NEWS

အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ

CoverLogo
28 Views
 
အာဏာသိမ်းစစ်တပ်လက်အောက် ၅ နှစ်ကျော်ကာလအတွင်း အလုပ်သမားတွေဟာ စီးပွားရေးကျ ဆင်းပြီး အလုပ်အကိုင်ရှားပါးမှုဒဏ်၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ဝင်ငွေ နဲ့ အသုံးစရိတ်မလောက်ငမှု အစရှိတဲ့ အထွေထွေ အကျပ်အတည်းတွေရင်ဆိုင်နေရချိန် ဒုစရိုက်ဂိုဏ်းတွေ နဲ့ ရာဇဝတ်ကောင်တွေအတွက်ကတော့ အခွင့်အလမ်းတွေဖြစ်လို့ နေပါတယ်။
 
ကျားဖြန့် ကဲ့သို့ နှိပ်စက်ညှင်းပန်းပြီး အတင်းအဓမ္မ ငွေကြေးလိမ်လည်ခိုင်းတာ၊ ပြည့်တန်ဆာ အဖြစ် လူကုန်ကူးရောင်းစားခံရတာတွေအပြင် မြန်မာငွေ ကျပ်သိန်းရာနဲ့ချီ ရမည်ဆိုကာ တရုတ်နိုင်ငံသားတွေ အတွက် အငှားဇနီးအဖြစ် လုပ်ကိုင်ဖို့ စည်းရုံးသိမ်းသွင်းမှုတွေဟာ ပေါ်ပေါ်ထင်ထင်ကို ကျယ်ပြန့် လာနေပါတယ်။
 
အရင်ကဆိုရင် အခကြေးငွေပေးပြီး (၎င်းတို့အဆိုအရ တင်တောင်းငွေ) တရုတ်အငှားဇနီး အဖြစ် လုပ် ကိုင်ဖို့ တရုတ်-မြန်မာနယ်စပ်အနီးရှိ တိုင်းရင်းသားဒေသတွေက အမျိုးသမီးငယ်တွေကို အဓိကပစ်မှတ် ထားခဲ့ပြီး တစ်တော့(Tik Tok) ကဲ့သို့ ဆိုရှယ်မီဒီယာတွေကသာ သွေးဆောင်စည်းရုံးတာတွေရှိခဲ့တာပါ။
 
အခုကတော့ တရုတ်နိုင်ငံသားတချို့ နဲ့ လူကုန်ကူးသူတွေဟာ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ် ကိုင်နေသော အမျိုးသမီးတွေကို လုပ်ငန်းခွင်အထဲအထိ လိင်ကျွန်ထုတ်ကုန်တွေလို သဘောထားပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူလာနေတဲ့ အဆင့်ကို ရောက်လာနေပါတယ်။
 
“ တရုတ်တွေက သူတို့ကြိုက်တယ်ဆိုတဲ့ အလုပ်သမားအမျိုးသမီးရှေ့မှာ ဝင်ထိုင်ပြီး သူတို့ ကမ်းလှမ်းတာကို သဘောမတူမချင်း အလုပ်လုပ်နေ့တဲ့ တနေ့ကုန် အဲဒီအမျိုးသမီးကို ထိုင်ကြည့်နေတာ” ဟု ထိုအခြေအနေကို မျက်မြင်ကြုံတွေ့ရတဲ့ Jafon စက်ရုံက အမျိုးသမီးတစ်ဦးက Myanmar Labour News ကို ရင်ဖွင့်ပါတယ်။
 
Jafon (ဂျက်ပွန် လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်)စက်ရုံဆိုတာက တရုတ်နိုင်ငံသားပိုင် စက်ရုံတစ်ခု ဖြစ်ပြီး ပဲခူးတိုင်း၊ ပဲခူးစက်မှုဇုန်ရှိ မြေကွက် အမှတ် (၃)၊ နာဂဝန်လမ်း၊ ဂရိတ်နံပါတ်ဝန်းအနီး ဖွင့်လှစ်ထား တာဖြစ်ပြီး အလုပ်သမားစုစုပေါင်း (၄၀၀) နီးပါးလုပ်ကိုင်ပါတယ်။
 
