NEWS

အချိန်ပို၊ ခွင့်ခံစားခွင့်၊ အလုပ်ထုတ်ခံမှုများ၊ ဆဲဆိုခံရမှု နှင့် ဩဂုတ်လ  ချိုးဖောက်မှုများ

CoverLogo
1.8K Views

၂၀၂၃ ခုနှစ် ဩဂုတ်လ တလလုံး အလုပ်သမားတွေအပေါ် ချိုးဖောက်မှုတွေ ရှိခဲ့တဲ့ စက်ရုံသတင်း ၂၃ ပုဒ်ကို Myanmar Labour News မှာ ဖော်ပြခဲ့ပါတယ်။ ဒီထဲမှာ New plus အထည်ချုပ် စက်ရုံက သတင်း နှစ်ကြိမ် ဖော်ပြခံရလို့ အလုပ်သမားတွေအပေါ် ချိုးဖောက်ခဲ့တဲ့ စက်ရုံ ၂၂ ရုံရဲ့ သတင်းတွေ ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ် ။ စုစုပေါင်း အလုပ်သမား သတင်း နဲ့ ဆောင်းပါး ၄၂ ပုဒ် ဖော်ပြနိုင်ခဲ့ပြီး ပြည်တွင်း စက်ရုံအလုပ်ရုံတွေရဲ့ သတင်းတွေနဲ့ အတူ ရွှေ့ပြောင်းအလုပ်သမားသတင်းတွေ၊ ပြည်တွင်း အလုပ်သမားတွေ ကုန်ဈေးနှုန်းတွေကြားမှာ ရုန်းကန်နေရတဲ့သတင်းတွေ ၊ ငွေလဲနှုန်းကွားခြားမှုများပေမဲ့ လုပ်ခလစာ တိုးမရတာတွေ စတာတွေကို ရေးသား ဖော်ပြခဲ့ပါတယ်။ 


Mynanmar Labour News အနေနဲ့ လာရောက်အသိပေး တိုင်ကြားမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ၇၀ ရာခိုင်နှုန်း ကြားပဲ သတင်းတွေ ကိုပဲ ဖော်ပြနိုင်ခဲ့တာကိုလည်း အသိပေးလိုပါတယ်။ တိုင်းကြားမှုတွေကို စီစစ်တာ ၊ ပုဂ္ဂိုလ်ဆန်တဲ့ သတင်းတွေနဲ့ မူဝါဒနဲ့ မကိုက်ညီတာတွေနဲ့ တခြားအကြောင်းကြောင့်တွေကြောင့် ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကျော် ကတော့ သတင်းအဖြစ် ဖော်ပြနိုင်တာ မရှိခဲ့ပါဘူး ။  


ဩဂုတ်လအတွင်း သတင်းဖော်ပြခံရတဲ့ စက်ရုံအလုပ်ရုံတွေကတော့ အထည်ချုပ် ၁၇ ရုံ၊ ဖိနပ်ချုပ် စက်ရုံ တရုံ၊ အစားအစာစက်ရုံ (ကြာဆံ) တရုံ၊ ပလပ်စတစ်အိပ်စက်ရုံ တရုံ ၊ ငါးမျှားချိတ် အားကစားပစ္စည်းစက်ရုံ တရုံ သစ်အချောထည် စက်ရုံ တရုံတို့ ဖြစ်ကြပါတယ်။ 

ဩဂုတ်လအတွင်း အလုပ်သမားများအပေါ် ချိုးဖောက်ခဲ့သည့် လုပ်ငန်းအမျိုးအစားပါဝင်မှု
ဩဂုတ်လအတွင်း အလုပ်သမားများအပေါ် ချိုးဖောက်ခဲ့သည့် လုပ်ငန်းအမျိုးအစားပါဝင်မှု


