရတဲ့နည်းတဲ့ ထွက်ခွာ ပြီးအလုပ်လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေကြရတယ်လို့ သိရပါတယ်။

"အလုပ်သမားကပြည်ပကိုပဲရွေးချယ်ကြမှာပဲလေ။ ပြည်တွင်းကရတဲ့လစာက မဖူလုံဘူး။ မလောက်ငှဘူး။ လစာကလည်းတစ်နေ့ ၄၈၀၀ပဲ။ ဒေါ်လာနဲ့တွက်ရင် တစ်ဒေါ်လာပဲရတယ်ပေါ့။ ပြည်ပကိုထွက်ရင်သူတို့ရမှာကို   သူတို့တွက်ပြီ။  အထည်ချုပ်အလုပ်သမားတွေက ကျွမ်းကျင်အဆင့်ရောက်လာပြီဆိုတာနဲ့ လာအိုကိုသွားဖို့များ လာပြီ။ ခုကဒမန်းတွေလည်းရှိနေပြီဆိုတော့ လာအိုကိုသွားတဲ့အထည်ချုပ်အလုပ်သမားများလာတယ်။ လာအို ကစက်မချုပ်တတ်ရင်သွားလို့မရဘူး။ စက်ချုပ်တတ်ရင် အလွယ်တကူသွားလို့ရနေပြီတစ်ချို့ဆို အကြွေးနဲ့တောင်သွားနေကြတယ် တရုတ်ကခေါ်တာလည်းများလာတယ်ဆိုတော့ လာအိုကိုသွားတာများလာတယ်။သူလည်းအဆင်းရဲဆုံးနိုင်ငံစာရင်း၀င်နေပါသေးတယ်။ ဒါပေမဲ့တစ်လကို ၁၂သိန်းလောက်ရကြတယ်ဆိုတော့ ဒီကတစ်နေ့ ၄၈၀၀ နဲ့ထောက်ပံ့ကြေးတစ်ထောင်က လားလားမှမဆိုင်တော့ဘူးပေါ့"လို့ ပြည်ပအလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြော ဆိုပါတယ်။   

လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့်  အလုပ်သမားတွေရဲ့လုပ်ခလစာဟာလုံလောက်မှုမရှိတဲ့အပြင် ခက်ခဲလွန်းတဲ့အနေအထားကိုရောက်လာတာကြောင့် အလုပ်သမားတွေဟာလုပ်ခလစာတိုးမြှင့်ပေးဖို့တောင်းဆိုဆန္ဒပြမှုတွေ သပိတ်မှောက်တာတွေအထိ ပြုလုပ်ခဲ့ကြပေမဲ့ ဖမ်းဆီးခံရခြင်းနဲ့ခြိမ်းခြောက်ခံရတာတွေကြုံခဲ့ရပြီး   လုပ်ခလစာတိုးမြှင့်တာကိုတော့  လက်ရှိအာဏာသိမ်းစစ်တပ်ထံမှာသာ တရား၀င်တိုးပေးရန် တောင်းဆိုဖို့ကိုသာ အလုပ်ရှင်တွေဘက်က တိုက်တွန်းပြီး အခကြေးငွေတိုးမြှင့်ပေးချေရေး လစ်လျူရှုထားခဲ့ကြတာပဲဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာလက စက်ရုံအလုပ်ရုံအလုပ်သမားတွေဖြစ်တဲ့ အထည်ချုပ်နှင့် CMP လုပ်သားများ အတွက် အနည်းဆုံးလုပ်ခလစာကို ၂၀၁၈ခုနှစ်ကတည်းက သတ်မှတ်ပြဌာန်းထားတဲ့ တစ်ရက်လျှင် ၄၈၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ကြေးအဖြစ် ကျပ်တစ်ထောင်တည်းကိုသာထပ်ပေါင်းပေးဖို့ အာဏာသိမ်းစစ်ကောင်စီက သတ်မှတ်ကြေညာခဲ့တာဖြစ်ပါတယ်။  

