ထိုင်းနိုင်ငံရှိ ခဲမှုန့်စက်ရုံနှင့်ကားအပိုပစ္စည်းစက်ရုံတွင်လုပ်ကိုင်နေသော မြန်မာလုပ်သားနှစ်ဦးသည် လုပ်ငန်းခွင်အတွင်းထိခိုက်မှုကြောင့်ကိုယ်လက်အင်္ဂါများဆုံးရှုံးခဲ့ရသော်လည်း အလုပ်ရှင်မှတာဝန်ယူမှုမရှိသဖြင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာကြောင်းသိရပါတယ်။
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမြို့တွင်ရှိသော(ခဲမှုန့်ရုံ)တွင် အလုပ်လုပ်နေသော ကိုထွန်းထွန်းလွင်သည် လုပ်သက် ၂ နှစ်ကျော် ရှိပြီဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့မနက် ၉ နာရီ ၁၅ တွင် စက်ရုံအတွင်း အလုပ်လုပ်နေစဥ် ခဲမှုန့်ကျသည့်အပေါက်ပိတ်နေသဖြင့် စက်ခလုတ်ပိတ်ပြိး ခဲမှုန့်များ နှိုက်ထုတ်နေချိန် တခြားလုပ်သမားတစ်ဦးမှ စက်ခလုတ်ကိုဖွင့်လိုက်ရာ ၎င်း၏ ညာဘက်လက်ညှိုးတစ်ချောင်းကြိတ်မိပြိး လက်ညှိုးအရင်းမှ ပြတ်သွားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါအခင်းဖြစ်ပွားပြီးနောက် ပီယဝေ့ချ်ဘောဝင်းဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူခဲ့ဆေးကုသမှုစရိတ်များကိုပကန်စခွန်ဖြင့်ရှင်းပေးခဲ့ခြင်းဖြစ်ပါတယ်။
အလုပ်နားနေစဥ် လုပ်အားခ(၁)ရက်လျှင် (၃၃၄) ဘတ်နှုန်း ရှင်းပေးတယ်လို့ သိရပြီး စက်ရုံမှ၎င်းအား မုန့်ဖို့းဆိုပြီး (၃၀၀၀၀)ဘတ် ပေးသုံးကာ နစ်နာကြေးအတွက်တာဝန်ယူမှု တာဝန်ခံမှုမရှိသောကြောင့် ဆုံးရှုံးမှုအတွက်ထိုက်သင့်သည့်နစ်နာကြေး ပြန်လည်ရရှိရန် WAG သို့အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ စမ်ခွတ်မြို့နယ်၊စမ်ခွတ်ရပ်ကွက်တွင်ရှိသော(ကားအပိုပစ္စည်းစက်ရုံ)တွင် အလုပ်လုပ်နေသော မြန်မာ(MOU)အလုပ်သမား ကိုစိန်မြင့်ဟာလည်း အထက်ပါစက်ရုံတွင် အလုပ်လုပ်နေသည်မှာ (၂)နှစ်ကျော်ပြီဖြစ်ပြီး မတ်လ ၆ ရက် နေ့လည် ၁ နာရီမှာ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေရာ တစ်ခြားစက်တွင် မိုရိုက်နေသောသူများကမိုရိုက်ရာမှသတ္တုစလွင့်ထွတ်လာပြီး ၎င်းရဲ့ ဘယ်ဘက်မျက်လုံးကို မှန်သွားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါအခင်းဖြစ်ပွားပြီးနောက်ပထုံဌာနီဆေးရုံသို့ပို့ဆောင်ခဲ့ပြီးထိုဆေးရုံတွင် သတ္တုစ၂စသာထုတ်ရသည့်အတွက် ထန်မစတ်ဆေးရုံသို့ သွားရန်ပြောသော်လည်းစက်ရုံမှတာဝန်ရှိသူများက ပို့ပေးရန်မအားသေးဘူးဟုဆိုပြီး စက်ရုံသို့ပြန်လာခဲ့ရပြီး ည(7:30)အချိန်မှစက်ရုံတာဝန်ရှိသူများက ထန်မစတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး(7.3.2025)ရက်နေ့တွင် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရကြောင်းသိရပါတယ်။
"လက်တစ်ချောင်းပြတ်တဲ့လူကသူအတွက်တော့မြို့နယ်ပကန်စခွန်မှာသွားပြီးတိုင်ထားတယ်။တိုင်ပြီးတဲ့အချိန်မှာဖြစ်သွားတာကသူကပကန်တော့ရှိတယ်။စက်ရုံကပကန်ကြေးတွေဖြတ်ပေမဲ့သွားမသွင်းပေးထားဘူး။သူနဲ့ပတ်သက်ပြီးကျွန်တော်တို့တိုင်တဲ့နေ့မှာဘဲသူ့ကိုအလုပ်ဖြုတ်လိုက်တယ်။ထိုင်းမှာကလုပ်ငန်းခွင်မှာကိုယ်လက်အဂ်ါဆုံးရှုံးသွားတဲ့အလုပ်သမားတစ်ယောက်ကိုလျော်ကြေးမရမချင်း အလုပ်ဖြုတ်ပိုင်ခွင့်မရှိဘူး။အခုကြတော့သူကအလုပ်သမားကို အကြောင်းမဲ့ကြီးအလုပ်ထုတ်လိုက်တယ်။ အဲ့ဒိအတွက်ကိုရုံးဖွင့်တဲ့နေ့ကြရင် မြို့နယ်ဆဝါဒီကန်မှာလည်းသွားတိုင်ရမှာပါ။မျက်လုံးထိတဲ့အကိုအတွက် ဆေးရုံရဲ့စာရွက်ယူပြီးတယနဲ့မြို့နယ်ပကန်မှာသူရဲ့နစ်နယကြေးကိစ္စသွားတောင်းဆိုရမှာပေါ့။အဓိက ကတော့သူတို့ရဲ့စာရေးမတွေကခြယ်လှယ်နေတာပေါ့။မျက်လုံးစဖြစ်တော့ဆေးရုံကဆင်းရင် အဆင်ပြေအောင်လုပ်ပေးမယ်ပေါ့။ဆေးရုံကလည်းဆင်းရောစာရေးမတွေကဖုန်းထိုးလည်းမကိုင်ဘူး။သွားပြောလည်းမသိချင်ယောင်ဆောင်တဲ့ပုံစံဖြစ်တော့မြို့နယ်ပကန်စခွန်နဲ့ဘဲစကားပြောရတော့မှာပေါ့"လို့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
ထိုင်းရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လုပ်ငန်းခွင်အတွင်းထိခိုက်မှုရှိပါက အလုပ်သမားအရေးကူညီဆောင့ရွက်နေသည့်အဖွဲ့အစည်းများ စကားပြန်များကိုဆက်သွယ်ရန်လိုအပ်ပြီး စက်ရုံမှစေခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးလက်မှတ်မထိုးရန်လိုအပ်ကြောင်း ကိုမုန်တိုင်းကပြောပါတယ်။