မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှုကြောင့် ပြည်တွင်းအလုပ်အကိုင် ရှားပါးလာပြီး ကုန်ဈေးနှုန်း မြင့်တက်မှုတွေဖြစ်ပေါ်နေပါတယ်။ စက်ရုံအလုပ်ရုံကအလုပ်သမားတွေဟာ အနိမ့်ဆုံးလုပ်ခလစာတိုးမြင့်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်လာခဲ့ရာက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထောက်ပံ့ကြေးအဖြစ် ကျပ်တစ်ထောင်တိုးမြင့်လိုက်ပါတယ်။
အဲဒီတိုးမြှင့်လိုက်တဲ့ပမာဏဟာ အလုပ်သမားတွေအတွက် သိသိသာသာ ပြောင်းလဲ သွားတာမရှိသလို အလုပ်ရှင်တွေရဲ့ ကုန်ကျစရိတ်လျှော့ချမှုတွေကြောင့် အလုပ်သမားတွေဟာ အနည်းဆုံးလုပ်ခအပြင် အခြားခံစားခွင့်တွေရရှိခြင်းမရှိဘဲ လုပ်ကိုင်နေရတာပါ။ လက်ရှိမှာတော့ ပြည်တွင်းမှာ လုပ်သားဦးရေ ၅ သိန်းကျော်ကိုအလုပ်ကိုင်ပေးထားနိုင်တယ်ဆိုတဲ့ အထည်ချုပ်ကဏ္ဍမှာတော့ အလုပ်သမားအခွင့်အရေးမပေးလိုမှုတွေကြောင့် နေ့စားအလုပ်သမားတွေအဖြစ်ပိုမိုခန့်ထားလာတယ်လို့ အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေနဲ့ အလုပ်သမားတွေကပြောပါတယ်။
"ဟုတ်ပါတယ် ကျွန်တော်တို့စက်ရုံမှာ အလုပ်သမား ၁၀၀၀ မှာ ၅၀၀ ကနေ့စားတွေပါ"လို့ သာဓုကန်စက်မှုဇုန် အထည်ချုပ် လုပ်သားတစ်ဦးကပြောဆိုပါတယ်။
“တစ်ချို့နေ့စားတယ်ဆိုတဲ့သဘောသဘာ၀က ကျွမ်းကျင်ကြေးတို့အခြားကြေးတွေမပေးချင်လို့ခန့်လိုက်တယ်။ လုပ်သက်နည်းတဲ့သူတွေအနေနဲ့က မကျေနပ်လို့အလုပ်ရှင်ကိုပြန် ပြောဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲ့တော့မပေးတဲ့အခါကျတော့ ခုချိန်ကအလုပ်အကိုင်ရှားပါးနေတော့ အလုပ်ရပြီးရောဆိုတဲ့ပုံနဲ့ ၀င်ပစ်လိုက်ကြတာ။ နေ့စားတောင်အစားစားရှိတယ်။ တစ်နေ့တစ်ခါရှင်းတာ အပတ်ရှင်းတာ လကုန်ရှင်းတို့ပေါ့။ စက်မှုဇုန်အလုပ်သမားတွေက နေ့စားလရှင်းအများဆုံးပဲ”လို့ အလုပ်သမားရေးဆောင်ရွက်နေသူတစ်ဦးကဆိုပါတယ်။
စက်ရုံအလုပ်ရုံအများစုကလုပ်ငန်းရှင်တွေအနေနဲ့ နေ့စား၀န်ထမ်းလို့ခေါင်းစဉ်တပ်ကာ လကုန်မှရှင်းပေးပေမဲ့ အစိုးရရုံးပိတ်ရက်မှာလုပ်ခလစာမရရှိခြင်း၊ ဥပဒေမှာ တနင်္ဂနွေ ပိတ်ရက်အတွက်ပါပေး ချေရမယ်လို့ပြောထားပေမဲ့ စက်ရုံအများစုကမပေးကြတဲ့အတွက် အခွင့်အရေးဆုံးရှုံးရခြင်း၊ လခစား၀န်ထမ်းများကဲ့သို့ ခွင့်နဲ့လုပ်သက်ခွင့်ခံစားခွင့်မရှိတာအပြင် ရက်မှန်ကြေး၊ ကျွမ်းကြင်ကြေးစတဲ့ ခံစားခွင့်တွေလည်းမရရှိဘဲ အစမ်းခန့်ပုံစံမျိုးပဲထားထားတာကြောင့် ကျွမ်းကျင်လုပ်သားဖြစ်ပေမဲ့ ခံစားခွင့်တွေဆုံးရှုံးနေရတယ်လို့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတစ်ဦးက ဆိုပါတယ်။
အဲ့ဒီလိုနေ့စားလုပ်သားခန့်အပ်မှုတွေပိုမိုများပြားလာတာနဲ့ပတ်သက်ပြီး အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက "ဖြုတ်ချင်တိုင်းဖြုတ်လို့ရအောင်ခန့်လာတာ။ နေ့စားကျတော့ ဒီနေ့ဖြုတ်လည်းဒီနေ့ရတယ်။ မနက်ဖြန်ဖြုတ်လည်း မနက်ဖြန်ရတယ်။အဲ့တာကြောင့် နေ့စားတွေကိုခန့်လာတယ်။ နောက်တစ်ခုက နေ့စားလရှင်းကျတော့ သူတို့ကဒီနေ့ပြုတ်မလား မနက်ဖြန်ပြုတ်မလားမသိတော့ကျ သူတို့အခွင့်အရေးတွေချိုးဖောက်ခံနေရရင်တောင်မှ မပြောတော့ဘူး။ အဲ့တာကြောင့်နေ့စားတွေခိုင်းတာများတယ်။ နောက်တစ်ခုကအလုပ်ကဖြုတ်လိုက်ရင်တောင်မှ နေ့စားဆိုတော့ လျော်ရမှာကနည်းတယ်လေ။ ပါမစ်နစ်ဆိုရင်နှစ်အလိုက်နစ်နာကြေးတွေပေးရတဲ့အခါကျတော့ မပေးချင်ဘူးပေါ့”လို့ ပြည်တွင်းအလုပ်သမားရေးဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။
လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်လည်ပတ်နေပြီး လုပ်သားအင်အား ၅ သိန်းကျော်ကို အလုပ်အကိုင်ဖန်တီးပေးထားပြီး ပြည်တွင်းမှာအလုပ်အကိုင်အများဆုံးပေးနိုင်တဲ့ ကဏ္ဍဖြစ်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းက ကြေညာထားတာပါ။
လက်ရှိမှာ စက်ရုံအလုပ်ရုံတွေမှာခန့်အပ်ထားတဲ့အလုပ်သမားတွေရဲ့ သုံးပုံတစ်ပုံလောက်ဟာ နေ့စား၀န်ထမ်းတွေကိုခန့်အပ်ထားတာဖြစ်ပြီး အလုပ်သမားပြဿနာတစ်စုံတစ်ရာဖြစ်လာပါက တာဝန်ယူ ဖြေရှင်းခြင်းမရှိတော့ဘဲ နေ့စားခန့်ထားတဲ့အလုပ်သမားဖြစ်တာကြောင့် ချက်ခြင်းအလုပ်တွေထုတ်ပစ်လိုက်တာမျိုးတွေလည်း ရှိနေတယ်လို့သိရပါတယ်။
“နေ့စားလရှင့်းဖြစ်တဲ့အတွက် ခံစားခွင့်ရှိရမယ်ဆိုတာကိုထောက်ခံတယ်။ အဲ့တော့ခံစားခွင့်မရှိဘူးလားဆိုရင် ခံစားခွင့်၇ှိတယ်။ မပေးဘူးဆိုတဲ့ကိစ္စကို သိပေမဲ့အလုပ်သမားတွေကမလုပ်ရဲဘူးလေ။ အဲလိုတွေရှိတယ်။ ကျွန်တော်တို့ပြောရရင်နေ့စားနဲ့လစားမတူဘူး။ ခွင့်တောင်မှနေ့စားဆိုမပေးရဘူး။ အဲ့လိုအချက်တွေရှိနေတယ်။ အခွင့်အရေးနည်းတာကိုကြည့်လိုက်တယ်။ နောက်ပြီးတစ်နေ့ကို ငါးထောင်ဖြင့်ခြောက်ထောင်ဖြင့်ခြောက်ထောင်ပေးလိုက်မယ် ပြီးပြီပေါ့။ လစားကတော့ ကျွမ်းကျင်ကြေးတွေရှိမယ်။ ဆုကြေးတွေရက်မှန်ကြေးတွေပေးရတော့ လစားကိုခန့်ဖို့စဉ်းစားသွားကြတာ။ အလုပ်ရှင်တွေအနေနဲ့က မပေးရလောကောင်းလေ အလကားခိုင်းချင်ကြတာ။ လုပ်ခလစာပေးနှုန်းကိုအများကြီးမဖြစ်ရအောင် ချွေတာလာပေါ့။ ဒါပေမဲ့ အဲ့လိုမျိုးလည်းမဖြစ်ရအောင် နေ့စားသမားတွေတနင်္ဂနွေနေ့အတွက်မရတာတွေကို ရအောင်ကူညီဖြေရှင်းပေးနေပါတယ်။ တစ်ချို့အလုပ်သမားတွေဆို ခြောက်လကျော်တစ်နှစ်သမားတွေလည်းရှိနေတယ်။ အဲ့ဒီအလုပ်သမားတွေကို အလုပ်ရှင်တွေကမပေးတော့အခါ စက်ရုံအလုပ်ရုံတွေဖြစ်နေတဲ့အတွက် တနင်္ဂနွေနေ့တွေအတွက် အမှန်တကယ်မပေးခဲ့ဘူးဆိုရင် ပြန်တောင်းပေးပါတယ်”လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။
လက်ရှိ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍကို ရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်ရောက်ထားတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။ လုပ်ငန်းကဏ္ဍအရှိန်အဟုန်နဲ့အားကောင်းနေတယ်လို့ ဖော်ပြထားပေမယ့် လက်ရှိမှာ နေ့စားအလုပ်သမားတွေပိုများလာတာ အလုပ်သမားအခွင့်အရေးမပေးလိုဘဲ အလုပ်သမားတွေရဲ့ လူနေ့မှုဘဝတိုးတက်ရေးအတွက် တစိုးတစိမျှစဉ်းစားထားတာမတွေ့ရဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူက သုံးသပ်ပါတယ်။
လက်ရှိကာလမှာ အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုသော်လည်းကောင်း၊ အချိန်ပိုကြေးမရရှိတာနဲ့ ခွင့်ရက်မရရှိတာတွေစတဲ့အခွင့်အရေးချိုးဖောက်ခံရတာတွေအပေါ် ထုတ်ဖော်ပြောဆိုတာတွေနည်းပါးလာသလို နေ့စားအဖြစ်ခြောက်လကျော်တစ်နှစ်အထိ လုပ်ကိုင်နေရပေမဲ့လည်း ထုတ်ဖော်ပြောဆိုတာတွေနည်းပါးလာတာတွေဟာ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် ရရာအလုပ်ကို၀င်ရောက်လုပ်ကိုင်နေကြရတာဖြစ်တယ်လို့လည်း သိရပါတယ်။