NEWS

အနည်းဆုံးလုပ်ခနဲ့ ပြည်သူလူထုကို အသက်ရှူကျပ်စေတဲ့ ကုန်ဈေးနှုန်း

CoverLogo
818 Views

ကုန်ဈေးနှုန်းမြင့်တက်မှုက အခြေခံပြည်သူတွေသာမက လူလတ်တန်းစားတွေအထိပါ ရိုက်ခတ်လာပါတယ်။

ပြည်တွင်းမှာနေ့စဥ်စားသုံးနေတဲ့ ဆန် ဆီ ကစလို့ ကန်စွန်းရွက် ချဥ်ပေါင်ရွက် ကြက်ဥ ဘဲဥ မှစ ဘုရားပန်းအထိ ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာနေပါတယ်။

ဒါပေမဲ့ ပြည်တွင်းက အလုပ်လုပ်ကိုင်နေသူ တွေအတွက် ပိုပြီး အသက်ရှုကျပ်စေတဲ့အရာကတော့ အနည်းဆုံးအခကြေးငွေနှုန်းထားကို အပိုထောက်ပံ့ကြေးခေါင်းစဉ်နဲ့ တစ်ရက်(၈)နာရီ အလုပ်ချိန်အတွက် ကျပ် တစ်ထောင်သာ တိုးပေးဖို့ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
  
ဒီနေရာမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ဟာ အလုပ်သမားတွေမျှော်မှန်းထားတဲ့ အခြေအနေထက် ပိုမိုဆိုးရွားနေတဲ့ အနေအထားကို ပြသနေပါတယ်။ 

လက်ဖက်ရည်တစ်ခွက်ကို ကျပ်တစ်ထောင်ကျော်အထိ ဈေးတက်နေချိန်မှာ အလုပ်သမားဝန်ကြီးဌာနက တိုး ပေးတဲ့ငွေပမာဏဟာ ခေတ်ကာလအခြေအနေကို မျက်ကွယ်ပြုနေတာလို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် “အပိုထောက်ပံ့ ကြေး”ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲထားတာကြောင့်လည်း အလုပ်ရှင်နဲ့အလုပ်သမားကြားမှာ အငြင်းပွားစရာတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေဟာ လုပ်ခလစာကိုတွက်ချက်ရာမှာ အခြေခံလုပ်အားခ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး အစရှိတဲ့ခေါင်းစဉ်များစွာနဲ့ ပေးချေနေတာ ဖြစ်ပါတယ်။ 

တစ်လတာလုံး အချိန်ပိုအလုပ်ချိန်တွေ မဖြစ်မနေဆင်းနေမှသာ စားလောက်ရုံရနေတဲ့အလုပ်သမားတွေအတွက် အခုလက်ရှိ အချိန်ပိုကြေးတွက်ချက်မှုဟာ အငြင်းပွားရမယ့်အခြေအနေ ဖြစ်နေပါတယ်။

ပြည်တွင်းအနည်းဆုံးအခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လမှာ ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမားတွေအတွက် မဖြစ်မနေ အနည်းဆုံးပေးရမယ့် လစာနှုန်းထားကို ၂၀၁၅ ခုနှစ်၊ ဇွန်လ၂၉ရက်မှာ သတ်မှတ်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီပြဋ္ဌာန်းချက်ထဲမှာ တစ်နာရီကို ကျပ် ၄၅ဝ နှုန်းနဲ့ အလုပ်ချိန် ၈နာရီအတွက် တရက်ကို ကျပ် (၃၆ဝဝ) ပေးရမယ်လို့ သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း နေရာဒေသနဲ့ လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ အလုပ်သမားတွေအားလုံးကို ပေးချေရမယ်လို့ ဖော်ပြထားပါတယ်။ 

အဲဒီ သတ်မှတ်ချက်ထဲမှာ အလုပ်သမား ၁၅ ယောက်ထက် နည်းတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တနိုင်တပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း ဝန်ကြီးဌာနက ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါ့အပြင် အနည်းဆုံးလုပ်ခလစာကို ပုံသေမသတ်မှတ်ဘဲ မြင့်တက်လာမယ့်ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့ (၂) နှစ်ကို တကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ကိုလည်း ဥပဒေမှာရေးဆွဲပြဋ္ဌာန်းထားပါတယ်။ 

