NEWS

ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ

CoverLogo
522 Views
 
ရွှေပေါက်ကံစက်မှုဇုန် HYUN TEX အထည်ချုပ်စက်ရုံ (Sujin စက်ရုံ၏ ရုံခွဲအသစ်) လုပ်သားအင်အား ၁,၀၀၀ ကျော်မှာ ညနက် အချိန်ပို (Overnight Shift) အတင်းအကျပ် ဆင်းခိုင်းခံရမှု တွေ ကြောင့် အိပ်ရေးပျက်ပြီး ကျန်းမာရေး ထိခိုက်ကာ အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေရတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။
 
"ညဆိုင်းကို "Export မမီဘူး" ဆိုပြီး ဆင်းခိုင်းတာပဲ။ တနင်္လာနေ့ကနေ စနေနေ့အထိ နေ့တိုင်း ညဆိုင်း အချိန်ပိုတွေ လုပ်ခိုင်းတယ်။ အလုပ်သမားတွေက တစ်ရက်ခြား ညဆိုင်း ဆင်းနေရတယ်” လို့ ပြောပါတယ်။
 
ညဆိုင်းမဆင်းနိုင်ပါက အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာလို့ အလုပ်သမားရုံးကို တိုင်ကြားခဲ့တဲ့ အမျိုးသမီး တဦး ကိုလည်း Blacklist (အမည်မည်းစာရင်း) သွင်းခဲ့လို့ အလုပ်သမာတွေမှာ တိုင်ကြားဖို့ တွန့်ဆုတ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
ပုံမှန် နေ့ဆိုင်း အလုပ်ချိန်မှာ ညနေ ၆ နာရီ ၁၅ မိနစ်မှာ ပြီးဆုံးသော်လည်း ည ၇ နာရီမှ နောက်တစ်နေ့ မနက် ၁၂ နာရီအထိ တစ်ရက်ခြား ညဆိုင်း လုပ်ကိုင် ပေးရတာလို့ ပြောပါတယ်။
 
“ညဆိုင်းအပြီး စက်ရုံကက မနက် ၅ နာရီ ပြန်တော့ ဖယ်ရီကားက ဆင်းတဲ့သူ အားလုံးကို လိုက်မပို့နိုင်တော့ဘူး။ အဲ့တော့ ရောက်တဲ့နေရာကနေ ကိုယ့်လမ်းစရိတ်နဲ့ကိုယ် ဆက်သွားရတယ်” လို့ ပြောပါတယ်။
 
အချိန်ပို လုပ်ကိုင်ပြီးနောက် စက်ရုံမှာပဲ ဖြစ်သလို အိပ်ရတဲ့အပြင် အိပ်ချိန်မလုံလောက်ဘဲ နေ့ဆိုင်း ပြန်ဝင်ရလို့ ကျန်းမာရေး ပြဿနာတွေ ကြုံရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
"ညဘက်လည်း မနားရ၊ နေ့ဘက်လည်း မနားရ။ မနက်အစောကြီး ပြန်ရောက်ပြီး ရေချိုးပြီး နေ့ဆိုင်း ပြန်ဝင် ရတာ။ အိပ်ချိန် မမှန်တော့ နေ့ခင်းဘက် အလုပ်မလုပ်နိုင်ဘူး။ နေမကောင်းဖြစ်လို့ အလုပ်မဆင်းနိုင်ရင် ရက်ပျက်ကြေး အဖြတ်ခံရတယ်။ ညဆိုင်းကြေး ရပေမယ့် ရက်ပျက်တာနဲ့တင် မကာမိဘဲ လစာ အဖြတ်ခံ ရတာတွေ ရှိပါတယ်" လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားတွေ ညဆိုင်းမဆင်းနိုင်ပါက "စက်ရုံအသစ်ရှာဖို့" လိုင်းမန်နေဂျာနှင့် အော်စူပါ ဖိအားပေး ခြိမ်းခြောက်တယ်လို့လည်း ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း စက်ရုံတွင် အရေးပေါ် သတိပေးစနစ်လည်း မရှိသလို Name Card တွေပါ ထုတ်ပေး မထားဘူးလို့ သိရပါတယ်။
 
HYUN TEX အထည်ချုပ်ရုံသစ်က ရန်ကုန်၊ ရွှေပေါက်ကံစက်မှုဇုန်၊ ဇေကမ္ဘာ (၇) လမ်းမှာရှိပြီး ကိုရီးယားနိုင်ငံသား ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
 
စက်ရုံသစ်မှာ လိုင်းပေါင်း ၁၇ လိုင်း ရှိပြီး Feltics၊ Volcom၊ Dewalt စတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တွေနဲ့ ကိုရီးယား၊ ဂျပန်ထည်တွေကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026