ထိုင်းနိုင်ငံ စမူပကန်မြို့နယ် ဘန်ပူမိုင် ကျေးရွာ၊ဘန်ပူစွယ် 69တွင် နေထိုင်သည့် မြန်မာအလုပ်သမား (MOU,PJ,ဘတ်အသစ်)ကိုင်ဆောင်ထားသူ ၂၈ဦး ကို မြန်မာပွဲစား ဆိုသူက အလုပ်သွင်းပေးမယ်ဆိုကာ စမတ်ခများ လိမ်ယူပြီး ထွက်ပြေး သွားတယ်လို့ ၎င်းအမှု ကို ကူညီပေးတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
မြန်မာလုပ်သား အမျိုးသား ၁၁ဦးနဲ့အမျိုးသမီး ၁၇ဦး ကို ထိုင်းနိုင်ငံ၊စမူပကန်မြို့နယ် ၊ဘန်ပူမိုင် တွင်နေထိုင်တဲ့ ပွဲစား ကိုလင်းလင်းနဲ့မခင်ထက်ထက်ထွန်း တို့က အလုပ်သွင်းပေးမယ်ဆိုကာ လုပ်သားတစ်ဦးလျှင် စမတ်ကြေး ဘတ် ၅၅၀၀မှ ၆၅၀၀ အထိ တောင်းယူခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ တောင်းယူခဲ့ပေမယ့် မြန်မာအလုပ်သမားတွေ ကို အလုပ်မသွင်းပေးတဲ့ အပြင် မတ်လ၄ရက်မှာတော့ အလုပ်သမားတွေကို အဆက်သွယ် ဖြတ်ကာ စမတ်ကြေးတွေ လိမ်လည်ပြီး ထွက်ပြေး တိမ်းရှောင် သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် နစ်နာသူ မြန်မာအလုပ်သမားတွေဟာ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံ လာရောက် ပြီး စမတ်ကြေးများ လိမ်လည်ပြေးသွားတဲ့ ပွဲစား လင်မယား ကို အမှုဖွင့် တိုင်ကြားပေးရန် အကူညီတောင်းခံတဲ့ အတွက် မတ်လ၈ရက်မှာ အမှုကို လက်ခံခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမား တွေထံမှ စမတ်ခများ လိမ်ယူပြီး ထွက်ပြေးသွားတဲ့ ပွဲစားလင်မယား ဟာ မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊မြို့မ ၄ရပ်ကွက် ဂျိုးဖြူ လမ်း မှာ နေထိုင်ခဲ့သူတွေ လည်း ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ကလည်း မြန်မာလုပ်သား ၆၃ဦး ကို အီလက်ထရောနစ် စက်ရုံမှာ အလုပ်သွင်းပေးမယ်ဆိုကာ မြန်မာပွဲစားက စမတ်ကြေး ဘတ်၄သိန်း လိမ်လည် ထွက်ပြေးရာ WAGအလုပ်သမား မဟာမိတ်အဖွဲ့ရဲ့ အကူညီ ဖြင့် အလိမ်ခံရငွေ များ ပြန်လည်ရရှိခဲ့ကြောင်းသိရပါတယ်။









