ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) သည် စစ်မှုထမ်းရန်အတွက် အဓိက လူဦးရေစုဆောင်းခံရသည့် နေရာဖြစ်လာပြီး၊ မြို့နယ်အတွင်း ပေါ်တာဆွဲခံရမှုနှင့် လူပျောက်ဆုံးမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရပါတယ်။
စက်မှုဇုန်များနှင့် စက်ရုံလုပ်သား အများအပြားရှိပြီး အခြေခံလူတန်းစား အများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်အတွင်း လူငယ်၊ လူရွယ်များ ပျောက်ဆုံးမှု ပိုမိုမြင့်တက်လာကာ အများစုမှာ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုပါတယ်။
“လှိုင်သာယာမှာက အလုပ်သမားတွေများတော့ လုပ်ခလစာ မက်လုံးပေးပြီး အလုပ်ရမယ် ညာခေါ်သွားပြီး တပ်ထဲရောင်းစားတာမျိုးတွေ ရှိတယ်။ တချို့ကျတော့လည်း အလုပ်ကအပြန် ညဘက် လမ်းမှာတင် ဆွဲခေါ်ခံရတာ။ အုပ်ချုပ်ရေးပိုင်းတွေက အဆောင်တွေကို ဧည့်စာရင်းစစ်တဲ့အခါ လူငယ်တွေတွေ့ရင် မသင်္ကာလို့ဆိုပြီး ခေါ်သွားရာကနေ စစ်မှုထမ်းထဲ ပါသွားကြတာများတယ်။ မိဘတွေက ငွေနဲ့လိုက်ရွေးနိုင်ရင် ပြန်လွတ်လာပြီး၊ မရွေးနိုင်တဲ့သူတွေကတော့ ပါသွားတာပဲ” လို့ လှိုင်သာယာမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိတွင် စစ်မှုထမ်းရန် ငြင်းဆန်လိုသူများအတွက် လူစားထိုးလဲလှယ်ရန် ရှာဖွေရာ၌ ပေးရသည့် ပေါက်ကြေးမှာ မြန်မာငွေကျပ်သိန်း ၁၀၀ နီးပါးအထိ မြင့်တက်နေခြင်းကြောင့် အသက် ၃၅ နှစ်အထက် အမျိုးသားများကိုပါ ပေါ်တာဆွဲတဲ့ အခြေအနေများ ရှိလာတယ်လို့ သိရပါတယ်။
လတ်တလောတွင် လည်း လှိုင်သာယာမြို့နယ် ၉ ရပ်ကွက်မှ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဇွန်လ ၁၈ရက်က လူတစ်ဦးမှ အလုပ်ရှာပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေကြောင်းနှင့် ၎င်းဇွန်လ၁၈ရက် ညပိုင်းမှာ လည်း လှိုင်သာယာမြို့နယ်နေထိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦးလည်း ထပ်မံပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်များက လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပြီး လိုက်လံရှာဖွေလျက်ရှိကြောင်း သိရပါတယ်။
အခုလို စစ်မှုထမ်းရန် ပေါ်တာဆွဲတာတွေ များလာတဲ့ အတွက် ဒေသခံတွေအနေနဲ့ ညဘက်အပြင် သွားလာမှု တွေလျော့နည်းလာသလို အလုပ်အကိုင် ကမ်းလှမ်းမှုများနဲ့ ပတ်သက်၍လည်း အထူးသတိပြု ဆင်ခြင်လာကြတယ်လို့ သိရပါတယ်။
Photo_









