NEWS

ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီး၆ ဦးအတွက် စိုးရိမ်ရသည့် အခြေအနေဟု မိသားစုဝင်များ ပြော

CoverLogo
709 Views
 
အီရတ်နိုင်ငံမှာ ရောင်းစားခံထားရတဲ့ မြန်မာအမျိုးသမီး ၆ ဦးနဲ့ အဆက်အသွယ်ပြတ်ထောက်သွားပြီး အဲဒီ အမျိုးသမီးတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အမျိုးသမီး ၆ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ဒူဘိုင်းကိုရောက်ရှိပြီး တလလောက်အကြာမှာ အီရတ်ကိုရောက်ရှိ သွားခဲ့တာလို့ သိရပါတယ်။
 
“အီရတ်ကို ရောက်ကတည်းက ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ကြုံရတယ်။ သေနက်ပြ ခြိမ်းခြောက် ခံရတယ် ။ အစာကို တရက် တနပ်ပဲ စားနေရတယ်။ အခု ၆ ယောက်လုံး တစုတည်း မဟုတ်တော့ဘူး ။ တယောက် တခွဲဖြစ်နေတယ်။ နောက်ဆုံး အဆက်သွယ်ရတဲ့ တယောက်ကတော့ တောင်တွေအများရှိတဲ့ နေရာမှာ ရောက်နေတယ် ပြောပါတယ်။ အဲဒါ အခု တလပိုင်း တရက် ပြောသွားတာပဲ” လို့ မိသားစုဝင်တဦး က ပြောပါ တယ်။
 
အဲဒီအမျိုးသမီးတွေဟာ အသက် ၂၀ ဝန်းကျင် အရွယ်ဝန်းကျင်ရှိပြီး ပဲခူးတိုင်း ပျဉ်းမနားမြို့နယ်ထဲမှာ နေထိုင်ကြသူတွေလို့ သိရပါတယ်။ UAEနိုင်ငံ ဒူဘိုင်းမြို့မှာ အိမ်ဖော် အလုပ်လုပ်ကိုင်ဖို့ တာမွေမြိုနယ်ထဲက ဇာဇာအောင် ဆိုသူ အမျိုးသမီးက ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ ဩဂုတ်လထဲမျာ အလည်အပတ် ဗီဇာနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီး ရန်ကုန်လေဆိပ်က မထွက်ခွာမီ ၄ ရက်အလိုမှာ အိမ်အကူအလုပ်ကို ၂ နှစ်လုပ်ကိုင်ဖို့နဲ့ ပြန်လာ လိုပါက လျော်ကြေးသတ်မှတ်ချက်ပါဝင်တဲ့ စာချုပ်ကို ချုပ်ဆိုပေးခဲ့ရ ပါတယ်။ ဒူဘိုင်းလေဆိပ်မှာ ထူးထူးကျော် ဆိုသူ မြန်မာအမျိုးသားက လာရောက်ခေါ်ဆောင်ပြီး ဒူဘိုင်းက အေဂျင်စီကို လွဲပြောင်းပေးခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒူဘိုင်းမှာ တလ နီးပါးကြာ အလုပ်မရတာကြောင့် အီရတ်နိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါ ။
 
“စိုးရိမ်ရတဲ့ အခြေအနေတွေ ဖြစ်နေတာ ကြာနေပြီ ။ သေမယ်ဆိုလည်း အရိုးတွေ ဆွေးနေပြီ ။ ခြောက်ယောက် ထဲမှာ တချို့က သေလူလို့တောင် သဘော ထားတဲ့သူ ရှိနေပြီ ။ အဲဒီမှာ ပွဲစားနဲ့ ပတ်သက်သူတွေရော အလုပ်က အမျိုးသားတွေကပါ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကျိုးစားတာတွေ ကြုံနေရတယ်။ လုပ်အား အမြတ်ထုတ်တာက လုပ်ခ တရက် ၅၀၀၀၀ ဆိုရင် ၁၀၀၀၀ ပဲရကြတယ် ကျန်တဲ့ ၄၀၀၀၀ ပွဲစားက ဖြတ်ယူတယ်။ အလုပ်မရှိတဲ့နေ့ဆို အေဂျင်စီရဲ့ မိဘတွေအိမ်ကို သွားလုပ်ပေးရတယ်။ ပိုက်ဆံလည်း မပေးဘူး ။ ထမင်းက တနပ်ပဲ ကျွေးတယ်။ ရတဲ့ ပိုက်ဆံနဲ့ ၆ ယောက်က ဝေမျှစားရတယ်။ မကောင်းတဲ့အိမ်တွေမှာ သွားလုပ်ရတာတွေလည်း ရှိတယ်။ အမျိုးသမီးတယောက်အတွက် မသင့်တော်တဲ့ မကြားဝံမနာသာ ပြောဆို တာတွေ လည်းရှိတယ်။ အသံ ဖိုင်တွေ အကုန်ရှိတယ်။ အခု တော်တော်ကြာနေပြီ အလုပ်သမားတွေ ကိုယ်တိုင် တခုခုလုပ်လိုက်မှာစိုးရိမ်နေပြီ” လို့ ကူညီရေး အဖွဲ့ဝင် တဦးက ပြောပါတယ်။
 
