NEWS

အထည်စံချိန်အဆမတန်ချုပ်ခိုင်းပြီး မရပါက ဥပဒေမဲ့အလုပ်ထုတ်နေ

CoverLogo
917 Views

အလုပ်သမား ၅၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေတဲ့ W&F MYANMAR  အမည်ပြောင်း WANXIN MYANMAR  အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို အထည်စံချိန်တွေအလွန်အကျွံတောင်းခံပြီး  တောင်းတဲ့စံချိန်မရပါက အလုပ်ကနေ ဥပဒေမဲ့ထုတ်ပယ်တဲ့နည်းနဲ့ လူအင်အားလျော့ချနေပြီး လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကျူးလွန်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ အနော်ရထာလမ်းမကြီးပေါ်မှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး Sinsay၊ CUH စတဲ့အမှတ်တံဆိပ် ဂျာကင်အထည် တွေချုပ်လုပ်နေတာလို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့လည်းသိရပါတယ်။

အဆိုပါစက်ရုံလုပ်ငန်းဟာ ၂၀၂၃ မတ်လ ၆ ရက်မှာ လုပ်ငန်းစတင်လည်ပတ်ခဲ့တာဖြစ်ပြီး လုပ်ငန်းတစ်နှစ်ပြည့်ချိန်မှာ  လိုင်စင်ကိစ္စကြောင့် နာမည်ပြောင်းသည်ဟုဆိုကာ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အောစူပါ စူပါ လုပ်သားများကို အလုပ်ရှင်မှ အစည်းအဝေးခေါ်ပြီး လက်ထောက် (လက်ရှိအလုပ်ရှင်) ဆိုသူကိုမိတ်ဆက်ပေးခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"ပထမသူဌေးကတော့ ဒါက သူဌေးပြောင်းတာမဟုတ်ဘူး လက်ထောက်ဆိုပြီး ပြောတယ် ဒါပေမဲ့ ပိုင်ရှင်ပြောင်းသွားတာကို တရုံလုံးကသိထားတယ်  အလုပ်သမားတွေကလည်း စားဝတ်နေရေးနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကိုယ့်အလုပ်ပဲ တာဝန်ကျေအောင် ဆက်လုပ်နေကြတာ အဲ့လအထိ အဆင်ပြေနေသေးတယ် ဖေဖော်ဝါရီလစာလည်း ထုတ်ပြီးရော နောက်သူဌေးက အောစူပါ စူပါ လီတာ စာရေးမတွေကို လစာလျှော့မယ်ဆိုပြီး ပြောပါတယ် အရင်သူဌေးနဲ့လဲ ဘာမှမဆိုင်တော့ဘူး လို့ ပြောတယ်"လို့ အလုပ်သမားကရှင်းပြပါတယ်။

လုပ်ငန်းပိုင်ရှင် အပြောင်းအလဲဖြစ်သွားပြီဟုဆိုကာ အောစူပါ စူပါ စတဲ့ ကြီးကြပ်ရေးအလုပ်သမားတွေကို ဒေးကြေး စနစ်မှ တစ်ကတ်ကြေးစနစ်ပြောင်းလဲ မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာပဲ ယခင်စက်ရုံမှူးနဲ့ စက်လိုင်းဆရာတွေကို စတင်အလုပ်ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

"ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာပဲ အရင် စက်ရုံမှူးနဲ့ စက်လိုင်းဆရာကို အလုပ်ကစထုတ်တယ် အရင်စက်ရုံမှူးကျတော့ အလုပ်လုပ်ရတာအဆင်ပြေတယ်လေ စက်ရုံမှူးကို အလုပ်ထုတ်လည်းပြီးရော အောစူပါ စူပါ လီတာတွေကို မဖြစ်နိုင်တဲ့ စံချိန်တွေတောင်းခိုင်းတယ် အလုပ်ရှင်တောင်းခိုင်းတဲ့ အထည်စံချိန်တွေမရရင် ရာထူးချပြီး စက်ချုပ်ခိုင်းတယ် အလုပ်ထုတ်တာတွေလုပ်တယ် ရုံးတွေဘာတွေတိုင်ဖို့လဲ တွေးတောင်မတွေးရဲဘူးလေ အလုပ်သမားကမှန်နေရင်တောင် ရုံးရောက်မှ အမှားဖြစ်သွားတာတွေရှိဖူးတော့ တိုင်လဲမထူးဘူးဆိုပြီးမတိုင်ကြဘူး"လို့ အလုပ်သမားကရှင်းပြပါတယ်။

ယင်းကဲ့သို့ အထည်စံချိန်အဆမတန်တောင်းခံမှုကြောင့် ရာထူးချခံရပြီး အလုပ်မှနှုတ်ထွက်သွားခြင်း စက်လိုင်းခေါင်းဆောင်ပိုင်းတချို့ကို အလုပ်မှထုတ်ပယ်ခြင်းများ ပြုလုပ်ပြီးနောက်ပိုင်းမှာ စက်လိုင်းမန်နေဂျာမှ အထည်စံချိန်မရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ စက်လိုင်း ၅၊ ၆၊ ၈၊ ၉ စတဲ့ စက်လိုင်း ၄ လိုင်းကို အလုပ်ထုတ်နစ်နာကြေး‌မပေးဘဲ အလုပ်မှထုတ်ပယ်ခဲ့တာဖြစ်လို့ နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