ဒီစက်ရုံတွေထဲမှ အလုပ်သမားတွေ အများဆုံး ချိုးဖောက်ခံရတဲ့အမှုတွေကတော့ အချိန်ပိုနဲ့ ပတ်သက်တဲ့ အမှုတွေ ဖြစ်ပါတယ်။  နောက် အမှုတွေကတော့ ခွင့်ခံစားခွင့်မရတာ၊ လုပ်ငန်းခွင်အတွင်း ဆဲဆိုတာနဲ့ ဥပဒေမဲ့ အလုပ်ထုတ် တဲ့ အမှုတွေ ဖြစ်ပါတယ်။ ဒီလိုအမှုတွေထဲမှာ တချို့စက်ရုံတွေ တုံပြန်မှု ကောင်းမွန်ပြီး နှစ်ဖက် ပြေလည်မှု ရရှိတာတွေကိုလည်း ကြားသိရ ပါတယ်။ 


အချိန်ပိုနဲ့ ပတ်သက်လို့ ချိုးဖောက်မှုရှိလို့ဆိုပြီး ဩဂုတ်လအတွင်း တိုင်ကြားခံထားရတဲ့ စက်ရုံပေါင်း ၁၁ ရုံရဲ့ သတင်းတွေကို  Myanmar Labour News မှာ ဖော်ပြခဲ့ပါတယ်။ အချိန်ပို အမှုတွေထဲမှာ အချိန်ပို မဆင်းလို့ ခွဲခြားဆက်ခံရတာနဲ့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာတွေက အနိမ့်ဆုံး ချိုးဖောက်မှုတွေ ဖြစ်ခဲ့ပြီး အများစု ကတော့ ညနက်တွေ၊ အောလင်းတွေကို ဆက်တိုက်ဆင်းရတာ ၊ ပုတ်ပြတ်စနစ်ကြောင့် အလုပ်ချိန်တွေ များပြားလာပေမဲ့ လုပ်ခလစာ မရတာ၊ ရက်ဆက် လုပ်ကိုင်ရတဲ့ အမှုကိစ္စတွေက အများစု ဖြစ်ပွားခဲ့တာပါ။ 


သာဓုကန်စက်မှုဇုန်က Sunrise Myanmar Fashion Garment ၊ ပုသိမ်အခြေစိုက် Huabo Times ၊ ရွှေလင်ဗန်း စက်မှုဇုန်က MaiyiBei (Yangon)နဲ့ SEN YU Garment ၊ လှိုင်သာယာ ဇုန် ၄ က HUNTER TEXTIEL နဲ့ Full Win Safety၊ ဝါးတရာစက်မှုဇုန်က Cheung Hing Myanmarနဲ့ W & F Group Co., Ltd၊  ရွှေပြည်သာက Honor Apparel Co,Ltd၊ ရွှေသံလွင်စက်မှုဇုန်က S.M Myanmar၊ ရွှေပြည်သာစက်မှုဇုန်က Kittenish Knitting  စက်ရုံ စတဲ့ အထည်ချုပ်စက်ရုံတွေမှာ အချိန်ပိုလုပ်ကိုင်ခိုင်းတာနဲ့ ပတ်သက်ပြီး ချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ တိုင်းတန်း မှုတွေရှိတာကြောင့် Myanmar Labour News မှာ သတင်းဖော်ပြခဲ့ပါတယ်။ ဒီစက်ရုံထဲမှာ အချိန်ပိုကို ရက်ဆက် ခေါ်ယူတာနဲ့ ပုတ်ပြတ်စနစ်တွေကြောင့် အလုပ်ချိန် အကန့်အသတ်မရှိလုပ်ကိုင်ရပြီး အလုပ်ချိန် ၈ နာရီထက် ကျော်လွန် လုပ်ကိုင်ရပေမဲ့ အချိန်ပို လုပ်ခမပေးတဲ့ စက်ရုံတွေလည်း ပါဝင်ပါတယ်။  


မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေမှာ သတ်မှတ်ထားတာကတော့ တနေ့ သာမန် အလုပ်ချိန် ၈ နာရီဖြစ်ပြီး တပတ် အတွက် သာမန် အလုပ်ချိန် စုစုပေါင်းကတော့ ၄၄ နာရီ သတ်မှတ်ထားပါတယ်။ သာမန်အလုပ်ချိန်ထက် ကျော်လွန် လုပ်ကိုင်ရတာကို အချိန်ပိုလို့ သတ်မှတ်ပြီး တပတ် နာရီ ၂၀ ထက်ပိုပြီး အချိန်ပို ခေါ်ယူခွင့်မရှိပါဘူး ။ လက်ရှိ စက်ရုံအများစုကတော့ တပတ် သာမန်အလုပ်ချိန်နဲ့ အချိန်ပိုတွေထက်ပိုပြီး လုပ်ကိုင်နိုင်ဖို့  အလုပ်သမား တွေနဲ့ ညှိနှိုင်းကာ တလကို နှစ်ကြိမ်လောက် ရက်သတ္တပတ် ပိတ်ရက်တွေမှာ အချိန်ပို ခေါ်ယူတာတွေလည်း ရှိ နေတာပါ။ 


မြန်မာနိုင်ငံက အလုပ်သမားဥပဒေတွေမှာ ခွင့်ရက်နဲ့ ပတ်သက်ပြီး ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့်ဆိုပြီး ပြဋ္ဌာန်းထား ပါတယ်။ ဒါ့အပြင် အများပြည်သူအလုပ်ပိတ်ရက်နဲ့ ရက်သတ္တပတ် အလုပ်ပိတ်ရက်ဆိုပြီးလည်း ဥပဒေမှာ သတ်မှတ်ထားပါတယ်။ ဖော်ပြပါ ခွင့်တွေဟာ မည်သည့် အလုပ်သမားမဆို ခံစားခွင့်ရှိတယ်လို့လည်းပြဋ္ဌာန်းထား ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေကတော့ ဒီလို့ခွင့်တွေရဖို့ ခက်ခဲနေဆဲ ပါ ။

Caption


ဩဂုတ်လအတွင်း ခွင့်နဲ့ ပတ်သတ်တဲ့ ချိုးဖောက်မှုတွေရှိတယ်လို့ တိုင်ကြားခံထားရတဲ့ စက်ရုံ ၁၁ ရုံ ရဲ့ သတင်း တွေကို လည်းဖော်ပြခဲ့ပါတယ်။  အဲဒီ စက်ရုံတွေကတော့ ပုသိမ်မြို့က North Shore Group နဲ့ Huabo Times ၊ ပဲခူးမြို့က Sudey Industrial Myanmar CO,LTD၊ သာဓုကန်စက်မှုဇုန်က  Sunrise Myanmar Fashion Garment နဲ့ New Plus၊ ရွှေလင်ဗန်း စက်မှုဇုန်က MaiyiBei (Yangon)နဲ့ SEN YU Garment ၊ လှိုင်သာယာ စက်မှုဇုန် ၄ က HUNTER TEXTIEL နဲ့ Full Win Safety ၊ လှိုင်သာယာ စက်မှုဇုန် ၁ က HONE KONG ENTERPRIST ၊ အနော်ရထာ စက်မှုဇုန်က Double Packing Myanmar (Plastic Factor) နဲ့ ဝါးတရာ စက်မှုဇုန်က Cheung Hing Myanmar တို့ ဖြစ်ကြပါတယ်။ 


