NEWS

သမဂ္ဂခေါင်းဆောင်ပါ ၇ ဦးအား အလုပ်ထုတ်ပြီးနောက် ပိတ်ရက်အတွက် လုပ်ခလစာ မပေးဟု Rainbow စက်ရုံပြောဆို

CoverLogo
796 Views

Rainbow ဆပ်ပြာဆီ စက်ရုံက သမဂ္ဂခေါင်းဆောင်ပါ ၇ ဦးကို အလုပ်ထုတ်လိုက်ပြီးနောက် စက်ရုံ ၁၀ ရက် ပိတ်မှာ ဖြစ်ပြီး အဲဒီပိတ်ရက်ထဲက ၅ ရက်အတွက်ကိုသာ လုပ်ခလစာပေးမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုတယ် ဆိုပြီး အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ 

“ပထမ သုံးရက်ပိတ်မယ် ပြောတယ်။ အဲဒီပိတ်ရက်ကို စနေနေ့ နေ့တဝက် ဒါမှမဟုတ်ရင် တနင်္ဂနွေနေ့တွေမှာ ရက်စားဆင်းဖို့ ပြောထားတယ်။ အဲတုန်းက သမဂ္ဂခေါင်းဆောင်တွေက ဥပဒေပြဌာန်းထားတာ မရှိလို့ ရက်စား ဆင်းဖို့ကို လက်မခံကြဘူး။ သမဂ္ဂ ခေါင်းဆောင်တွေကို အလုပ်ထုတ်ပြီး ၅ ရက်လောက်လည်းရောက်ရော အစည်းအဝေးခေါ်ပြီး ပိတ်ရက် ၁၀ ရက်မှာ ၅ ရက်ကို လစာပေးမယ်၊ ၅ ရက်ကိုတော့ မပေးဘူးဆို ပြီး ပြောလာတယ်” လို့ အလုပ်သမားတဦးက ပြောပါ တယ်။ 

စက်ရုံပိတ်ရက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်မှာ စက်ရုံဘက်ကပြောဆိုခဲ့တာဖြစ်ပြီး ၅ ရက်အတွက် လုပ်ခလစာကို ခွင့်ရက်ကဖြတ်ယူတာ ဒါမှမဟုတ် လုပ်ခလစာမပေးတာတွေ ပြုလုပ်မယ်ဆိုပြီး ပြောဆိုခဲ့တာလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ 

၂၀၁၉ ခုနှစ်မှာ စက်ရုံသမဂ္ဂခေါင်းဆောင်တွေက အလုပ်သမားတွေ နစ်နာမှုနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့ရာမှာ ခုံသမာဓိကောင်စီအထိ ဖြေရှင်းခဲ့ရပြီး အနိုင်ရခဲ့လို့ စက်ရုံဘက် တရားစွဲဆိုတာကို ရုတ်သိမ်းဖို့ ညွှန်ကြားခဲ့ပေမဲ့ စက်ရုံဘက်က ဆက်လက် တရားစွဲခဲ့တာဖြစ်ပါတယ်။ 

သမဂ္ဂခေါင်းဆောင်တွေဟာ ၅ နှစ်နီးပါကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် နိုဝင်ဘာ ၁၅ ရက်မှာ တရားရုံးက အမှုနှစ်ခုအတွက် ဒဏ်ငွေ တသောင်းငါးထောင် ပေးဆောင်ဖို့ အမိန့်ချခဲ့တာကို Rainbow ဆပ်ပြာဆီ စက်ရုံ တာဝန်ရှိသူတွေက EC စာချုပ် ချိုးဖောက်တယ်ဆိုပြီး တရားစွဲခံခဲ့ရတဲ့ အလုပ်သမား ၇ ဦးကို အလုပ်ကနေ ထုတ်ပယ်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

“သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်ချင်တာက ကြာနေပြီ။ ၂၀၁၉ ဆန္ဒပြကတည်းက။ တရားရင်ဆိုင် တဲ့ကာလ မှာ သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထွက်ပေးဖို့ မြို့နယ် အလုပ်သမားဦးစီးဌာနက ဦးစီးမှူးတွေ ကိုယ်တိုင်က ညှိနှိုင်းခဲ့တယ်။ နစ်နာကြေးလည်း ပေးမယ်ဆိုပြီး ညှိနှိုင်းခဲ့တာ။”လို့  အလုပ်သမားတဦးက ပြောပါ တယ်။ 

