"ဝ"ပြည်နယ်၊ ဝိန်းကောင်မြို့၊ ဟွာထိုင်လုံကုမ္မဏီက နှိပ်စက်တိုက်ပိတ်ခံထားရဲ့ လူငယ်နဲ့ အမျိုးသမီး ၁၆ ဦး အထိ ရှိတယ်လို့ Wa News Agency က ဖော်ပြပါတယ်။ အဲဒီလူငယ်တွေဟာ ဟွာထိုင်လုံ ကုမ္မဏီမှာ ၆ လ စာချုပ်နဲ့ အလုပ် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၁ရက် ညနေမှာ မန်နေဂျာလို့ ယူဆရသူက ကုမ္ပဏီဒေဝါလီ ခံရတော့မဲ့ အခြေအနေကြောင့် တခြားကုမ္ပဏီကို ပြောင်းရွှေ့အလုပ်လုပ်ပေးရမယ်လို့ ပြောဆိုပြီး လစာနဲ့ အလုပ်တွေဟာ တခြားကုမ္ပဏီရဲ့ စီမံမှုနဲ့သာ သက်ဆိုင်တယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီလို ပြောဆိုတာဟာ ကုမ္ပဏီနဲ့ ချုပ်ဆိုထားတာဟာ စာချုပ်ပါ သတ်မှတ်ချက်များနဲ့ မကိုက်ညီတာကြောင့် နှစ်ဖက်အငြင်းပွားမှု ဖြစ်ခဲ့ကြပြီး လုံခြုံရေးဆိုသူတွေက လူငယ်တွေကို ချုပ်နှောင်ရိုက်နှက်ခဲ့တာလို့ Wa News Agency က ရေးသားထားတာပါ။
ဒီဇင်ဘာလ ၁၄ ရက်မှာ သူဌေး (လောပန်း)က လူငယ် ၁၆ ဦးကို တခြားကုမ္မဏီကို ရောင်းချဖို့ စီစဉ်ခဲ့ပေမဲ့ တရုတ်စကား မကျွမ်းကျင်တာကြောင့် ဝယ်ယူခဲ့တာ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ရက်မှာလည်း ရောင်းမထွက်တာကြောင့် သူဌေး (လောပန်း)က လူငယ်တွေက ယွမ်ငွေ ၁၀၀၀၀ ပေးရမှာဖြစ်ပြီး မပေးနိုင်ပါ က ထောင်ထဲထားမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ Wa News Agency က ရေးသားထားပါတယ်။
ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေက ကုမ္ပဏီပိုင် ထောင်ထဲနေရမှာကို စိုးရိမ်နေပြီး လူငယ်တွေထဲက အမျိုးသား ၁ ဦးကတော ဒီဇင်ဘာ ၁၅ ရက် နေ့လယ်မှာ ဒေသခံတစ်ဦးက ယွမ်ငွေနဲ့ လာရောက် ရွေးထုတ်ခဲ့ တာကြောင့် လူငယ် ၁၆ ဦးထဲက ၁ ဦး လွတ်မြောက်ခဲ့တယ်လို့လည်း Wa News Agency က ဖော်ပြပါတယ်။
လူငယ်တွေလုပ်ကိုင်ရတဲ့ အလုပ်ကလည်း လိမ်စား(ကျားဖြန်) အလုပ်ဖြစ်ပြီး အွန်လိုင်း (online) က တဆင့် လူသစ် ခေါ်ယူတာ၊ နိုင်ငံခြားသားတွေဆီက ငွေလိမ်လည် ရယူတာတွေလုပ်ကိုင်ခဲ့ကြ ရတယ်လို့လည်း သိရပါတယ်။
Source / Photo- Wa News Agency
#MyanmarLabourNews