NEWS

လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်းအခွင့်အရေးချိုးဖောက်တာတွေမလုပ်ဖို့ Casico Garment အလုပ်သမားတွေတောင်းဆိုမှုပြုလုပ်

CoverLogo
306 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာလမ်း မှာဖွင့်လှစ်ထားတဲ့ ကိုရီးယားနိုင်ငံသားပိုင် Casico Garment မှာ ဒေးကြေးတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်တာတွေမလုပ်ဖို့ အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်နေကြပါတယ်။
 
အဆိုပါ လုပ်ငန်းမှာ musinsa standard အမှတ်တံဆိပ် ဂျာကင်အင်္ကျီတွေကို အလုပ်သမား ၃၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေတာဖြစ်ပါတယ်။
 
"ဖြစ်စဉ်ကတော့ စက်ရုံမှာ အလုပ်သမား ၃၀၀ နီးပါးနဲ့ မနက်အလုပ်ချိန် ၈ နာရီကနေ ည ၇ နာရီ အထိ ( အချိန်ပို ၂ နာရီအပါ) လုပ်ရပါတယ်။ ရတာက လုပ်သက်တစ်နှစ်ပြည့်ရင် ဒေးကြေး ၇၂၀၀ ၊ ထောက်ပံ့ကြေး ၂၀၀၀ စုစုပေါင်း ၉၂၀၀ ကျပ်၊ အချိန်ပိုကြေး ၁၈၀၀ ရပါတယ်။ ဒေးကြေး ၈၀၀၀ ၊ အချိန်ပိုကြေး တနာရီ ၂၀၀၀ ရတဲ့ သူလည်းရှိပါတယ်။ စက်ရုံဖွင့်ထားတာ တနှစ်ကျော်ပဲရှိပါသေးတယ်။ အလုပ်သမားတွေကို ရက်မှန်ကြေး ၆၀၀၀၀ ကျပ်ဆိုပြီးသတ်မှတ်ပေးပါတယ်။ ဒါပေမယ့် ခွင့်ယူရင် ဘယ်ခွင့်ပဲယူယူ တရက်ပျက် ၂၀၀၀၀ ကျပ်ပြန်ဖြတ်တယ် ၃ ရက်ပျက်ရင် ရက်မှန်ကြေးမရတော့ဘူး၊ ကျွမ်းကျင်ကြေးကိုလည်း သူတို့ မကြိုက်တဲ့ အလုပ်သမားဆို လျှော့ချလိုက်တယ် ဆေးခွင့်လည်း မပေးဘူး ရှင်းရှင်းပြောရရင် ဥပဒေပါခွင့်တွေ ဘာတခုမှ မရဘူး၊ ဆေးခန်းကလည်း ဘာမှမလုပ်ပေးသလို ထမင်းစားဖို့ အဆင်မပြေတာ ၊ အိမ်သာအဆင်မပြေတာတွေ ၊ အထည်စံချိန် မတရား တောင်းတာ စူပါ တွေ လီတာတွေကနေ ဆဲဆို အကြမ်းဖက်တာတွေ ရှိနေလို့ ဖြေရှင်းပေးဖို့ တောင်းဆိုတာ "လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ နေ့လည်ထမင်းစားချိန် ထမင်းစားဆောင်ဟာ အလုပ်သမားဦးရေနဲ့ မလောက်ငှတာကြောင့် ကျပ်တည်းစွာ စားသောက်ရတာ ၊ သန့်ရှင်းတဲ့ ရေအိမ် နည်းပါးတာကြောင့် ကျန်းမာရေးကိစ္စများအတွက် အခက်ကြုံရတာတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
 
