ထိုင်းနိုင်ငံ လှချ်ဘူလိခရိုင်၊ ဒန်ထက်တကိုမြို့၊ ချောင်ဘိန်ကျေးရွာ တွင်ရှိသော ထိုင်းလုပ်ငန်းရှင်ပိုင် သစ်လုပ်ငန်းတွင်အလုပ်လုပ်နေသော မမိုးသန္တာလွင်သည် သစ်လုံးအမှုန့်ကြိတ်စက်တွင် စက်ညှပ်မိပြီး ညာဘက်လက်ပြတ်သွားကာ နစ်နာခဲ့ရမှုအပေါ် သက်ဆိုင်ရာ ဌာနကို တိုင်ကြားသွားမယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
မြန်မာ (CI)အလုပ်သမား မမိုးသန္တာလွင်သည်အဆိုပါအလုပ်တွင် လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး ဇူလိုင်၂၂ရက် နံနက် ၈:၃၀ ခန့်တွင် သစ်လုံးကြီးများကို အမှုန့်ကြိတ်နေရာ သစ်လုံးငယ်တစ်ခုရောပါသွားသဖြင့် သံချောင်းနှင့် လှမ်းထုတ်လိုက်ရာ အင်္ကျီစဖြင့် ချိတ်မိကာ ညာဘက်လက်ကြိတ်မိသွားပြီး အခင်းဖြစ်သည့်နေရာတွင် ပြတ်ထွတ်သွားခဲ့ခြင်းဖြစ်ပါတယ်။
"သူဌေးကနစ်နာကြေးမပေးဘူးဆိုတော့ WAG ကိုအကူအညီလှမ်းတောင်းကြည့်တာပါ။သူဌေးကဘာ
တာဝန်ယူမှုတာဝန်ခံမှုမှလဲမရှိဘူး"လို့ မမိုးသန္တာလွင်ကပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် လှချ်ပူလိဆေးရုံကြီးသို့ပို့ဆောင် ဆေးကုသမှုခံယူပြီးလက်ကိုပြန်ချုပ်ထားပေးခဲ့ပြီး ဇူလိုင် ၂၇ရက်တွင် ဆေးရုံဆင်းပြီး ဆေးကုသမှုစရိတ်ကို ပကန်စခွန်မရှိသောကြောင့် စက်ရုံမှသူဌေးမှရှင်းပေးခဲ့ပြီး ဆေးရုံမှဆင်းပြီးဆေးခွင့်ဖြင့်နားနေသည့်ကာလတွင် စက်ရုံဘက်မှ မည်သည့်ထောက်ပံ့ကြေးမှမပေးသည့်အပြင် ဆေးရုံမှပေးသည့်စာရွက်စာတမ်းများကိုလည်းသိမ်းဆည်းထားကြောင်းသိရပါတယ်။
"သူကပန်းရောင်ကတ်ဘဲရှိတယ်။ပကန်စခွန်မှာ သူဌေးကဘာမှမလုပ်ထားဘူး ။အလွတ်ဘဲထားထားတော့ အမှုရင်ဆိုင်ရဖို့များတာပေါ့။မပြည့်စုံတော့ သူဌေးက ပုတ်ထုတ်တာပေါ့။သူဌေးနဲ့ကျွန်တော်တို့မနေ့ကတိုက်ရိုက်စကားပြောတော့ ဒီအလုပ်သမားအတွက်ပကန်စခွန်မှာဘယ်လိုလုပ်ရင်ရနိုင်တယ်။လမ်းကြောင်းတော့ညွှန်ပေးခဲ့တယ်။သူကလာမဲ့ အပါတ်ကိုပြန်ချိန်းတယ်။သူလိုက်လုပ်ပေးကြည့်မယ်ပေါ့။ဒါပေမဲ့အခုတော့သူဌေးဘက်ကလာပေးခြင်းမရှိတဲ့အတွက်အမကိုကျွန်တော်တို့ခေါ်လာပြီး သက်ဆိုင်ရာရုံးတွေမှာတိုင်ကြားပေးသွားမှာပါ"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
ထိုင်းရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လုပ်ငန်းခွင်အတွင်းထိခိုက်မှုရှိပါက အလုပ်သမားအရေးကူညီဆောင်ရွက်နေသည့်အဖွဲ့အစည်းများ စကားပြန်များကိုဆက်သွယ်ရန်လိုအပ်ပြီး စက်ရုံမှစေခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးလက်မှတ်မထိုးရန်လိုအပ်ကြောင်း ကိုမုန်တိုင်းကပြောပါတယ်။









