ရန်ကုန်ရွှေအသင်း (YGEA)ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ ဖေဖော်ဝါရီ ၅ရက်မှာအဖမ်းခံလိုက်ရတဲ့နောက် မှာတော့ ရွှေဈေးကွက်အတွင်း အရောင်းအဝယ်တွေရပ်တန့်ကာ ဈေးတွေလည်း သိန်းဆယ်ချီ ပြန်ကျလာတယ်လို့သိရပါတယ်။
ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ဖမ်းဆီး အရေးယူထားတယ်လို့စစ်ကောင်စီက ကြေငြာပြီးတဲ့နောက်မှာ အရင်လက ရွှေ၁ကျပ်သားကို သိန်း၁၁၈သိန်းကျော်အထိတက်ခဲ့တဲ့ရွှေဈေးဟာ လက်ရှိမှာဖေဖော်ဝါရီ၇ရက်အထိကို သိန်း၁၀၅သိန်းဈေးနဲ့ နှုန်းထားကျဆင်းလာတယ်လို့ဆိုပါတယ်။
ဒါကြောင့် myanmar labour news ရဲ့ တစ်ပတ်တာကုန်ဈေးနှုန်းအကြောင်းတင်ပြမှုကနေ ဇန်နဝါရီ၃၁ရက်ကေန ဖေဖော်ဝါရီ၇ရက်အတွင်းဖြစ်ပေါ် ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းအခြေအနေအမျိုးမျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။
စက်သုံးဆီဈေးနှုန်း
ဖေဖော်ဝါရီ၇ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၃၃၅ကျပ် ၊ ၉၅ တစ်လီတာ ၂၄၀၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၆၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၇၄၀ကျပ်ဖြစ်ပါတယ်။
အဲဒီမတိုင်မီ ဖေဖော်ဝါရီ၅ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၃၁၅ကျပ်၊ ၉၅ တစ်လီတာ ၂၃၆၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၈၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၆၆၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၄၀ကျပ်နှုန်း ဈေးတက်ကာဒီဇယ်ဈေးက တော့၈၀ကျပ်နှုန်းဈေးတက်ပါတယ်။
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၄၀၀၀ နဲ့အထက် ပတ်ချာလည် ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
ရွှေဈေးနှုန်း
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက ဒီကနေ့မှာ ကျပ် ၆၉,၀၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင်တစ်ပတ်ကသတ်မှတ်ဈေးထက် ငွေကျပ်၈သောင်းနှုန်း ပိုလာတာလည်းဖြစ်ပါတယ်။
ရွှေ ပြင်ပပေါက်ဈေးအနေနဲ့ကတော့၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ယခုတစ်ပတ်အတွင်းမှာ သိန်း၁၀၃သိန်း၊ ၁၀၅သိန်းကျပ်ဈေးအထိဖြစ်လာကာ ပြီးခဲ့တဲ့တစ်ပတ်ကြာက သိန်း၁၁၈သိန်းဈေးထက် ငွေကျပ်ဆယ်ဂဏန်း၁၃သိန်းဈေးခန့်ကျဆင်းလာပါတယ်။
" ရွှေဈေးက စံချိန်တင်တက်နေလို့ဝယ်မယ့်ရောင်းမယ့်သူရှိမနေတဲ့အပြင် ဒီတစ်ပတ်မှာ ရွှေအသင်းကလူတွေကိုဖမ်းသွားတော့ ရွှေဆိုင်တွေ လည်း အကြပ်ရိုက်သွားလောက်မယ်၊ အခုတော့ ပြင်ပရွှေဈေးကွက်မှာ ၁၃သိန်းလောက်ထပ်ကျသွားတယ်။ သိန်း၁၀၀ကျော်ဈေးကအခုထိဖြစ်နေပေမယ့် အရမ်းတက်သွားတာကို တားလိုက်သလိုပဲဖြစ်သွားသလားတောင်ထင်မိပါတယ်"လို့ ရွှေဈေးကွက် လေ့လာနေသူတယောက်ကပြောပါတယ်။
ငွေဈေးနှုန်း
နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ယခင်တစ်ပတ်ကြာဈေးနဲ့နှိုင်းယှဉ်ပါက ဒေါ်လာဈေး တန်းက တည်ငြိမ်နေပါတယ်။