စက်ရုံ ၁၀ ရက်ပိတ်တာက စက်ရုံသမဂ္ဂခေါင်းဆောင်တွေကို တရားစွဲ အလုပ်ထုတ်တာနဲ့ ပတ်သက်ပြီး စက်ရုံအတွင်း ဆန္ဒပြမှုဖြစ်ပေါ်ရာမှာ စက်ရုံတာဝန်ရှိသူတွေ စိုးရိမ်တာကြောင့် အကြောင်းပြချက်မရှိဘဲ စက်ရုံ ပိတ်ဖို့ စီစဉ်တာလို့ ယူဆတယ်လို့ ပြောဆိုပြီး ရက်စားအလုပ်လုပ်ခိုင်းတာဟာ ဥပဒေကို ချိုးဖောက်ဖို့ ကြိုးပမ်းတာလို့  အလုပ်သမားတွေက သုံးသပ်ကြပါတယ်။

“ပထမအကြိမ် စက်ရုံခဏပိတ်မယ်ပြောကတည်းက ၁၀ ရက်လောက်အထိပိတ်မယ်ဆိုပြီး ပြောတယ်။ ပိတ်တာ ကို စက်ရုံဘက်က အလုပ်သမားတွေကို ရက် အစား ဆင်းပေးစေချင်နေတာ။ စက်ရုံဘက်က အလုပ်မရှိလို့ ပိတ် တာက အလုပ်သမားတွေ လုပ်ခလစာခံစားခွင့်ရှိတာကို ဥပဒေမှာ သေချာရေးထားပါတယ်။ ဒါကို စက်ရုံ ဘက် အလုပ်သမားတွေကို ဈေးဆစ်ပြီး ဥပဒေကို ချိုးဖောက်ဖို့ စီစဉ်တာပါ ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေ အခန်း ၂ အပိုဒ် ၄ မှာ အလုပ်ရှင်က အလုပ်မပေးနိုင်တဲ့နေရက်တွေအတွက် လုပ်ခလစာပေးရမယ်လို့ ပါရှိပါတယ်။ 

ဒါ့အပြင် အလုပ်ရုံများ အက်ဥပဒေ အရ ခဏအလုပ်ရုံပိတ်ပါကလည်း အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရေးဦးစီးဌာနကို အကြောင်းကြားဖို့ လိုအပ်တယ်လို့ သတ်မှတ်ပြဌာန်းထားပါတယ်။ 

Rainbow ဆပ်ပြာဆီထုတ်လုပ်တဲ့ Myanmar Consumer Enterprise စက်ရုံကတော့ ရန်ကုန်မြို့ ၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန် ၁၊ အမှတ် ၁၂၉ မှာရှိပြီး ပိုင်ရှင်ကတော့ မြန်မာနိုင်ငံသား တရုတ်လူမျိုးဖြစ်တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။  

စက်ရုံမှာ အလုပ်သမား ၄၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး  Rainbow ဆပ်ပြာခရင်မ်၊ Butterfly တံဆိပ်အမွှေးဆီ၊ Bubble တံဆိပ် ရေချိုးဆပ်ပြာနဲ့ Butterfly Laundry Goon Friend ၊ Diaper Rainbow ၊ Liquid Expert တံဆိပ်တွေနဲ့ ပန်းကန်ဆေး ဆပ်ပြာအဆီ ၊ Rainbow တံဆိပ် ခရင်မ်အမျိုးမျိုးနဲ့ Rainbow တံဆိပ် Powder စတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

စက်ရုံအတွင်း သမဂ္ဂအဖွဲ့ နဲ့ WCC အဖွဲ့တွေ ဖွဲ့စည်းထားပေမဲ့ အခုလို အလုပ်ထုတ်မှုတွေနဲ့  ဥပဒေချိုးဖောက်ပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

#MyanmarLabourNews 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026