ထိုင်းနိုင်ငံ ချာချင်ဆောင်ပြည်နယ် က တရုတ်လုပ်ငန်းရှင်ပိုင် ကားအကူပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၇ဦး ကို အလုပ်ရှင်က ကြိုတင်အကြောင်းကြားတာမျိုး မလုပ်ဘဲ အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ ၎င်းကိစ္စ ကို ကူညီပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
မြန်မာအလုပ်သမား ၁၇ဦးဟာ ၎င်းစက်ရုံကို ကြားခံအေဂျင်စီမှတစ်ဆင့် အလုပ်လုပ်ကိုင်နေတာဟာ လုပ်သက် ၄လ ကျော်မှ ၅လကျော် အထိ ကြာမြင့် နေပြီ ဖြစ်ကာ ဒီဇင်ဘာ ၁၂ရက် မှာတော့ ကြိုတင်အကြောင်းမကြားဘဲ အလုပ်မှ ထုတ်ပယ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
အခုလို မတရားသဖြင့် အလုပ်ထုတ်ခံရတာကြောင့် မြန်မာအလုပ်သမားတွေ က အေအေစီရဲမင်း ဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့ ထံသို့ အကူအညီတောင်းခံလာခဲ့ရာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ သက်ဆိုင်ရာ နယ်မြေခံ စဝါဒီကန်အလုပ်သမားရုံး၌ အမှုဖွင့်လှစ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
နစ်နာသူ အလုပ်သမားတွေ အတွက် ထိုင်းအလုပ်သမားဥပဒေနဲ့အညီ ဆုံးရှုံးနစ်နာထား မှု များ အပြည့်အ၀ ရရှိတဲ့ အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ M.H.A.C မဟာမိတ်အဖွဲ့ က အသိပေးထားတယ်။
ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားတွေကို အလုပ်ရှင်အချို့က လုပ်ခလစာ မပေးခြင်း ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခြင်း စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု တွေ မကြာခဏ ကျူးလွန် ကျပြီး ထိုသို့ ဖြစ်ပွား ပါက လည်း နစ်နာသူ အလုပ်သမားတွေ အနေနဲ့ မြန်မာအလုပ်သမားကူညီရေးအဖွဲ့စည်းတွေထံ အကူညီတောင်းခံ ဖြေရှင်းဆောင်ရွက် ကျရတယ်လို့ သိရပါတယ်။









