NEWS

မြဝတီနယ်ခြားက ကာမလုပ်သားငရဲခန်းရွှေကုက္ကိုလ်

CoverLogo
18K Views

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ကရင်ပြည်နယ်မြဝတီမြို့မှာရှိတဲ့မြေ ၆၂ ဧကမှာနှစ် ၃၀ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ရွှေကုက္ကိုလ်စီမံကိန်းဟာစတင်လုပ်ကိုင်စဥ်မှာတော့အိမ်ရာ စီမံကိန်းလို့အမည်ခံထားပေမယ့်နောက်ပိုင်းမှာတော့တရုတ်နဲ့ကရင်နယ်ခြားစောင့် တပ်ဖွဲ့တွေရဲ့ကိုယ်ကျိုးစီးပွားသက်သက်သာဖြစ်ခဲ့ရတယ်လို့ဆိုရမှာပါ။

ဒီစီမံကိန်းမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေပါဝင်နေတယ်လို့ အမေရိကန်ရဲ့လွတ်လပ်တဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ UPI အဖွဲ့ကဖော်ထုတ်ခဲ့ပေမယ့် အဲ့ဒီ့အချိန်ကမလေးရှားလုပ်ငန်းစုနဲ့မြန်မာလုပ်ငန်းရှင်တွေပူးပေါင်းလုပ်တဲ့အကျိုးတူစီမံကိန်းလို့ကရင်ပြည်နယ်လွှတ်တော်ကငြင်းချက်ထုတ်ခဲ့ပါတယ်။

ဒါပေမယ့်စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဒီစီမံကိန်းရဲ့သရုပ်သဏ္ဍန်ဟာအမှန်အတိုင်းပေါ်လွင်လာခဲ့ပြီလို့ဆိုရမှာပါ။

"ကျတော်တို့ကိုဟိုမှာကာစီနိုမှာဖဲဝေရမယ်ဆိုပြီးအွန်လိုင်းကနေတဆင့်ခေါ်တာ ဟိုရောက်တော့ဒီလိင်ကိစ္စတွေအွန်လိုင်းကနေလုပ်ရမယ်ဆိုလို့ HR နဲ့ပြောမယ်ဆိုတော့ တရုတ်က မင်းတို့ကိုရောင်းစားသွားပြီလို့ပြောတယ်"လို့မန္တလေးဖက်ကနေသွားရောက်လုပ်ကိုင်ခဲ့ပြီးနောက်ထွက်ပြေးလွတ်မြောက်လာတဲ့ကိုဂျိုးဇက်က Myanmar Labour News ကိုပြောပါတယ်။

ဒီကိစ္စမှာ Myanmar Labour News ရဲ့သတင်းအရစ်အမြစ်တွေကနယ်ခြားစောင့် တပ်တွေထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတယ်လို့အခိုင်အမာဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး "သူတို့ကလုံခြုံရေးအနေနဲ့ရှိတယ် အပြာကလက်နက်မကိုင်ဘူး အနက်ကကျဥ်စက်ကိုင်တယ်အဲ့အထက်ကကောင်တွေကလက်နက်နဲ့စောင့်တာ အလုပ်ချိန်ကလွဲပြီးကျန်တဲ့အချိန်အခန်းထဲထည့်ပိတ်ထားတာ"လို့ရွှေကုက္ကိုလ်ဝင်းထဲက တရုတ်လူမျိုးတဦးပိုင်ဝမ်လုံဆိုတဲ့ရုံ မှာလုပ်ခဲ့သူတဦးဖြစ်တဲ့ကိုမျိုးကဆိုပါတယ်။

ဒီအွန်လိုင်းကနေကာမနဲ့ငွေကြေးလိမ်လည်ရယူတဲ့လုပ်ငန်းကိုလာရောက်လုပ်ကိုင်သူတွေအများစုဟာ မလာရောက်ခင်သူတို့ဘာလုပ်ရမယ်ဆိုတာမသိခဲ့ပါဘူး။

အွန်လိုင်းကနေကုမ္ပဏီရဲ့ HR ဆိုသူတွေကအဂ်လိပ်စကားပြောကောင်းသူတွေနဲ့ကွန်ပြူတာတက်ကျွမ်းတဲ့သူတွေအပါအဝင်အလုပ်လုပ်ကိုင်လိုသူတွေကို အဓိကထားပစ်မှတ်ထားခေါ်ယူတဲ့အတွက် အနယ်နယ်အရပ်ရပ်မှအမျိုးသမီးငယ်တွေအမျိုးသားငယ်တွေဟာလာရောက်လုပ်ကိုင်ရင်းနဲ့ပဲရောင်းစားခံဘဝရောက်မှန်းမသိရောက်ကုန်တယ်လို့ဆိုရမှာပါ။

