NEWS

အလုပ်ပိတ်ရက်နဲ့ နားခွင့်ပေးဖို့  အထည်ချုပ်လုပ်သားတွေတောင်းဆို

CoverLogo
806 Views

"တစ်လလုံးမနားရသေးပါဘူး ရုံးပိတ်ရက်ရော အခါကြီးရက်ကြီးရော မနားရဘူး အချိန်ပိုဆင်းနေရတယ် အောလင်းအောနိုက် ကို နေ့တိုင်းနီးပါးခေါ်နေတာ အဲ့လိုဆင်းနေလို့ တခါတလေ အချိန်ပိုမဆင်းနိုင်ရင် စူပါ အောစူပါ ( ကြီးကြပ်သူ)တွေက အငြိုးထားပြီး ဆက်ဆံ ခွဲခြားတယ် ဖိုင်းချတယ်ဆိုပြီး တစ်လလုံး အိုတီမခေါ်တော့ဘဲ ပြန်လွှတ်တယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် ဝက်မစွပ်ဝန်ထောက်လမ်းမှာဖွင့်လှစ်ထားတဲ့ Jun Sheng Garment Co, LTD  အထည်ချုပ်စက်ရုံမှာအလုပ်သမား ၄၀၀ ဝန်းကျင်နဲ့လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး တစ်လလုံးပိတ်ရက်မရှိ အလုပ်ဆင်းနေရလို့ နားရက်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

အဆိုပါစက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ။  RESERVED၊ QUIKSILVER၊ GEMO၊ LOGOSDAYS၊ Pedro del Hierro၊ ZARA စတဲ့ နိုင်ငံတကာ အမှတ်တံဆိပ် ဘောင်းဘီ အင်္ကျီနဲ့  အနွေးထည်တွေ ချုပ်လုပ်တာဖြစ်ပြီး တစ်လလုံးပိတ်ရက်မရှိ အလုပ်ဆင်းနေရလို့ နားရက်ပေးဖို့ တောင်းဆိုလိုတယ်လို့ အမည်မဖော်လိုတဲ့အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်ချိန်မှာ နံနက် ၈ နာရီမှာ စတင်ရပြီး ညပိုင်းမှာ ပုံမှန်မရှိဘဲ အချိန်ပို၊ အောလင်း၊ အောနိုက်( ညလုံးပေါက်) ဆင်းနေရတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

အထည်ချုပ်အလုပ်သမားတွေအနေနဲ့ အောလင်း အောနိုက်လို့ ခေါ်တဲ့ တစ်နေ့ကုန်အလုပ်ဆင်းရပြီး ညဘက်မှ မနက်မိုးလင်းအထိ လုပ်ကိုင်ရတဲ့အပြင် နောက်ရက်မှာပါ နားခွင့်မရှိဘဲ အချိန်ပိုဆင်းနေရတာဖြစ်ပြီး ကျန်းမာရေးထိခိုက်မှုတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"အိပ်ချိန်တောင်မရှိတော့ဘူး အိပ်ရေးမဝတော့ဘူး ကျန်းမာရေးထိခိုက်လာတယ် အလုပ် ၁ ရက်ပျက်ရင် ဒေးကြေး ရက်မှန်ကြေး ဂရိတ်ကြေးတွေ အဖြတ်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို အချိန်ပိုအလွန်အကျွံခေါ်ယူခိုင်းစေပေမဲ့ လုပ်ခလစာရှင်းပေးရာမှာ  အချိန်ပိုကြေး အပြည့်အဝမရရှိဘဲ လစဉ် ဖြတ်တောက်ခံနေရတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေကို  ရှောင်တခင်ခွင့် ဆေးခွင့် လုပ်သက်ခွင့်တွေ ပေးမယ်လို့ ပြောထားပေမဲ့ အလုပ်ပင်ပန်းလို့ နေမကောင်းဖြစ်ပြီး ခွင့်ယူပါက ခွင့်မပေးဘဲ ဒေးကြေး ၅၆၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ် ဂရိတ်ကြေး ( A သမားဆိုလျှင် ၂၀၀၀၀) ကျပ် စုစုပေါင်း ၄၅၆၀၀ ကျပ်ဖြတ်တောက်ခံရတာဖြစ်တယ်လို့ ပြောပါတယ်။

အလုပ် ၁ ရက်ပျက်လျင် ဖြတ်တောက်ခံရတဲ့ စုစုပေါင်း ၄၅၆၀၀ ကျပ် ဝန်းကျင်ဟာ ၅၆၀၀ ကျပ်နဲ့ရှင်းပေးတဲ့ စက်ရုံလုပ်သားရဲ့ ၈ ရက်စာလုပ်အားခဖြစ်နေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ စစ်ဆေးရေး ဒါမှမဟုတ် audit ဝင်ပါက အလုပ်သမားတွေကို သင်ထားတဲ့အတိုင်းဖြေဖို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ထားပြီး အမှန်အတိုင်းဖြေဆိုတဲ့ အလုပ်သမားကို အလုပ်ထုတ်ပြီး ယခင်ကလည်း အလုပ်ထုတ်ပစ်တာရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

