NEWS

လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေမလုပ်ဖို့ HOPE ONE အထည်ချုပ်အလုပ်သမားတွေပြောဆို

CoverLogo
1.2K Views

လှိုင်သာယာမြို့နယ် အလယ်ရွာမီးသတ်အဝိုင်းအနီး မောင်ကျန်သီးလမ်းမှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ HOPE ONE အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ခြိမ်းခြောက်ခိုင်းစေတာ၊ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ အထည်စံချိန်အလွန်အကျွံတောင်းခံတာတွေ ပြုလုပ်နေတာကြောင့် အလုပ်သမားအခွင့်အရေးတွေချိုးဖောက်တာမလုပ်ဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

ဂျပန်နိုင်ငံသားပိုင်ဖြစ်ပြီး Ladies Fashion၊ noa-ge စတဲ့ ဂျပန်အမှတ်တံဆိပ် ဆွဲသားအင်္ကျီတွေချုပ်လုပ်တင်ပို့နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေအနေနဲ့ လူမှုဖူလုံရေးကြေး လစဉ် ၂၅၀၀ ကျပ် ထည့်ဝင်ရပေမဲ့ ဆေးခွင့်ခံစားခွင့်မရရှိတာ ဒေးကြေး ရက်မှန်ကြေးများဖြတ်တောက်ခံရတာကြောင့် နစ်နာမှုတွေဖြစ်ပေါ်လျှက်ရှိတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲတွင်ကျွမ်းကျင်ကြေးA(၅၀၀၀၀)၊ B(၃၀၀၀၀) ၊ C(၂၀၀၀၀)၊ D(၁၀၀၀၀)ကျပ်သတ်မှတ်ထားပြီး ကျွမ်းကျင်ကြေးများကို အမှန်တကယ်ကျွမ်းကျင်တဲ့လုပ်သားတွေမရရှိတာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။   အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်မရှိခြင်း၊ နေထိုင်မကောင်းသည်ဖြစ်စေ၊ အရေးပေါ်ကိစ္စ ပေါ်လာသည်ဖြစ်စေ ရှောင်တခင်ခွင့်များတင်လျှင်လည်း ခွင့်မပေးသည့်အတွက် ဒေးကြေး(၅၈၀၀)ကျပ်၊ ရက်မှန်ကြေး(၁၀၀၀၀)ကျပ်နှင့်ကျွမ်းကျင်ကြေးလည်း အဆင့်လိုက်ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်မှာ နေ့စားအလုပ်သမားတွေကို ခိုင်းစေပြီး အလုပ်ချိန် ၁၀ နာရီအတွက် ၅၀၀၀ ကျပ် သာရှင်းပေးတာ လုပ်သက် ၃ လကျော်ပေမဲ့ အတည်ပြုခန့်အပ်ခြင်းမပြုတာ မကြာခဏအလုပ်ထုတ်တာပြုလုပ်နေလို့လည်း နေ့စားအလုပ်သမားတွေအတွက် အခွင့်အရေးဆုံးရှုံးနေရပြီး  အခက်အခဲတွေကြုံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

" အလုပ်သမား ၁၀၀၀ ကျော်ရှိတဲ့ စက်ရုံမှာ အလုပ်ဆင်းပြန်ချိန်ကျရင်တန်းစီပြီးထွက်ရတာပေါ့နော် တံခါးကတစ်ပေါက်ထဲကထွက်ရတော့ တန်းစီပြီးမထွက်တဲ့ အလုပ်သမားမိန်းကလေးတွေဆိုရင် မန်နေဂျာက အင်္ကျီချိတ်နဲ့ တင်ပါးကိုလိုက်ရိုက်တယ် ယောက်ကျားလေးတွေဆိုရင် ခေါင်းကိုရိုက်တယ် ဒါမျိုးက လက်ခံလို့မရဘူး ကိုယ်ထိလက်ရောက်ကျူးလွန်နေတာ ရပ်တန့်စေချင်တယ်"လို့အ လုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုအနေနဲ့ အလုပ်သမားတွေချုပ်လုပ်ရတဲ့အထည်စံချိန်ကို အဆမတန်တောင်းခံပြီး စံချိန်မပြည့်ပါက လစာအပြည့်အဝမပေးဟု ခြိမ်းခြောက်ပြောဆိုခိုင်းစေနေတယ်လို့ဆိုပါတယ်။ တောင်းဆိုထားတဲ့ စံချိန်က အလုပ်သမား ၂၅ ယောက်ရှိတဲ့ စက်လိုင်းတစ်လိုင်းလျင် လိုင်းပေါက်အထည် ၁၅၀ မှ ၂၀၀ သတ်မှတ်ထားပြီး လူမပြည့်ပါကလည်း စံချိန်ကိုသတ်မှတ်ထားတဲ့အတိုင်းတောင်းခံနေတာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့အလုပ်သမားကပြောပါတယ်။