အဲဒီစက်ရုံမှာ ကမ္ဘာကျော် အီတလီဇိမ်ခံအမှတ်တံဆိပ် Gucci အပါအဝင် IPSY, GLAM BAG ကဲ့သို့ လက်ကိုင်အိတ်တွေ ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
 
အဲဒီစက်ရုံဟာ Jafon beauty ကုမ္ပဏီလီမီတက် အမည်ဖြင့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန (DICA) တွင် ၂၀၁၉ ခုနှစ်ကတည်းက တရားဝင်မှတ်ပုံတင်ထားပြီး လက်ရှိအချိန်အထိ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း DICA က ကုမ္ပဏီဆိုင်ရာအချက်အလက်တွေကို ကြည့်ရှုခွင့်ကန့်သတ် ထားချက်တွေကြောင့် အဲဒီကုမ္ပဏီဟာ နိုင်ငံခြားသားပိုင်ကုမ္ပဏီတစ်ခုအဖြစ်သာ သိရှိရပြီး ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေဟာ ဘယ်သူတွေလဲဆိုတာကို မသိရှိရပါ။
 
သို့သော်လည်း ဒီကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုကို တင်ပို့နေ လျက်ရှိတယ်လို့ ကုန်သွယ်မှုဆိုင်ရာအချက်အလက်တွေကို ဖော်ပြသော Trademo ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ စက်တင်ဘာလအထိ ပြည်ပတင်ပို့မှု ၉၁ ကြိမ်အထိ ရှိပြီး တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၆.၈၉ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။
 
အဲဒီလို စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို စက်ရုံတာဝန်ရှိသူတွေက ၎င်းတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို လုပ်ငန်းခွင်ထဲ ခေါ်လာပြီး ထိုသို့ တရုတ်အငှားဇနီး အဖြစ် ရွေးချယ်ကမ်းလှမ်းမှုကို ခွင့်ပြုနေတာဖြစ်တယ်လို့ အလုပ်သမားအမျိုးသမီးက ပြောပြပါတယ်။
 
အဲဒီလို လုပ်ဆောင်တာက ၁ ကြိမ် ၁ တစ်ခါမကတော့ဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ နဲ့ အခု ဖေဖော်ဝါရီလထဲမှာ ဆိုရင် ၄ ကြိမ် အထိရှိလာတယ်လို့ သူက ဆိုပါတယ်။
 
“ အခုလို စက်ရုံရဲ့ အပြုအမူက အလုပ်လုပ်နေတဲ့ ကျမတို့ အမျိုးသမီးအလုပ်သမားတွေအတွက် ကြောက်ရွံ့၊ ရှက်ရွံ့တာတွေ ခံစားရစေတယ်” ဟု ထိုအလုပ်သမားအမျိုးသမီးက သူရဲ့စိတ်မလုံခြုံ ဖြစ်မှုကို ပြောပြပါတယ်။
ဒါ့အပြင် စက်ရုံဘက်က ကျမတို့ အမျိုးသမီးအလုပ်သမားတွေကို ပွဲခင်းထဲမှာ ခင်းပြထားတဲ့ ရောင်းကုန် တွေလို သဘောထားဆက်ဆံတာလို့ သူက ဆက်ပြောပါတယ်။
 
စက်ရုံဘက်က အဲဒီလို ခွင့်ပြုပေးတာတွေအပြင် စက်ရုံမှာ တာဝန်ရှိတဲ့ ကြီးကြပ်သူတွေကပါ ထိုကိစ္စ တွေအတွက် အောင်သွယ်ခ (သို့မဟုတ်) ပွဲစားခ သဘောမျိုးရယူကာ အမျိုးသမီးငယ်တွေကို မဟုတ် မမှန်တဲ့ စကားတွေ နဲ့ သွေးဆောင်ပြောဆိုမှုတွေလည်း လုပ်ဆောင်ပါသေးတယ်။
 