"မန်နေဂျာ နဲ့ စူပါ အောစူပါတွေက စစ်ဆေးရေးလာရင် သင်ထားတဲ့အတိုင်း ဖြေဖို့ ဖိအားပေးတယ် အရင်ကလည်း အမှန်အတိုင်းဖြေတဲ့ အလုပ်သမားကို အလုပ်ထုတ်လိုက်တော့ အလုပ်သမားတွေက အမှန်အတိုင်းမပြောရဲတော့ဘူး အဲ့ဒါကြောင့် လုပ်ငန်းခွင်ချိုးဖောက်မှုတွေ မတရားလုပ်တာတွေမပေါ်တာ အမှန်တရားက ဖုံးကွယ်နေတာ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားသမားတွေလည်း ခန့်အပ်တာရှိပြီး  အချိန်ပိုဆင်းဖို့ ငြင်းဆန်ပါက အလုပ်ကနေ ထုတ်ပစ်လိုက်တာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ထိခိုက်မှုဖြစ်ပွားပါက ဆေးကုသမှုမပြုလုပ်ပေးဘဲ အလုပ်ကနေ ထုတ်ပယ်တာတွေပြုလုပ်တယ်လို့ လည်း ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားပြီး အလုပ်ရှင်ဘက်ကနေ ရွေးချယ်ဖွဲ့စည်းထားတာလို့ သိရပြီး လုပ်ငန်းခွင်ထဲမှာ မည်သည့်အကြောင်းအရာမျှ အလုပ်ရှင်နဲ့ ဆွေးနွေးပေးတာ လိုအပ်ချက်တွေကို ညှိနှိုင်းဆောင်ရွက်ပေးတာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

"အလုပ်သမားတွေဆီက တစ်ယောက် ၁ သောင်းဖြတ်ထားတယ် သီတင်းကျွတ်ရင် ဆရာကန်တော့ဖို့ ဆိုပြီး နောက်ပြီး မန်နေဂျာ စူပါ အောစူပါတွေကို ကန်တော့ဖို့ဆိုပြီး ထပ်တောင်းအုံးမယ် မထည့်ချင်ဘူးပြောလဲမရဘူး တောင်းသလောက်ပေးနေရတာ ဖိအားပေးပြီး ပိုက်ဆံတောင်းတာ"လို့ အလုပ်သမားကပြောပါတယ်။

အထည်စံချိန်တွေတောင်းခံရာမှာလည်း  ချုပ်လုပ်ရတဲ့ အထည်က မကြခဏပြောင်းလဲနေတာကြောင့် အထည်စံချိန်ပုံမှန်မရှိဘဲ တစ်ရက်ထက်တစ်ရက် ပိုမိုတောင်းခံ နေပြီး စံချိန်မပေးနိုင်ပါက စူပါ အောစူပါတွေက ဆဲဆိုတာ အော်ဟစ် ပြောဆိုတာ ဖိအားပေးခိုင်းစေတာ တွေ ပြုလုပ်ခံနေရပြီး ရေမသောက် အပေါ့အပါးမသွားဘဲ မနားမနေ ချုပ်လုပ် နေရပြီး  အထည်များပဲကျ  သည်ဆိုပါက အချိန်ပိုအလကားဆင်းပေးရတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လက်ရှိ အခြေအနေအရ စားဝတ်နေရေး အကျပ်အတည်းများကြုံနေရပြီး အထက်ပါ ချိုးဖောက်မှုတွေကို တိုင်ကြားသော်လည်း ဖြေရှင်းပေးတာမရှိဘူးလို့ သိရပါတယ်။

အလုပ်သမားတောင်းဆိုချက်တွေအနေနဲ့ အချိန်ပိုအိုတီကို မတရားဆင်းခိုင်းတာမလုပ်ဖို့နဲ့ အလုပ်သမားတွေရဲ့ သဘောဆန္ဒကိုမေးမြန်ဖို့ ၊ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီကို အလုပ်သမားတွေကို ရွေးချယ်ခွင့်ပေးဖို့ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ စံချိန်ကိုသာ တောင်းခံရန် အချိန်ပိုအိုတီကို အလကားဆင်းခိုင်းတာမလုပ်ဖို့ ခွင့်ရက်နဲ့ ပိတ်ရက် ခံစားခွင့်တွေ ပေးဖို့ လုပ်ငန်းခွင် အတွင်းထိခိုက်ဒဏ်ရာရပါက အလုပ်ရှင်ဘက်က တာဝန်ယူ ဆောင်ရွက်ဖို့နဲ့  ကြီးကြပ်သူတွေ မှ အလုပ်သမားတွေကို  ဆဲဆိုတာ မပြုလုပ်ဖို့နဲ့ အခကြေးငွေတောင်းခံတာတွေ မလုပ်ဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေ ကပြောပါတယ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026