"အလုပ်ရှင်ဘက်ကမတရားတောင်းထားတဲ့စံချိန်မပြည့်ရင် အောစူပါ စူပါတွေက အလုပ်သမားတွေကို မီတင်ခေါ်ပြီး သူတို့တောင်းတဲ့စံချိန်ဘာလို့မရတာလဲ နင်တို့က လူကမွေးတာလား နွားတွေလား ထမင်းစားပြီး အသိမရှိဘူးလား ဆိုတာမျိုးတွေ ရိုင်းရိုင်းစိုင်းစိုင်း အပြောခံရတယ် အထည်စံချိန်မပြည့်ဘူးဆိုရင် အချိန်ပိုအလကားဆင်းပေးပြီး ပြည့်အောင်လုပ်ပေးရမယ်ဆိုပြီး ခြိမ်းခြောက်တယ် အခုစကစ တွေဆွဲနေတယ် နင်တို့ကိုမဆွဲစေချင်ရင် အာဝါဒီရအောင်ချုပ်ပေးဆိုပြီး ခြိမ်းခြောက်တယ် မချုပ်ပေးရင် အိုတီခေါ်မယ်ဆိုပြီး အချိန်တိုင်းပြောနေတာ"လို့ အလုပ်သမားကပြောပါတယ်။

"အဆိုးဆုံးက လိုင်း ၆ လိုင်း ၁၇ လိုင်း ၉ လိုင်း ၁၀ ကစူပါတွေပါ အလုပ်သမားတွေအများကြီးရှေ့မှာ အလုပ်သမားကို "ထမင်းစားတာလား၊ ချီးစားတာလား၊ ခွေးတွေအသိတရားမရှိဘူး" ဆိုပြီး နေ့စဉ်နဲ့ အမျှ ရိုင်းရိုင်းစိုင်းစိုင်း အပြောအဆိုခံပြီး အလုပ်လုပ်နေရပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

အထည်စံချိန်မရရအောင် ချုပ်လုပ်စဉ်မှာ ပဲကျတဲ့အထည်ရှိပါက ဂုဏ်သိက္ခာမဲ့စွာ ပြောဆိုခံနေရပြီး အလုပ်သမားကပြန်လည်ပြောဆိုပါက အလုပ်မှထုတ်ပယ်ခံတဲ့အထိ အရေးယူခံရတယ်လို့ ဆိုပါတယ်။

"အထည်ချုပ်အလုပ်သမားတွေက လုပ်ငန်းခွင်ထဲကို ဖုန်းယူခွင့်မပေးထားဘူး ပေါ့နော် အောစူပါ စူပါတွေကျတော့ ဖုန်းသုံးခွင့်ပေးထားပါတယ် ပြီးရင် အလုပ်သမားတွေကိုနေ့တိုင်း စက်လိုင်းတွေကို သန့်ရှင်းရေးလုပ်ခိုင်းတယ် မပြောင်ရင် ၅၀၀ ဖြတ်ခံရတယ် မန်နေဂျာကလည်း စက်လိုင်းထဲဝင်ပြီး စစ်ဆေးလို့ မသန့်ရှင်းတဲ့စက်ဆိုရင် လစာထုတ်ရင် ၁၀၀၀ ဖြတ်ပါတယ် အလုပ်သမားက ကိုယ်ချုပ်တဲ့စက်တင်မဟုတ်ဘူး လိုင်းထဲက အခြားစက်တွေကိုပါ သန့်ရှင်းရေးလုပ်ပေးရတာပါ။ အဲ့တော့ ပိုက်ဆံတွေ ဖြတ်တောက်ခံရတာမဖြစ်သင့်ပါဘူး ခေါင်းပုံဖြတ်နေတာကို ရပ်တန့်ပေးပါ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အဆိုပါ စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ အကြောင်းကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပထမအကြိမ်သတင်းဖော်ပြခဲ့ပြီး စက်ရုံဘက်မှ ချိုးဖောက်မှုများကို ငြင်းဆိုထားကာ သတင်းကို ပြန်လည်ဖြုတ်ချပေးဖို့နဲ့ တောင်းပန်ဖို့ အီးမေးလ်မှ တဆင့် တုန့်ပြန်ခဲ့ပေမဲ့ လုပ်ငန်းခွင်ထဲမှာ ချိုးဖောက်မှုတွေ ဆက်လက်ကျုးလွန်နေတယ်ဆိုပြီး အလုပ်သမားတွေက ထပ်မံပြောဆိုလာတာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့ လုပ်ငန်းခွင်အတွင်း ရှောင်တခင်ခွင့်၊ဆေးခွင့်များခံစားခွင့်ပေးရန်၊မန်နေဂျာမှအလုပ်သမားများကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများမပြုလုပ်ရန်၊ အလုပ်သမားတွေရဲ့ သဘောတူညီမှုမရှိထားဘဲ ပိုက်ဆံဖြတ်တောက်ခြင်းမပြုလုပ်ရန်၊ အောစူပါ၊ စူပါများမှလူမဆန်းစွာ ဆဲဆိုနေခြင်းများမပြုလုပ်ရန်နှင့် ယောက်ကျားလေးအောစူပါများမှ အလုပ်သမားမိန်ကလေးများကို ဆဲဆိုခြင်း၊ ဂုဏ်သိက္ခာမဲ့စွာပြောဆိုခြင်းမပြုလုပ်ရန်၊ အလုပ်ရှင်ဘက်မှအထည်စံချိန်များအဆမတန်းတောင်ခံခြင်းမပြုရန်နဲ့ စံချိန်မပြည့်ပါက အချိန်ပိုအိုတီအလကား ဆင်းပေးခိုင်းခြင်းမပြုလုပ်ရန်စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026