အလုပ်သမားတွေအပေါ် ချိုးဖောက်မှုတွေထဲမှာ ခွင့်နဲ့ အချိန်ပိုဟာ ဆက်စပ်နေပါတယ်။ စက်ရုံတွေဟာ အချိန်ပို တွေ နားရက်မရှိ မနားမနေလုပ်ကိုင်ခိုင်းပြီး ပိတ်ရက်မပေးတဲ့အပြင် ခွင့်ရက်ပါ မပေးကြတာပါ။ အလုပ်သမား တွေဟာ ခွင့်ရမရတဲ့အတွက် ရက်ပျက်အဖြစ် သတ်မှတ်ခံရပြီး ရပိုင့်ခွင့်တွေဖြစ်တဲ့ ဒေကြေး၊ ရက်မှန်ကြေး၊ ထုတ်လုပ်နိုင်မှု သတ်မှတ်ချက် ရပိုင်ခွင့် စတာတွေပါ ဆုံးရှုံးခဲ့တာပါ ။ အရင်ခေတ်တွေကတော့ ကျွမ်းကျင် လုပ်သား ရှားပါးတာနဲ စက်ရုံအလုပ်ရုံတွေက ကုန်ထုတ်လုပ်မှု မကျဖို့၊ ရက်ပျက်နည်းဖို့အတွက် ရည်ရွယ်ပြီး အလုပ်သမားရပိုင်ခွင့်ကို ဖြတ်တောက်တာ ဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ အကျိုးစီးပွားဆန်ဆန် ဖြတ်ထောက် တာတွေ ပြုလုပ်လာတာကိုလည်း တွေ့မြင်ရပါတယ်။ 


ခွင့်နဲ့ ပတ်သက်ပြီးချိုးဖောက်မှုတွေကတော့ ခွင့်ရက်ရဖို့ ခက်ခဲအောင် ပြုလုပ်ထားတာ၊ ဆေးခွင့် မပေးတာ၊ ခွင့်အတွက် ငွေကြေးဖြတ်တောက်တာ၊ လုပ်သက်ခွင့်အပါ မည်သည့်အခွင့်အမျိုးစားမှ မရတာ စတာတွေ ဖြစ်ပါတယ် ။ 
လုပ်ငန်းခွင်အတွင်းဆဲဆိုမှုနဲ့ ကာယိန္ဒြေပျက်အောင် ပြောဆိုမှုတွေဟာ ကုန်ထုတ်လုပ်မှုစွမ်းအားကို ကျဆင်း စေပြီး၊ နစ်နာသူတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိတာကို စစ်တမ်းတွေကတွေ့ရှိထား သလို ကျွမ်းကျင်သူတွေကလည်း ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတာ့ ဆဲဆိုမှုကို တိုင်ကြား အရေးယူ နိုင်တဲ့ ဥပဒေကတော့ ရာဇသတ်ကြီးဥပဒေ ဖြစ်ပါတယ်။ စက်ရုံတွေမှာ လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေကတော့ ရာထူး ကွာခြားချက်နဲ့ လုပ်ပိုင်ခွင့် ကွာခြားချက်တွေ ကြားမှာပဲ ဖြစ်ပေါ်နေတာပါ။ စက်ရုံ တာဝန်ရှိသူတွေ စီမံခန့်ခွဲမှု ညံဖျင်းရင် ညံဖျင်း သလောက် အဖြစ်အပျက်တွေက ကြီးမားနေတတ်ပါတယ်။ 


လုပ်ငန်းခွင်အတွင်းဆဲဆိုမှုတွေရှိတယ်လို့ တိုင်ကြားခံရတဲ့ စက်ရုံပေါင်းကတော့ ၁၀ ရုံရှိပြီး အဲဒီစက်ရုံတွေကတာ့ North Shore Group၊ Sudey Industrial Myanmar CO,LTD၊ Sunrise Myanmar Fashion Garment၊ Huabo Times ၊ MaiyiBei (Yangon)၊ HUNTER TEXTIEL၊ Full Win Safety ၊ SEN YU Garment  ၊ New Plus၊ Honor Apparel Co,Ltd တို့ ဖြစ်ကြပါတယ်။ 