အဆိုပါထောက်ပံ့ကြေးတစ်ထောင်ဟာ နေ့စဉ်ရရှိပြီး တစ်လစာသုံးသောင်းတိုးမြင့်ပေးခြင်းမဟုတ်ဘဲ အလုပ်ဆင်းတဲ့ရက်အတွက်ကိုသာ ထောက်ပံ့ကြေးတစ်ထောင်ကျပ်ပေးခြင်းဖြစ်တာကြောင့်   လက်ရှိအနိမ့်ဆုံးလုပ်ခ ၄၈၀၀ကျပ်ဖြစ်တဲ့ တစ်ဒေါ်လာနဲ့ကျပ်တစ်ထောင်ကိုသာရရှိတာပဲဖြစ်ပါတယ်။  

အခြေခံအလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခသတ်မှတ်ရာမှာ တရက်လုပ်ခ အနည်းဆုံး ၃ ဒေါ်လာကို အခြေတည်ပြီး သတ်မှတ်ကြပေမဲ့ ၃ ဒေါ်လာ အောက်ရရှိတဲ့ နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေမှာသာတွေ့ရတယ်လို့ သိရပါတယ်။

"ခေတ်နဲ့အညီဆိုတာထက်  အနိမ့်ဆုံးလုပ်ခလစာက ၃ ဒေါ်လာနဲ့အထက်ကိုစတင်သတ်မှတ်တာ။  ၃ ဒေါ်လာအောက်ကိုရတဲ့နိုင်ငံက အဆင်းရဲဆုံးနိုင်ငံတွေမှာတွေ့ရတာ။ ဒါကြောင့်မို့အနိမ့်ဆုံးလုပ်ခလစာကိုစတင်သတ်မှတ်ဖို့စဉ်းစားတဲ့အခါ  ၃ ဒေါ်လာကိုအခြေတည်ပြီး စဉ်းစားကြတာပါ"လို့ ၂၀၁၈ခုနှစ်က အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်အတည်ပြုနိုင်ရေးပါ၀င်ဆွေးနွေးခဲ့သူတစ်ဦးကဆိုပါတယ်။ 

၂၀၁၈ ခုနှစ်က သတ်မှတ်အတည်ပြုခဲ့တဲ့  တစ်နေ့လုပ်ခ အခကြေးငွေဟာ နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်မူတည် တွက်ချက်ထားခြင်းဖြစ်ပြီး နှစ်,နှစ်တစ်ကြိမ် ပြင်ဆင်တိုးမြင့်သတ်မှတ်ပေးရန် ဆုံးဖြတ်ထားခဲ့တာဖြစ်ပေမဲ့  ၂၀၂၀ ခုနှစ်မှာပြင်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့သလို  ၂၀၂၂ ခုနှစ်များတွင်လည်း ပြင်ဆင်နိုင်ခဲ့တာမရှိတဲ့အပြင် ကိုဗစ်ရောဂါကြောင့်အလုပ်ကနေနားရတာတွေရှိတာကြောင့်ဆိုကာ လုပ်ငန်းရှင်တွေကလုပ်ခလစာတိုးမြှင့်ပေးဖို့ ငြင်းဆန်ခဲ့ကာ ၂၀၂၃ ခုနှစ်မှသာ ထောက်ပံ့ကြေးဟုဆိုကာ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ပါတယ်။

CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သ မားများအား အောက်တိုဘာလ ၁ ရက်မှစပြီး အနည်းဆုံးအခကြေးငွေကို မူလ သတ်မှတ်ထားသော အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ်ပေါ် အပိုထောက် ပံ့ကြေး ၁၀၀၀ ကျပ် ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ၅၈၀၀ ကျပ် ခံစားခွင့်ပြုလိုက်တယ်လို့ကြေငြာခဲ့ပေမဲ့ လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ လက်ရှိဒေါ်လာဈေးဟာ ၄၈၀၀ နဲ့အထက်ရှိနေပြီး အဲ့ဒီအပေါ်အခြေခံကာ တစ်နေ့လုပ်ခကိုအနည်းဆုံး ၃ဒေါ်လာကစတင်ပြီး သတ်မှတ်ပေးချေသင့်တယ်လို့ သုံးသပ်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026