မြန်မာအမျိုးသမီး ၆ဦးကို ရန်ကုန်အခြေစိုက် ပွဲစား ဇာဇာအောင်ဆီ နယ်ခံပွဲစားက ခေါ်ဆောင်သွားတာ ဖြစ်ပြီး အဲဒီနောက် ဒူဘိုင်းကို ပို့ဆောင်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။ နိုင်ငံကူးလက်မှတ် လုပ်ပေးတဲ့ နယ်ခံ ပွဲစားက လစာ ၂ လ အတွက် ဖြတ်ယူမှာဖြစ်ပြီး ဒူဘိုင်းအထိ စာရိတ်စကကတော့ ရန်ကုန် ပွဲစားက ကျခံခဲ့တာလို့ သိရ ပါတယ် ။ အမျိုးသမီးတွေရောင်းစားခံရတာနဲ့ ပတ်သက်ပြီး ပြည်ထဲရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သံရုံးတွေ အပါ အဝင် ICRC ၊ ILO စတဲ့ နိုင်ငံတကာအဆင့် အဖွဲ့အစည်းတွေအထိ အကြောင်းကြား တိုင်ကြားထားတာ ၃ လ နီးပါး ရှိနေပြီလို့ ကူညီးရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။
 
“အခုထိတော့ ဘာမှလည်း မကြားတော့ဘူး ။ ရဲစခန်းကတော့ အသနားခံစာ ရေးခိုင်းထားတာ ရှိတယ်။ ဘာမှ တော့ တိုးတက် မလာဘူး ။ နစ်နာသူတွေဘက်က ပွဲစားတွေနဲ့ အမျိုးသမီးတွေရဲ့ တည်နေရာ စတဲ့ အချက် အလက်တွေကို စုံအောင် ပေးထားပါတယ်။ အဲ့ဒါကို တိုးတက်မှု မရှိတာ။ နိုင်ငံသားတွေကို စောင့်လျှောက်ဖို့ ကတော့ နိုင်ငံတော်တာဝန်လို့ မြင်ပါတယ်။ အချိန်တွေကြာလာလေလေ ၊ ပို ခက်ခဲလာလေလေ ဖြစ်မှာ စိုးတယ်။ အခုတောင် ဘယ်နေရာမှန်း မသိတဲ့နေရာ ရောက်နေတယ်ဆိုတာက မိန်းကလေးတွေ ဘက်မှာ အကာအကွယ်မဲ့ နေပြီ ။” လို့ ကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဒူဘိုင်းမှာ အိမ်ဖော်အလုပ် လုပ်ကိုင်ရမယ်ဆိုပြီး အိုမန်၊ အီရတ်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေဆီ ရောက်ရှိနေသူတွေလည်း ရှိနေတဲ့အပြင် အဲနိုင်ငံတွေကို ရောက်ရှိနေသူတွေမှာလည်း လပေါင်းများစွာ လုပ်ခလစာ မရတာ၊ ရောင်းချခံရတာ အများအပြားရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အီရတ်နိုင်ငံမှာ ရောင်းချခံထားရတဲ့ အမျိုးသမီး ၂ ဦးတည်းက တဦးနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM က ထုတ်ပြန်ထားပါတယ်။
Photo - အီရတ်တွင် မြန်မာအမျိုးသမီး ၆ ဦး စားသောက်ရသည့် ပုံစံ

Related posts

Cover
ခွင့်ပြန် EPS လုပ်သားများ ထွက်ခွာခွင့်အမည်စာရင်း ပါရှိမှသာ ပြည်ပကို ပြန်ထွက်နိုင်မည်ဟုဆို
May 09, 2025
Cover
ပြည်ပမှခွင့်ပြန် အမျိုးသားလုပ်သားများ အသက်ကန့်သက်ချက်အကျုံးဝင်သည်ဆိုကာ ပြည်ပပြန်ထွက်ခွင့်မရ
May 06, 2025
Cover
တရုတ်မယားအဖြစ် လူကုန်ကူးသူတွေကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်မှ နှစ်၂၀ စီချ
May 06, 2025
Cover
OWIC ကတ် လျှောက်ထားသူ ၁၀၀ ကျော် စာရွက်စာတမ်း မပြည့်စုံသဖြင့် ပြန်လည်လျှောက်ထားခိုင်း
May 05, 2025
Cover
အိုမန်မှ ပေးစာ_၂
May 04, 2025
Cover
အကြောင်းမဲ့ အလုပ်ဖြုတ်သည့် လုပ်ငန်းရှင်ကို တိုင်ကြားခဲ့သည့် မြန်မာလုပ်သားများ နစ်နာကြေးဘတ် ၅ သိန်း ကျော်နှင့်စာရွက်စာတမ်းများပြန်ရ
May 04, 2025
Cover
အချက်အလက်မစုံလျင် OWIC ကတ် ပြုလုပ်ခွင့် စာရင်းမသွင်းပေးဟုဆိုလာ
May 03, 2025
Cover
ထိုင်းကို အထောက်အထားမဲ့ ဝင်ရောက်သည့်   မြန်မာအလုပ်သမား ၃၀ ကျော် အဖမ်းခံရ
May 03, 2025