"မတ်လ ၅ ရက်နေ့မှာ လစာထုတ်တော့ အလုပ်သမားတွေရဲ့ လစာထဲက ၁ သိန်းကနေ ၂ သောင်းအထိ လျှော့ထားတယ် စက်လိုင်းတလိုင်းကို အလုပ်ထုတ်လိုက်ရင် နောက်အလုပ်ရှင်ဘက်က ပါလာတဲ့ စက်လိုင်းကို အစားထိုးလိုက်တယ် နောက်လာတဲ့သူဌေးက ပထမ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအပေါ် ပညာသားပါပါနဲ့ အလုပ်ထုတ်ပစ်နေတာ လုပ်ငန်းလည်ပတ်တာ ၁ နှစ်ရှိနေပြီဆို‌တော့ ခံစားခွင့်တွေပေးရမှာကို အရင်ရှိနေတဲ့ အောစူပါ စူပါ လီတာနဲ့ အလုပ်သမားတွေ အလုပ်ထွက်သွားအောင် မရနိုင်တဲ့စံချိန်တွေတောင်းခိုင်းတယ် မရရင် ဖိအားပေးပြီးရာထူးချပစ်တယ်"လို့ အလုပ်သမားကရှင်းပြပါတယ်။

စက်လိုင်းများကို ဖိအားပေးခိုင်းစေရာမှာ တလိုင်းလျင် အကူအပါ အလုပ်သမား ၃၁ ဦးကို တစ်နာရီလျှင် ဝယ်လွန်သားဂျာကင် အထည် ၂၀ ထိ သတ်မှတ်တောင်းခံပြီး အဆိုပါ စတိုင်တွေဟာ အကူလုပ်သားအပါ တလိုင်းလျင် အလုပ်သမား ၅၀ နဲ့ ချုပ်လုပ်နေရတဲ့ အထည်တွေဖြစ်လို့ အလုပ်ရှင်ဘက်ကတောင်းခံတဲ့စံချိန်ပြည့်မီရန် ခက်ခဲလို့ စံချိန်မရခြင်းကို အကြောင်းပြကာ အလုပ်ကနေ ဥပဒေမဲ့ ထုတ်ပယ်နေတာလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ယင်းကဲ့သို့ အလုပ်ရှင်ဘက်မှတောင်းခံသော အထည်အရေအတွက် ချုပ်လုပ်မပေးနိုင်ပါက ညနေ ၄ နာရီ ၃၀ မှာပဲ အလုပ်ကပြန်လွှတ်ပြီး ဖယ်ရီမပေးဘဲ ပြန်လွှတ်တာကြောင့် ကိုယ့်စရိတ်နဲ့ ကိုယ်ပြန်နေရတာလို့ အလုပ်သမားကပြောပါတယ်။

"အခုက ဘယ်လိုတွေတောင်ချိုးဖောက်နေသလဲဆိုရင် အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေကို ခေါ်ခိုင်းတယ် လုပ်ငန်းခွင်ထဲ ဆေးပေးခန်းလဲမရှိဘူး အလုပ်လုပ်နေရင်း မတော်တဆထိခိုက်တာဖြစ်ရင် ဘာမှ တာဝန်ယူတာမရှိဘူး အလုပ်သမားတွေသုံးတဲ့ သန့်စင်ခန်းတွေဆိုတာလည်း မသန့်ဘူးပေါ့နော် ပြုပြင်ပေးတာမလုပ်ပေးဘူး ပြီးရင် လုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် လူမှုဖူလုံရေးဆေးခွင့်တွေလည်း မပေးလို့ အလုပ်သမားတွေအများကြီးနစ်နာနေရပါတယ်"လို့ အဆိုပါ စက်ရုံအလုပ်သမားကပြောပါတယ်။

"အခုနောက်ရောက်လာတဲ့ သူဌေးက အလည်ရွာ မီးသတ်အဝိုင်းနားက all trust MYANMAR စက်ရုံက ပြောင်းလာတာ အလုပ်သမားတွေရောပါတယ် စက်ရုံကို W&F(ခ)jockeymyanmar အမည်ကနေWANXIN Myanmar အမည် ပြောင်းပြီး တစ်လရှိပြီ အလုပ်သမားတွေ နစ်နာကြေး မရဘဲ အလုပ်ထုတ်ခံနေရပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လက်ရှိလုပ်ငန်းခွင်ထဲမှာ ကြီးကြပ်ရေးလုပ်သားတွေကို ရာထူးလျှော့ချကာ ခိုင်းစေတာ ဥပဒေမဲ့ အလုပ်မှထုတ်ပယ်နေတာတွေ ပြုလုပ်နေပြီး အခက်အခဲတွေကြုံတွေ့နေရတာကြောင့် ကူကယ်ရာမဲ့နေတယ်လို့  အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ ခံစားခွင့်ရှိသော ခွင့်ခံစားခွင့်များပေးဖို့ ယခင် အလုပ်သမားတွေကို ဖိအားပေးပြီး ဥပ‌ဒေမဲ့ အလုပ်ထုတ်ခြင်းမပြုဖို့ အလုပ်သမားတွေရဲ့ ‌သဘောတူညီမှုမရှိဘဲ ဖြတ်တောက်ထားသော ပိုက်ဆံများ ကျွမ်းကျင်ကြေးကို ပြန်ထည့်ပေးဖို့ လုပ်ငန်းခွင်အတွင်း ဆေးပေးခန်းထားရှိပေးဖို့ အထည်စံချိန်ကို အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ စံချိန်ကိုသာ တောင်းခံဖို့ စတဲ့အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026