အမေရိကန်ဒေါ်လာ၁ ဒေါ်လာဈေးက ဖေဖော်ဝါရီ၇ရက်မှာ ရောင်းဈေး ၃၉၆၀ကျပ်၊ ဝယ်ဈေး ၄၀၁၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၅ကျပ်ကျော်၊ ဝယ်ဈေး ၁၂၈ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၇၅ကျပ်၊ ဝယ်ဈေး ၅၈၃ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၅၀နဲ့ဝယ်ဈေး၂၄၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၈၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၁၂၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ ဒေါ်လာဟာယခင်တပတ်ကြာဈေးထက် တော့အနည်းငယ်ပြန်တက်လာတာပဲဖြစ်ပါတယ်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ စားအုန်းဆီ၁ပိဿာကို ၆၂၀၀ကျပ်ဈေးသတ်မှတ်ထားတာကြောင့် ယခင်တစ်ပတ်ကြာက ဈေးသတ်မှတ်ချက်စားအုန်းဆီ၁ပိဿာ ၆၁၅၀ကျပ်ဈေးထက် ယခုတစ်ပတ်မှာ၅၀ကျပ်ဈေးပိုလာပါတယ်။
ပြင်ပဈေးကွက်မှာတော့ ဆီအသင်းသတ်မှတ်ဈေးတစ်ပိဿာကို ၆၂၀၀ကျပ်နှုန်းနဲ့ပဲ အခြေခံကာတစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေး
ဆန်ဈေးနှုန်းတွေကတော့ ပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီ၁ပိဿာကို၁၅၀၀ကျပ် မှ ၂၅၀၀ကျပ်အထိဈေးအများဆုံးဈေးကွက်ဖြစ်နေကြောင်းသိရပါတယ်။
ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၇၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
ကြက်သားအရသာဟင်းခတ်မှုန့်၊ အချိုမှုန့် ၊ခရုဆီ၊ပဲငံပြာရည်၊ ငရုတ်ကောင်းစတဲ့ ကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။
ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါဆထုပ်ကိုငွေ၁၀၀၀ကျပ်ရှိပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၂၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၄၀၀၀ကနေ၁၇၀၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။ ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်ထက်၅၀ကျပ်လောက်ခုန်တက်လာရာအရင် ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ်ဈေးမှကြက်ဥတစ်လုံး၅၀၀ကျပ်ကနေ၆၀၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၅၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးက တော့အနည်းဆုံး၁၀၀၀ကျပ်နဲ့ဝယ်လို့ရနေကာ မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၁၀၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပြီး ဆောင်းသီးနှံထဲဈေးပေါလာတာကတော့ယခင် ပြောင်းဖူး၁ဖူးကိုငွေကျပ်၁၀၀၀မှ၁၅၀၀ဈေးကနေ ယခု ၁ဖူးကို ငွေကျပ်၅၀၀ကနေ၁၀၀၀ ဈေးဖြစ်လာလို့ ငွေ၅၀၀ကျပ်လောက်အရင်ထက်ဈေးအနည်းငယ်လျော့လာသလို ဂေါ်ဖီပန်း၊မုန့်ညှင်း၊မုန်လာဈေးများလည်းအရင်ထက် ဈေးနည်းနည်းစီကျဆင်းလာပါတယ်။
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ် ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။
ဆေးနဲ့ဆေးပစ္စည်း ဈေးတွေကတော့ တက်နေဆဲဖြစ်သလို သုံးစွဲသူတွေအနေနဲ့ မူလသုံးနေတဲ့ဆေးအမျိုးအစားနေရာမှာ အလားတူ၊အာနိသင်တူဆေးဝါးအမျိုးအစားတွေကိုပဲ အစားထိုးသုံးစွဲရတာတွေများလာကြောင်းသိရပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။