"ရောက်ရောက်ချင်း တော့လစာပေးတယ်၊ ၃ လလောက်ရောက်ပြီဆိုတာနဲ့တနေ့ကိုမြန်မာငွေသိန်းတစ်ရာ နှစ်ရာလိမ်ခိုင်းတယ် မရရင်ဖိအားပေးတယ် ထွက်မယ်ဆိုဘတ်ငွေနဲ့ပြန်လျော်ခိုင်းတယ် မလျော်နိုင်ရင်တခြားကုမ္ပဏီတခုကိုရောင်းစားပစ်လိုက်တယ်၊ လူငယ်တွေကဒီလိုနဲ့ဒုက္ခရောက်နေကြတာ"လို့ ဒီကိစ္စတွေမှာ ဒုက္ခရောက်နေသူတွေကို ထဲထဲဝင်ဝင်ကူညီလုပ်ကိုင်ပေးနေတဲ့ကိုဝေက Myanmar Labour News ကိုပြောပါတယ်။

ဒီလုပ်ငန်းမှာအမေရိကန်၊ ဥရောပနဲ့နိုင်ငံရပ်ခြားကအမျိုးသမီးအမျိုးသားတွေကို ကာမနဲ့မျှားပြီးငွေကြေးလိမ်လည်ရတာမျိုးပါဝင်တဲ့အပြင်သနားလာအောင် ပြောဆိုစည်းရုံးပြီးငွေကြေးလိမ်လည်ရတာမျိုးတွေလဲပါဝင်နေပါတယ်။

ဒါပေမယ့်ကာမကိုအသုံးချပြီး အမျိုးသမီးငယ်တွေရော အမျိုးသားတွေပါအလုပ်လုပ်ရတာများပါတယ်။

"Facebook Grindr Tender WhatsApp Instagram အစရှိတဲ့ အကောင့် အတု တွေ ကို Instagram ကနေ သူများပုံ ယူပြီး ဖွင့်ရပါတယ်.အဲဒီ ကနေ တဆင့် ပိုက်ဆံရှိတဲ့သူတွေ ကို လိုက်ကြူ ပြီး ပိုက်ဆံ လိမ်တာပါ အထူးသဖြင့် USA ကိုပစ်မှတ်ထားပါတယ်။ကြူတဲ့အခါမှာ ယောကျ်ားတွေဆိုရင် gay လို ကြူရပြီး၊ မိန်းကလေး ဆိုရင်၊ ယောကျာ်းလို ကြူရတာပါ။ရှင်းရှင်းပြောရရင် Sex  chat ရတာပါပဲ။ မိန်းကလေး ပဲဖြစ်ဖြစ်၊ Gay ပဲဖြစ်ဖြစ်၊  အောက်ပိုင်းကို အထိကထားပြီး Sex ချက်ရတာပါ။ သူတို.ဆီ မှာ sex ဓါတ်ပုံ အမျိုးမျိုး ရှိပါတယ်။
အကြူခံရတဲ့ သူတွေ နဲ့ ရင်းနှီးအောင် လုပ်ပြီး၊ ချစ်သူဖြစ်တဲ့ အထိ ကြူပြီး ငွေလိမ်ရပါတော့တယ်"လို့ရွှေကုက္ကိုလ်ဝင်းထဲကသဲပုံဂိတ်အနီးအလုပ်ရုံတခုမှာလုပ်ကိုင်ခဲ့ဖူးတဲ့မသဲ(အမည်လွှဲ)ကပြောပါတယ်။

ဒါကမြန်မာလူမျိုးတွေချည့်ပဲမဟုတ်ပါဘူး။ထိုင်းနိုင်ငံသားတွေနဲ့တရုတ်နိုင်ငံသားတွေပါရောင်းစားခံရလို့ရောက်ရှိနေတာတွေလဲရှိနေတယ်လို့သိရပါတယ်။

"အလုပ်ကိုရောက်ရောက်ချင်း တရုတ် ၂ ယောက်ကိုအချုပ်ခန်းထဲထည့်ထားတာတွေ့တယ်ထွက်ပြေးဖို့လုပ်လို့ ကျဥ်စက်နဲ့တို့ပြီးထည့်ထားတာတဲ့ အဲ့လိုရောင်းစားခံထိထားတဲ့တရုတ်တွေ ထိုင်းတွေအများကြီးရှိတယ် ထမင်းစားချိန်ပဲပေးထွက်ပြီးကျန်တဲ့အချိန်အခန်းထဲပိတ်ထားတာ"လို့မသဲကသူတွေ့ကြုံခဲ့ရတဲ့အခြေအ​ေနကိုပြန်ပြောပြပါတယ်။

ဒီကိစ္စကနေထွက်လွတ်မြောက်လိုတဲ့အမျိုးသမီးငယ်တွေနဲ့အမျိုးသားတွေအတွက်တော့ရွေးချယ်စရာနှစ်မျိုးပဲရှိပါတယ် ဒါကတော့ထွက်ပြေးမလား သူတို့တောင်းတဲ့ လျော်ကြေးပေးမလားဆိုတာပါပဲ။