ဒါ့ကြောင့် (၂၀၁၈) ခုနှစ်မှာ တော့အနည်းဆုံး လုပ်ခလစာနှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး အလုပ်ချိန်(၈) နာရီ တရက် အတွက် လုပ်အားခကို ကျပ် ၃၆၀၀ ကနေ ကျပ် ၄၈၀၀ ကို တိုးမြှင့်ခဲ့ပါတယ်။ 

လက်ရှိမှာလည်း တတိယအကြိမ် မြောက် ပြင်ဆင်သတ်မှတ်ရမယ့်အချိန်ဟာ ကျော်လွန်နေပြီ ဖြစ်ပါတယ်။ 

ဒါ့ကြောင့်လည်း တတိယအကြိမ်မြောက် ပြန်လည်ပြင်ဆင်ရာမှာတော့ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့အညီ ကျပ်ခုနှစ်ထောင်ကနေ တစ်သောင်းကြား တိုးပေးဖို့ အလုပ်သမားတွေက မျှော်လင့်ခဲ့ကြတာပါ။ 

လက်ရှိချိန်မှာတော့ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကြောင့် အလုပ်သမားထုရဲ့ မျှော်လင့်ချက် ပျောက်ကွယ်ခဲ့ပြီဖြစ်ပါတယ်။

“တိုးပေးတော့ တစ်ထောင်လောက် တိုးတယ်။ နောက်ပြီး အပိုထောက်ပံ့ကြေးလို့ ပါနေတော့ အချိန်ပိုကြေးတွေ တိုးဖို့က မရှိဘူးလား။ ဒီလကုန် လစာထုတ်မှာကို အရမ်းသိချင်နေတယ်။ အချိန်ပိုကြေးတွေပါ တိုးပေးတဲ့နှုန်းနဲ့ ပေးပါ့မလား စိတ်ပူတယ်”လို့ အထည်ချုပ်အလုပ်သမားတစ်ဦးက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အပိုထောက်ပံ့ကြေးတိုးပေးဖို့ မထုတ်ပြန်ခင်ကတည်းက စက်ရုံတစ်ချို့မှာ အနည်းဆုံး အခကြေးငွေနှုန်းထားကို (၅၆၀၀) ကနေ (၆၀၀၀) ကျော်အထိ တိုးပေးနေတာတွေလည်း ရှိပါတယ်။ 

ဒီအခြေအနေ မှာတော့ အချိန်ပိုလုပ်အားခကို ၄၈၀၀ကျပ်နဲ့တွက်ချက်ပြီး ပေးချေနေတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ဝန်ကြီးဌာနက “အပိုထောက်ပံ့ကြေး”ဆိုတဲ့ စကားရပ်ကို သုံးစွဲပြီး တစ်ရက် (၈) နာရီ အလုပ်ချိန် အတွက် ကျပ်တစ်ထောင်သာ တိုးပေးတာဟာ အလုပ်ရှင်တွေနဲ့ ကြိုတင်တိုင်ပင်ထားသလားဆိုတာ မေးခွန်းထုတ် စရာ ဖြစ်နေပါတယ်။

“စက်ရုံတွေက ကြိုတိုးပေးနေတဲ့နှုန်းထားထက်ကို ဝန်ကြီးဌာနက တိုးပေးခိုင်းတဲ့ပမာဏာက ပိုနည်းနေတော့ ဘယ်သူကို အားကိုးရမလဲ မသိတော့ဘူး။ စက်ရုံတွေမှာ တိုးပေးတဲ့နှုန်းထားနဲ့ ဝန်ကြီးဌာနက ထုတ်ပြန်တာက အတူတူလောက် ဖြစ်နေတော့ ကြိုပြီးများ တိုင်ပင်ထားသလားလို့တောင် ထင်မိတယ်” လို့ အခြေခံစက်ရုံ သမဂ္ဂ အဖွဲ့ဝင်ဟောင်း ကိုထွန်းထွန်းက ပြောပါတယ်။

အနည်းဆုံးအခကြေးငွေနှုန်းထား ပြန်လည်ပြင်ဆင်ရာမှာ ခေတ်နဲ့လျော်ညီတဲ့နှုန်းထားတစ်ခုဖြစ်စေရေး ပြန်လည်  သုံးသပ်ဖို့ ဥပဒေမှာထည့်သွင်းပြဌာန်းထားပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဒီအချက်က အသက် ဝင်မှု မရှိတော့ပါဘူး။