"မိုးတွင်းဆို မတ်တပ်ရပ် ထီးဆောင်းပြီး ထမင်းစားရတာမျိုးတွေရှိတယ်။ အလုပ်သမား ၃၀၀ အတွက် အိမ်သာ ၁၂ လုံးက ၃ လုံးပဲကောင်းတယ် ၊ ဆေးခန်းထားပေးတာလည်း တခုခုဖြစ်ရင် ဘာမှမလုပ်ပေးဘူး။ အထည်စံချိန်တွေဆို အလုပ်သမားတွေချုပ်နိုင်တာထက်ပိုပြီးတောင်းတယ် ၊ လူမရှိဘူးဆိုရင် တခြားလိုင်းထဲက လူတွေကိုပါခေါ်ခိုင်းတာတွေရှိတယ်။ စူပါ လီတာတွေက စံချိန်မပေးနိုင်ရင် အော်ဆဲတာတွေ နေ့တိုင်းလုပ်ပါတယ်" လို့ တောင်းဆိုမှုပြုလုပ်ရာမှာ ပါဝင်တဲ့အလုပ်သမားကပြောပါတယ်။
 
ဒါ့အပြင့် လစာထုတ်ရက်မှာ လုပ်ခပေးချေမှုနောက်ကျတာ၊ ဖယ်ရီမစီစဉ်ပေးတာတွေကြောင့် အခက်အခဲတွေကြုံနေရပြီး အဝေးပြန်ရသူတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC သာရှိပြီး လုပ်သက်တနှစ်ရှိသူတွေကိုသာ ရွေးထုတ်ပြီး စက်လိုင်းတစ်လိုင်းလျင် တဦးသာမဲပေးခိုင်းတာ ကြောင့် ပွင့်လင်းမြင်သာမှုမရှိသလို လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေတိုးတက်ကောင်းမွန်ဖို့အတွက် ဦးဆောင် ဖြေရှင်းပေးမယ့် သူမရှိလို့ တောင်းဆိုမှုမှာ တပါးတည်းထည့်သွင်းတောင်းဆိုထားပါတယ်။
 
လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ် အကူအညီပေးဖို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကိုလည်း အကူအညီတောင်းခံထားတယ်လို့ အလုပ်သမားကပြောပါတယ်။
အလုပ်သမားတောင်းဆိုချက်တွေအနေနဲ့
၁။ ဒေးကြေးကို စက်ချုပ်နှင့် သန့်ရှင်းရေးအဆုံး တန်းတူ ၁၁၀၀၀+၂၀၀၀ ထပ်တိုးပေးရန်။
၂။ ဥပဒေပါခံစားခွင့်များပေးရန်။
၃။ ရက်ပျက်လျှင် ပုံမှန်ဖြတ်တာထက် ဂရိတ်ကြေးမဖြတ်ချရန်။
၄။ ဆေးခွင့်တင်လျှင် အကျိုးခံစားခွင့်များပေးရန်။
၅။ အချိန်ပိုကြေးကို ဒေကြေးနှင့် အညီပေးရန်။
၆။ နှစ်ကြေးပေးရန်နှင့် နှစ်ပြည့်သည့်လတွင်ပေးရန်။
၇။ ဂိတ်ပတ်ယူလျှင် ရန်မှန်ကြေးမဖြတ်ရန်၊ ဒေးကြေးထဲမှ အချိုးကျဖြတ်ရန်။
၈။အိမ်သာများကို လူဦးရေးနှင့် အညီဆောင်ရွက်ပေးရန်။
၉။ ထမင်းစားဆောင်နေရာများ တိုးချဲ့ကာ မိုးလုံ ပြုလုပ်ပေးရန်။
၁၀။ လစာထုတ်ပေးသည့်ရက်ကို အလုပ်ချိန် ၈ နာရီအတွင်းထုတ်ပေးရန်နှင့် အိမ်ပြန်ဖယ်ရီ စီစဥ်ပေးရန်။ လစာကို ၅ ရက်နေ့ နောက်ဆုံးထား၍ ဝန်ထမ်းအားလုံးကို ထုတ်ပေးရန်။
၁၁။ စံချိန်များကို အလုပ်သမားလုပ်နိုင်သည်ထက်ပိုမိုတောင်းခံခြင်းမပြုရန်။
၁၂။ စူပါ၊ လီတာများမှ ဆဲဆိုပြောဆိုခြင်းများ အကြမ်းဖက်ခြင်းများမပြုလုပ်ရန်၊ လုပ်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် စတဲ့အချက်တွေ ညှိနှိုင်းဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026