"ကျတော့်တုန်းကတော့သူတို့တောင်းတယ် ကျတော်ကမပေးဘူး အလုပ်ထဲကတရုတ်ကို မင်းတို့ကိုစစ်သားခေါ်ပြီးဖမ်းခိုင်းမယ်ဆိုတော့မှကြောင်သွားပြီးပြန်လွှတ်တာ" လို့သူလွတ်မြောက်လာခဲ့ရတဲ့အခြေအနေကိုဂျိုးဇက်ကပြောပြပါတယ်။

ဂျိုးဇက်တယောက်သာ အလွယ်နည်းနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့်တခြားသောအဖွဲ့က လူငယ်တစုအတွက်တော့ထွက်လာရတာထင်သလောက်မလွယ်ခဲ့ပါဘူး။

"အလုပ်ကထွက်လာတော့ကျတော်နဲ့ တခြားကောင်မလေးတွေပါသေးတယ် ၁၀ယောက်ကျော်တယ် ခုအဲ့ထဲကတယောက်ကိုတရုတ်ကတရားစွဲမယ်ဆိုပြီး လုပ်ထားလို့ကျတော်တို့တော်တော်အခက်အခဲဖြစ်နေတယ်"လို့ကိုမျိုးကပြောပါတယ်။

ကိုမျိုးတို့အဖွဲ့ဟာအလုပ်ကထွက်လာပေမယ့်လမ်းစရိတ်မရှိလို့လို့မြဝတီမြို့အနီးအနားဂန်းကျင်မှာပဲသောင်တင်နေဆဲပါ။သူတို့အဖွဲ့ထဲမှာမန္တလေး မြစ်ကြီးနား အစရှိတဲ့မြို့တွေကနေလာရောက်လုပ်ကိုင်တဲ့အမျိုးသမီးနဲ့အမျိုးသားငယ်တွေပါဝင်ပါတယ်။

ဒီလိုလုပ်ငန်းတခုဗန်းပြပြီးကာမလိမ်လည်မှု့လုပ်ငန်းအတွက် အသုံးချဖို့လုပ်သားအင်အားဟာခုလိုစစ်အာဏာသိမ်းကာလတိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်အလုပ်အကိုင်ရှားပါးနေတဲ့အချိန်မှာအများအပြားရရှိနေတယ်လို့ဆိုရမှာပါ။

အွန်လိုင်းကနေလိမ်လည်ခေါ်ယူတာတွေအပြင် ရောက်နေပြီးသားလူကိုအလုပ်ထွက်ခွင့်ရချင်ရင် နောက်ထပ်လူခေါ်ဖို့ဖိအားပေးစေခိုင်းတာတွေကြောင့်မြန်မာလူမျိုးတွေအပါအဝင်အာရှနိုင်ငံတွေကလူငယ်တွေနဲ့အမျိုးသမီးတွေပါရာနဲ့ချီပြီးဒီလုပ်ငန်းထဲကိုလိမ်လည်ခံရပြီးရောက်ရှိလာပါတော့တယ်။

ဒီကိစ္စမှာယခင်ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တွေဘယ်လိုပုံစံမျိုးနဲ့ပါဝင်ပတ်သက်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းမသိသေးပေမယ့် ၂၀၂၀ ခုနှစ်ထဲမှာပဲဒီရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သက် ပြီးလက်ရှိစစ်ခေါင်းဆောင်ရဲ့အငြင်းပွားဖွယ်စကားတခုကြောင့် BGF ကဗိုလ်မှူး ဗိုလ်ချုပ်အ‌ေယာက် ၉၀ လောက်နှုတ်ထွက်စာတင်တဲ့အထိဖြစ်ခဲ့ကြပါသေးတယ်။

ဒီစီမံကိန်းကိုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Myanmar Yatia International Holding Group Co., Ltd. ကို  ရွှေကုက္ကိုလ်အိမ်ရာစီမံကိန်း လုပ်ကိုင်ရန် ၂၀၁၈ ခုနှစ်တွင် ခွင့်ပြုချက်အမှတ် ၀၉၉/ ၂၀၁၈ ဖြင့်  ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစုရှယ်ယာတွေအနေဖြင့် မြန်မာနိုင်ငံမှ ဦးစောမင်းမင်းဦးက ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံမှ Mr.Tang Kriang Kaiက ၆၇ ဒသမ ၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr. Lim Jun Jieက ၈ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် Mr. Chow Tiam Yu က ၄ ဒသမ ၀၄ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ထားတဲ့အပြင်  ကုမ္ပဏီရဲ့ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုသက်တမ်းကာလက နှစ်ပေါင်း ၃၀ ဖြစ်ကြောင်း၊ မတည်ငွေရင်း ထည့်ဝင်ထားမှုက ကျပ် ၃၅၉၇ သန်း၊ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၈ သန်းထည့်ဝင်ထားတယ်လို့လဲသိရပါတယ်။


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026