စစ်အာဏာမသိမ်းခင်က ဒုတိယအကြိမ်မြောက် အနည်းဆုံးအခကြေးငွေနှုန်းထား ပြန်လည်ပြင်ဆင်ရာမှာ အလုပ်သမားတွေရဲ့ နေ့စဉ်ကုန်ကျစရိတ်တွေကို စစ်တမ်းကောက်ယူတာ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စား လှယ်တွေနဲ့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေ စုပေါင်းပြီး ဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ပြီး ပြန်လည်ပြင် ဆင်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ဒီအခြေအနေဟာ အသက်ဝင်မှု မရှိတော့ဘဲ အလုပ်ရှင်တွေရဲ့ သဘော ထားကို ဦးစားပေးတဲ့ နှုန်းထားတစ်ခု သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

“အရင်တုန်းကဆို အဆိုပြုနှုန်းတွေ အရင်ထွက်တယ်။ ဒီနှုန်းထားအတိုင်း မဖြစ်မနေပေးချေဖို့ ဖိအားပေးတယ်။ အခုကျ အပိုထောက်ပံ့ကြေးဆိုတဲ့ အသုံးအနှုန်းတွေပါ ပါနေတော့ ဥပဒေအတိုင်း ပြင်ဆင်တာမဟုတ်ဘဲ စေတနာ ထားလို့ အပိုထောက်ပံ့ကြေး ပေးသလို ဖြစ်နေတယ်။ တကယ်ဆို အပိုထောက်ပံ့ကြေးဆိုတဲ့ စကားရပ်က မလိုပါ ဘူး” လို့ ကိုထွန်းထွန်းက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားထုအတွက် ပြဌာန်းထားတဲ့ ဥပဒေပါ အခွင့်အရေးတွေကို မျက်ကွယ်ပြုခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ခွင့်ရက်တွေ၊ အချိန်ပိုအလုပ်ချိန်တွေနဲ့ ခေတ်နဲ့အညီ ရပိုင်ခွင့်ရှိတဲ့ လုပ်ခလစာနှုန်းထားတွေအားလုံးဟာ အခုချိန်မှာတော့ အလုပ်ရှင်အပေါ်မှာပဲမူတည်တဲ့ ခံစားခွင့်တွေဖြစ်နေပါတယ်။

နေ့စဉ်ကုန်ကျနေတဲ့ ဆန်၊ ဆီ၊ ကန်စွန်းရွက်၊ ကြက်ဥ၊ အသား၊ငါး စတာတွေရဲ့ ဈေးနှုန်းတွေက သိသိသာသာ တက်လာပေမယ့် ပြည်တွင်းအလုပ်သမားတစ်ဦးရဲ့ လုပ်ခလစာကတော့ လုံလောက်တဲ့နှုန်းထား ရှိမနေပါဘူး။

"ကန်စွန်းရွက် တစ်စည်း ၁၀၀၀ နှစ်ခါခွဲကြော်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဘာဝယ်ဝယ် အသီးအရွက်ကအစ  ၂၀၀၀ ကနေ ၃၀၀၀ ဖိုး လောက်မှ တနပ်စာရတယ်။ လုပ်ခက တနေ့ ၄၈၀၀ အပိုထောက်ပံ့ကြေး ၁၀၀၀ က ဘယ်လိုမှ အထောက်အကူမဖြစ်ဘူး" လို့ စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

တတိယအကြိမ်မြောက် အနည်းဆုံးအခကြေးငွေနှုန်းထား ပြန်လည်ပြင်ဆင်ရာမှာလည်း မြင့်တက်နေတဲ့ လူနေမှုစရိတ်တွေကို ဝန်ကြီးဌာနက စစ်တမ်းကောက်ယူတာမရှိသလို ထည့်သွင်းစဉ်းစားပုံလည်း  မရပါဘူး။ 

ကုန်ဈေးနှုန်းကြောင့် မွန်းကျပ်နေရတဲ့ အခြေခံအလုပ်သမားတွေရဲ့ဘဝတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပေမယ့် လက်တွေ့မှာတော့ မျက်ကွယ်ပြုခံရတာပဲ ဖြစ်နေပါတယ်။ 

အခုချိန် မှာ သာမန်အလုပ်သမားတစ်ယောက်ရဲ့ လစာငွေပမာဏနဲ့ တစ်လစာ လောက်ငှအောင် ခြိုးခြံသုံးစွဲနေရပြီး ပြည်တွင်း နေထိုင်သူ အခြေခံပြည်သူလူထုရဲ့  စားဝတ်နေရေး အငတ်ဘေး ဆိုက်လုနီးပါး  အကျပ်အတည်းက ပိုမိုမြင့်တက်လာနေတာလည်းဖြစ်ပါတယ်။ 


#MyanmarLabourNews 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026