NEWS

အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်တွေမှာ အလုပ်သမားတွေအနေနဲ့ အလုပ်ဆင်းလိုတဲ့ ဆန္ဒမရှိပါက ငြင်းဆန်ခွင့်ရှိ

CoverLogo
2.1K Views

အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်တွေမှာ  အလုပ်သမားတွေအနေနဲ့ အလုပ်ဆင်းလိုတဲ့ ဆန္ဒမရှိရင် ငြင်းဆန်ခွင့်ရှိတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။

သင်္ကြန်ကာလလို ရက်ရှည်ရုံးပိတ်ရက်တွေဖြစ်တဲ့ အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်တွေ၊ ရက်သတ္တပတ် ပိတ်ရက်တွေဟာ လုပ်ခလစာအပြည့်နဲ့ ခံစားခွင့် ပေးရမယ့်ရက်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ စက်ရုံလုပ်သားအချို့ကို နှစ်သစ်ကူးပိတ်ရက်တွေမှာ အစားထိုးခိုင်းစေဖို့ စက်ရုံဘက်က ပြောလာတာတွေရှိတယ်လို့ အလုပ်သမားအချို့က ဆိုပါတယ်။

အလုပ်သမားအင်အားစုအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက"ဆန္ဒမရှိရင် ငြင်းခွင့်ရှိပါတယ်၊ ဒီလိုရက်မျိုးက၊ ဒါ အလုပ်သမားဆန္ဒနဲ့အညီ ခေါ်ရတာလေ၊ ဒီ အများပြည်သူ အလုပ်ပိတ်ရက်တို့ ၊ ရက်သတ္တပတ်ပိတ်ရက်‌တို့ဆိုတာက အလုပ်သမားသဘောတူမှ ခေါ်ခွင့်ရှိတဲ့ရက်မျိုးတွေပေါ့နော်၊ အလုပ်သမားဘက်က ဆန္ဒမရှိရင်တော့ ငြင်းခွင့်ရှိပါတယ်"လို့   Myanmar Labour News  ကိုပြောပါတယ်။

အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်တွေမှာ စက်ရုံလည်ပတ်ပြီး အလုပ်သမားတွေကို ခိုင်းစေလိုပါက သက်ဆိုင်ရာဌာနတစ်ခုဖြစ်တဲ့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ထံ သွားရောက်ပြီး အလုပ်ရှင်၊ အလုပ်သမား သဘောတူညှိနှိုင်းကာ အလုပ်သမားရဲ့ ဆန္ဒပေါ် မူတည်ပြီး ခွင့်ပြုချက်ရမှ အလုပ်ခိုင်းစေခွင့်ရှိတယ်လို့ သိရပါတယ်။

အလုပ်သမားအင်အားစုအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက"အဲ့လို အခြေအနေမျိုးတော့ရှိတယ်၊ ဆိုတော့ အရင်နှစ်တွေတုန်းကတော့ ကျွန်တော်တို့ သိရသလောက်က နှစ်သစ်ကူးရုံးပိတ်မယ်ဆိုလို့ရှိရင် မပေးဘူးပေါ့နော်၊ ခွင့်ပြုချက်ကိုလုံးဝပေးလေ့မရှိဘူး၊ ဒီ အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေးဦးစီးဌာနက ပေးလေ့မရှိဘူး၊ တခါတလေကျတော့ အလုပ်ရှင်နဲ့ အလုပ်သမားညှိနှိုင်းပြီးတော့ပဲ နားလည်မှုယူပြီးတော့ တချို့စက်ရုံလေးတွေ ခိုးလည်တယ်ပြောရမှာပေါ့နော်၊ ခိုးပြီးတော့ လည်ပတ်ကြတာမျိုးတွေလည်းရှိတယ်၊ အဲ့ဒါက သူတို့အချင်းချင်း ကျေနပ်ရင်လုပ်ကြတဲ့ပုံစံမျိုးပေါ့" လို့ပြောပါတယ်။

အများပြည်သူဆိုင်ရာ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် အဆိုပါရက်တွေမှာ လုပ်ငန်းလည်ပတ်ပြီး ခိုင်းစေပါက အချိန်ပိုကြေး အနေနဲ့ သာမန်လုပ်အားခ၏ နှစ်ဆ ပေးရမှာဖြစ်သလို အလုပ်မဆင်းလိုတဲ့ အလုပ်သမားတွေအနေနဲ့ ငြင်းဆန်ခွင့်ရှိတယ်လို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်နားရက်မှာ ငြင်းဆန်ခွင့်ရှိပေမယ့် အလုပ်ရှင်တွေဘက်က ခြိမ်းခြောက်တာ၊ အလုပ်နေရာ ရွှေ့ပြောင်းပစ်တာ၊ အချိန်ပို မခေါ်တော့တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

တရားဥပဒေစိုးမိုးမှု မရှိတဲ့ ယခုလို အခြေအနေမျိုးမှာ အလုပ်သမားတွေအတွက် အခြေအနေတွေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ဝေဖန် ထောက်ပြထားပါတယ်။

လတ်တလော အခြေအနေအရ အလုပ်သမား သမဂ္ဂတွေ အလုပ်သမားအရေး ကူညီနေသူတွေအနေနဲ့လည်း ပွင့်လင်းမြင်သာစွာ ကူညီဖြေရှင်းပေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ဆက်လက်သိရပါတယ်။


 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026