အဲဒီသူတွေက အမျိုးသမီးအလုပ်သမားတွေကို “ တင်တောင်းငွေက နည်းတာမဟုတ်ဘူး၊ သူများတွေ ဂရုစိုက်စရာ မလိုဘူး၊ ကိုယ်ငတ်နေရင် ဘယ်သူမှ ကျွေးတာမဟုတ်ဘူး၊ ဂရုစိုက်စရာမလိုဘူး ။” ဆိုပြီး တရုတ်တွေကို လက်ခံဖို့ စည်းရုံးပြီး အောင်သွယ်ကြပါတယ်။
 
အလုပ်တည်မြဲရေး အပါအဝင် အခြားသော ဖိအားပေးမှုများကြောင့် အမျိုးသမီးအလုပ်သမားတွေဟာ ဒီကိစ္စတွေကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြပါဘူး။
 
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကို ကူညီဆောင်ရွက်ပေးနေသော အလုပ်သမားအဖွဲ့ အစည်းတွေကတော့ ဒီကိစ္စဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ရုံတင်မကာဘဲ ရာဇဝတ်မှုကျူးလွန် တာ ဖြစ်တယ်လို့ Myanmar Labour News ကို ပြောပါတယ်။
 
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အလုပ်သမားတွေဟာ အခွင့်အရေးချိုး ဖောက်ခံနေမှု သာမ က ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေကိုပါ ဘာမျှ ရရှိမှုမရှိတော့တဲ့ အခြေအနေဖြစ်ကြောင်း၊ ဥပဒေအပါ အကာကွယ်တွေလည်း ဆုံးရှုံးနေကြရကြတဲ့ အပြင် အလုပ်ရှင်တွေ နဲ့ အာဏာပိုင်တွေဟာ ၎င်းတို့ ကုန်ထုတ်လုပ်မှု များများရရေးကိုသာ ဦးစားပေးနေကြတယ်လို့ ဆိုကြပါတယ်။
 
အခုလို လုပ်ရပ်ဟာ လူကုန်ကူးမှု မြောက်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ပြောဆိုပါတယ်။
 
“ ဒီကိစ္စကို ကျမတို့ဘက်က ဘယ်လိုမှ လက်ခံပေးလို့မရဘူး၊ တရားဝင်ထွက်ပြီး ပြောသင့်တယ် အလုပ်သမားတွေအနေနဲ့ ငြိမ်ခံနေမသင့်ဘူး ” ဟု သူက ဆိုပါတယ်။
 
အဲဒီလို လုပ်ရပ်မျိုးဟာ အလုပ်သမားဥပဒေနဲ့ ဖြေရှင်းတာထက် ပိုပြီးထိရောက်သော ရာဇဝတ် ကြောင်းအရပါ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
 
“ စက်ရုံမှူးတို့ စက်ရုံပိုင်ရှင်တို့ကိုပါ အရေးယူရမှာဖြစ်တယ်၊ ဒါက သူတို့တွေကပါ အလိုတူအလိုပါလို့ ဖြစ်တဲ့ ကိစ္စဖြစ်တယ် ” ဟု သူက ဆိုပါတယ်။
 
ဒါ့အပြင် အဲဒီစက်ရုံမှာ ရှိနေတဲ့ အမျိုးသမီးအလုပ်သမားအနေနဲ့ ဒီကိစ္စကို တရားဝင်တိုင်တန်းကြရန် လိုအပ်ကြောင်း၊ အကူအညီလိုအပ်ပါက STUM ဘက်က အစအဆုံး ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
ယခုဆောင်းပါးနဲ့ ပတ်သက်ပြီး Myanmar Labour News က Jafon beauty ကုမ္ပဏီဘက်ကို ဖုန်းဖြင့် ဆက်သွယ်ဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်တွင်လည်း ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်က စက်ရုံ တချို့တွင်လည်း ထိုသို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သေးတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂ များအဖွဲ့ချုပ် (FGWM)ရဲ့ ပြောရေးဆိုခွင့်ရှိသူ မအိ ကလည်း ပြောပါတယ်။
 
ဒီလုပ်ရပ်တွေက လူကုန်ကူးမှု မြောက်တယ် လို့ သူက ဆက်ပြောပါတယ်။ တရုတ်အငှားဇနီးအဖြစ် လူကုန်ကူးသူတွေက ဆင်းရဲနွမ်းပါးတဲ့ အလုပ်သမားမိသားစုတွေကို သားကောင် အဖြစ် အဓိက ရှာဖွေကြတယ်လို့ မအိက ဆိုပါတယ်။
 
