NEWS

လွိုင်ကော်ဒေသ ရေကြီးနစ်မြုပ်မှု သွားရောက်ကူညီမယ့်သူတွေ ထောက်ခံစာပါမှ ဝင်ခွင့်ပြုမယ်လို့ဆို

CoverLogo
490 Views

ကယားပြည်နယ် လွိုင်ကော်ဒေသ နဲ့ မြို့တော်မှာ မိုးဗြဲဆည်ရေ မြင့်တက်လာခဲ့မှုကြောင့် ရေကြီးမှုဒဏ်ခံစားနေရ ပြီး ယင်းဒေသကို သွားရောက်ကူညီမယ့် လူမှုရေးအသင်းအဖွဲ့တွေကို ထောက်ခံစာပါမှသာ ပေးဝင် နေတယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ ၁၀ ရက်က စတဲ့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ ဖယ်ခုံအင်း၊ မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် ဘီလူး‌ချောင်းဘေးတစ်လျှောက်နဲ့ လွိုင်ကော်မြို့ပေါ်နေရာအများစုမှာ ရေလွှမ်းနေတာ ဖြစ်သလို ကယားပြည်နယ် အတွင်းက ကျေးရွာ အချို့မှာလည်း ရေကြီး ၊ မြေပြို ၊ တောင်ပြိုမှုတွေရှိနေလို့ အသက်ဘေးအန္တရာယ်ကြုံရသူတွေလည်းရှိနေ တယ်လို့ ဆိုပါတယ်။ 

" အခုက လွိုင်ကော်ကရေပတ်လည်ဝိုင်းနေတယ်။ ဒီကိုလာလှူမယ့်သူတွေ ထောက်ခံစာပါမှ ခွင့်ပြုချက်ရမှဝင်လို့ရတယ်။  သယ်လာတဲ့ ကူညီရေးပစ္စည်းတွေကို တစ်ခုမကျန်စာရင်းနဲ့မှတ်ရတယ်။ ပစ္စည်း တစ်မျိုးစီကိုထောက်ခံစာလုပ်ပြီးမှ ပေးသယ်တယ် ပြောနေတယ်။ လက်ရှိအခြေအနေကတော့ ရေက တက်လာပြီးမြုပ်နေတာ ။ မင်းစု ကတစ်ဝက်မြုပ်နေပြီ ရှမ်းပိုင်းရော ဒေါနို့ကူး အကုန်နီးပါးမြုပ်နေပြီ အခုက ရေမြုပ်လာရင် မမြုပ်တဲ့နေရာရွှေ့အဲ့လိုမျိုးပဲနေနေရတယ်လို့" လွိုင်ကော်ဒေသခံတစ်ဦးကပြောပါတယ်။ 

လတ်တလောတွင် လွိုင်ကော်မြို့ပေါ် က ရှမ်းပိုင်း၊ မင်းစု၊ နမ့်ကွက်၊ ဒေါနို့ကူး၊ ရွှေတောင်ချောင်းစပ်၊ ဒေါဥခူ (မှုံပြာအစပ်)၊ ဒေါတမ စတဲ့ ရပ်ကွက်တွေမှာရေမြုပ်နေသလို   လွိုင်ကော်မြို့နယ်တွင်းက ဘုရားဖြူကျေးရွာ၊ ဖောင်းတောကျေးရွာ၊ ဘုရားနီကျေးရွာ၊ မှုံပြာ‌ကျေးရွာ၊ ရေနီကန်၊ သတ္တဗလူ စတဲ့ ကျေးရွာတွေမှာလည်း ရေမြှင့်တက်လာနေတယ်လို့သိရပါတယ်။ 

လွိုင်ကော် ဒေသဟာ  ပြီးခဲ့တဲ့ကာလတွေအတွင်း စစ်ဖြစ်တဲ့ စစ်ရေးနယ်မြေတစ်ခုဖြစ်နေ သလို လက်ရှိအချိန်ထိလည်း အတိအကျ ငြိမ်းချမ်းနေတဲ့ ဒေသထဲမပါဝင် သေးတာကြောင့် စစ်ဘေးဒဏ်ကိုခံနေ ရသလို လက်ရှိမှာလည်း ရေဘေးဒဏ်ကိုပါ ခံစားနေရတဲ့ ဒေသတစ်ခုလည်းဖြစ်နေပါတယ်။ 

ဒါကြောင့် လက်ရှိ ရေဘေးဖြစ်ပေါ်နေတဲ့ ကယားပြည်နယ် အတွင်းက ကျေးရွာနဲ့မြို့ပေါ်ရပ်ကွက်တွေ မှာ စာနပ်ရိက္ခာနဲ့ဆေးဝါး အကူအညီတွေ အမြောက်များလိုအပ်နေတယ်လို့ ဆိုပါတယ်။ 

" ကယားမှာ စစ်ရှောင်စခန်း အချို့လည်းရေထဲမျောပါ မြုပ်ကုန်တယ်ကြားတယ်။ အခုက စစ်ဘေးရော ၊ ရေဘေးပါ ခံစားနေရတဲ့ အတွက် ကျွန်တော်တို့ကယားဘက်ကို လှူဖို့ ကြိုးစားကြပါတယ်။ တစ်ခြားဒေသတွေကိုသွားလှူတာနဲ့မတူပဲ ကယားဘက်က သက်ဆိုင်ရာနယ်မြေကန့်သတ်မှုတွေရော လှူမ
ယ်ဆို ထောက်ခံစာပါမှဝင်ခွင့်ရမယ်ဆိုတာတွေရောကြောင့်အခက်ခဲတွေတော့ဖြစ်နေတာပေါ့"လို့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ ကယားပြည်နယ်ကို ရေဘေးသွားလှူမယ့်အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူကပြောပါတယ်။ 

လွိုင်ကော်မြို့တွင်းမှာ လတ်တလော ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက် နေတာဖြစ်ပြီး  MPT ဖုန်းလိုင်းသာနေရာတချို့မှာ ရနေတယ်လို့သိရပါတယ်။ 

မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် ဖယ်ခုံ ၊ မိုးဗြဲရေကာတာအောက်ဘက်က  လယ် ဧက ၃၀၀၀ ကျော် ရေမြှုပ်နေပြီး အနီးအနားရှိ  စစ်ဘေးရှောင်စခန်းတချို့လည်း ရေနစ်မြှုပ်နေတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ထားကြောင်းသိရပါတယ်။

Photo-လူမှုကွန်ယက်


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026