အလုပ်သမားတယောက်ကို အလုပ်က ရပ်စဲဖို့ ပြုလုပ်ရမဲ့ အဆင့်တွေကို ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းထားပေမဲ့ မြန်မာနိုင်ငံက အလုပ်ရှင်တွေကတော့ လိုက်နာမှု အားနည်းတဲ့အပြင် ပုဂ္ဂိုလ်ရေးဆန်တဲ့ အလုပ်ထုတ်မှုတွေလည်း ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် EC စာချုပ်အကြောင်း သိရှိမှု နည်းတာနဲ့ မလိုက်နာတာတွေက အလုပ် ရပ်စဲတိုင်း ပြဿနာ ဖြစ်စေတဲ့ အကြောင်းအရင်းတခု ဖြစ်နေတာပါ။ ဒါ့အပြင် စက်ရုံအလုပ်ရုံတွေက တာဝန်ရှိ သူတွေဟာ ဥပဒေကို လေးစားလိုက်နာမှု မရှိပေမဲ့ ဥပဒေအားနည်းချက်ကိုတော့ အသုံးချတတ်လို့ အလုပ်သမား တွေဟာ ဘဝပျက်မတတ် ခံစားနေရတာပါ။ အလုပ်သမားရုံးတာဝန်ရှိသူတွေကလည်း ဥပဒေအတိုင်း ဆောင်ရွက် မပေးမှုတွေကလည်း “ရေနစ်သူ ဝါးကူ၍ ထိုး” ဆိုသလို အလုပ်သမားတွေ အလွန် နစ်နာကြရပါတယ်။ 


ဩဂုတ်လအတွင်း ဥပဒေကို မလိုက်နာဘဲ အလုပ်ထုတ်မှုတွေရှိခဲ့တယ်ဆိုတဲ့ စက်ရုံအလုပ်ရုံ ခုနှစ်ရုံရဲ့ သတင်း တွေကို Myanmar Labour News မှာ ဖော်ပြခဲ့ပါတယ်။  အဲဒီအလုပ်ရုံ စက်ရုံတွေကတော့ Sudey Industrial Myanmar CO,LTD၊ Honor Apparel Co,Ltd၊ Double Packing Myanmar (Plastic Factor)၊ S.M Myanmar ၊ Kingsrish (MYANMAR) Fashion Limited၊ Tristate Myanmar၊ နဲ့ တော်၀င် သစ်အချောထည် စက်ရုံ ဖြစ်ကြပါ တယ်။ 


ဒီစက်ရုံတွေထဲမှာ ဥပဒေအားနည်းချက်ကို အသုံးချပြီး အစမ်းခန့် အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ လုပ်ခ တိုးတောင်းတာသူတွေကို အလုပ်ထုတ်တာ၊ အချိန်ပို မဆင်းလို့ အလုပ်ထုတ်တာနဲ့ အလုပ်ထုတ် နစ်နာကြေး မပေးတာတွေ စတာတွေကို ပြုလုပ်ခဲ့တယ်လို့ တိုင်ကြားခဲ့ကြတာဖြစ်ပါတယ်။ တချို့အလုပ်သမားတွေဟာ လုပ်သက် နှစ်ပေါင်းမနည်း အလုပ်လုပ်ခဲ့ကြတဲ့ သစ္စာရှိ အလုပ်သမားတွေဖြစ်ကြပေမဲ့ အလုပ်ထုတ်ရာမှာတော့ အခွင့်အရေး အပြည့်အဝ မရှိခဲ့ကြပါဘူး ။ တချို့ညှိနှိုင်းမှုတွေ ပြေလည်ခဲ့ပေမဲ့ ဥပဒေကပေးထားတဲ့ အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်သာ ရရှိခဲ့ကြတာပါ။ 


ဖော်ပြထားတဲ့ ချိုးဖောက်မှုတွေထဲမှာ နှစ်ကြိမ်၊ သုံးကြိမ်ပါဝင်တဲ့ စက်ရုံတွေရှိနေတာကို တွေ့ရမှာဖြစ်ပါတယ် ။ အဲလို စက်ရုံတွေထဲမှာတော့ ခွင့်နဲ့ပတ်သက်တဲ့ ချိုးဖောက်မှုနဲ့ လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေရှိနေတယ်ဆိုတဲ့ စက်ရုံကတော့ ကိုး ရုံ ပါဝင်ပါတယ်။ အဲဒီ စက်ရုံတွေကတော့ North Shore Group၊ Sudey Industrial Myanmar CO,LTD ၊ Sunrise Myanmar Fashion Garment၊ Huabo Times ၊ MaiyiBei (Yangon)၊ HUNTER TEXTIEL၊ Full Win Safety၊ SEN YU Garment နဲ့  New Plus  စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ 