“ ထိမ်းမြှားလက်ထပ်မယ်ဆိုပြီးတော့ တင်တောင်းငွေ နည်းနည်းပါးပါးပေးတယ်။ ပြီးရင် သူတို့ တရုတ် နိုင်ငံမှာ မင်္ဂလာဆောင်မယ်ဆိုပြီး ခေါ်ပြီးရင် အဆက်အသွယ်ဖြတ်တောက်လိုက်ကြတယ်” ဟု သူက ဆက်ပြောပါတယ်။
စစ်ကော်မရှင်ကလည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတွင် တရုတ်အငှားဇနီးအဖြစ် မြန်မာအမျိုးသမီးငယ်တွေကို စည်းရုံးသိမ်းသွင်းပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချဖို့ စီစဉ်ခဲ့တဲ့ လူ ၉ ဦးခန့်ကို ဖမ်းဆီးကာ လူကုန်း ကူးမှုဖြင့် အလုပ် နဲ့ ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိ ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
တရုတ်အငှားဇနီးလုပ်ဖို့ စည်းရုံးခံရသူတွေဟာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ကွတ်ခိုင် နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ စစ်ကိုင်း ၊ မကွေး အပါအဝင် တိုင်းနဲ့ ပြည်နယ် တချို့က ဖြစ်တယ်လို့ ဆိုပါတယ်။
 
အဲဒီအမှုတွေရဲ့ အချက်အလက်အရ တရုတ်နိုင်ငံသို့ တစ်နှစ်သွားရောက်နေထိုင်၍ အငှားဇနီး လုပ်ကိုင် ပါက ယွမ် ၁၀၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၆၀ ကျော်) ပေးမည်ဟု သိရပါတယ်။ တချို့လူကုန်ကူးသူတွေဟာ တရုတ်ယွမ် ၅ သောင်း (မြန်မာကာလပေါက်စျေး ကျပ်သိန်း ၂၈၀ နီးပါး) မက်လုံးပေး၍ စည်းရုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
 
အခု ဒီအခြေအနေတွေဟာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှု၊ အကျင့်ပျက်ခြ စားမှု၊ တရားဥပဒေစိုးမိုးမှု အားနည်းမှုတွေကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။
 
ဒါ့အပြင် မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကြား တရားစီရင်ရေးယန္တရားတွေဟာ ကြန့်ကြာမှု နဲ့ သမာတမတ်မရှိတာတွေကြောင့်လည်း နစ်နာသူတွေဟာ ထုတ်ဖော်ပြောဆိုဖို့ မဝံ့ရဲဖြစ်နေကြသလို ကျူးလွန်သူတွေဟာလည်း ထပ်ကာထပ်ကာ ကျူးလွန်ဖို့ ရဲတင်းလာနေကြပါတယ်။
 
ဒီအကျိုးဆက်တွေကြောင့်ပဲ တည်ဆဲအလုပ်သမားဥပဒေတွေနဲ့ အကာအကွယ်ရသင့်တဲ့ ထိခိုက်လွယ်ပြီး ဝင်ငွေနည်းပါးသော အမျိုးသမီးအလုပ်သမားတွေ အပြင် မြန်မာအမျိုးသမီးတွေအတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး နဲ့ ဘ၀လုံခြုံရေးတို့အတွက်ပါ အလွန်စိုးရိမ်ဖွယ်ရာဖြစ်နေမှုတာကို အခုဖြစ်ရပ်တွေ က မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။
 
ပုံ(၂) - DICA တွင် ဖော်ပြထားသော Jafon beauty ကုမ္ပဏီ အချက်အလက်များ
ပုံ(၃) - Trademo ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများ
ပုံ(၄)- (၅) Jafon (ဂျက်ပွန် လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်)စက်ရုံလုပ်ငန်းခွင်အတွင်းတွေ့ရသော အမျိုးသမီးအလုပ်သမားများ
 

Related posts

Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026