ဒါ့အပြင့် လုပ်ငန်းခွင် ဆဲဆိုမှုတွေ၊ ခွင့်နဲ့ အချိန်ပို ကိစ္စတွေမှာ ချိုးဖောက်မှုရှိတယ်လို့ တိုင်ကြားခံရတဲ့ စက်ရုံ စုစုပေါင်းကတော့ ခြောက် ရုံ ရှိပါတယ် ။ အဲ့စက်ရုံတွေကတော့ Sunrise Myanmar Fashion Garment၊ Huabo Times ၊ MaiyiBei (Yangon)၊ HUNTER TEXTIEL ၊ Full Win Safety၊ SEN YU Garment တို့ဖြစ်ပါတယ်။ 


နောက်ထပ် ချိုးဖောက်မှု သုံးမျိုးစီရှိနေတဲ့ စက်ရုံနှစ် ရှိနေပါသေးတယ်။ Sudey Industrial Myanmar CO,LTD နဲ့ Honor Apparel Co,Ltd တို့ဖြစ်ပါတယ်။  Sudey Industrial Myanmar CO,LTD စက်ရုံကတော့ ခွင့် ကိစ္စတွေမှာ ချိုးဖောက်ပြီး လုပ်ငန်းခွင်အတွင်း ဆိုဆဲမှုတွေရှိခဲ့ကာ ဥပဒေနဲ့ မညီတဲ့ အလုပ်ထုတ်ခဲ့မှုရှိခဲ့လို့ဆိုပြီး တိုင်ကြားခံ ခဲ့ရတာပါ။  Honor Apparel Co,Ltd စက်ရုံကတော့ လုပ်ငန်းခွင်အတွင်း ဆဲဆိုမှု၊ အလုပ်ထုတ်မှုနဲ့ အချိန်ပိုကိစ္စတွေမှာ ချိုးဖောက်မှု တွေ ရှိခဲ့တယ်လို့ တိုင်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။ 

ချိုးဖောက်မှု တခုမက ရှိခဲ့သည့်စက်ရုံများ
ချိုးဖောက်မှု တခုမက ရှိခဲ့သည့်စက်ရုံများ


ဩဂုတ်လအတွင်း တိုင်ကြားခံခဲ့ရတဲ့ စက်ရုံတွေက ချုပ်လုပ်တဲ့ အမှတ်တံဆိပ်တွေကတော့ VAUDE, Schoffel, GLOBAL WORK, CINEMA CLUB, HARE, LEPSIM, URBAN FUNCTION, SINCE 1930, UNITED ATHLE, LOWRY'S FARM, AIR THERMAL, ZARA, Sinsay, Easy, P&VV, H – ESSENTIAL, OVS, MANA, Pilar Prieto, Pagattin, De Facto, Reserved, So cute, Jichodo, Next Plc, Feel Sky, WOOLLY TEC, URGE, FO, Mavi, DESTINATION, CHIP CLIP, Little Kids, SOUTH BLUE, HOUSE, WORKS LONDON, mayoral, CRIVIT, Global Recycled Standard, H&M, Max Mara, and CMP တွေ ဖြစ်ပါတယ်။ 

ဖော်ပြထားသော အမှတ်တံဆိပ်များသည် ဥရောပသမဂ္ဂနိုင်ငံများ၊ ဂျပန်၊ အမေရိကန်၊ ယူကေ၊ တူရကီ၊ ကိုရီးယားနှင့် သြစတြေးလျအခြေစိုက် ကုမ္ပဏီများမှဖြစ်သည်။ အချို့သော ကုန်အမှတ်တံဆိပ်များသည် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ကြေညာထားသည်။ 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026