မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ နှစ်သစ်ကူး ထုတ်ပြန်ချက်
လေးစားအပ်ပါသော မြန်မာနိုင်ငံသူ နိုင်ငံသား လုပ်သားပြည်သူများသို့။
၁) ၂၀၂၂ ခုနှစ် သည် မြန်မာနိုင်ငံသူ နိုင်ငံသား လုပ်သားပြည်သူအားလုံး ကိုယ်ကျန်းမာ၍ စိတ်ချမ်းမြေ့အပေါင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအောင်ပွဲကို ဆောင်ကျဉ်းပေးမည့်နှစ်သစ် ဖြစ်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။
ကုန်လွန်ခဲ့ပြီးသော ၂၀၂၁ ခုနှစ်သည် အာဏာရူးသည့် စစ်ကောင်စီ၏ လူမဆန်စွာ ရက်စက် နှိပ်စက်မှုများကြောင့် မြန်မာပြည်သူအားလုံးအတွက် မမေ့နိုင်စရာ ဝမ်းနည်းကြေကွဲမှုများစွာ၊ စိတ်ဒဏ်ရာများ၊ ခံပြင်းနာကျည်းမှုများဖြင့် ပြည့်နှက်ခဲ့ရပြီး မျှော်လင့်ထားသည့် အနာဂတ်များ ပျောက်ဆုံးခဲ့ရသော နှစ်တစ်ခု ဖြစ်ခဲ့သည်။
အာဏာရှင်မှ မည်မျှပင် ရက်စက်မှုနည်းနာအပေါင်းအသုံးပြု၍ အကြောက်တရားဖြင့် အုပ်ချုပ်နိုင်ရန် ကြိုးစားလျက်ရှိသော်လည်း အာဏာသိမ်း ပြီးနောက် (၁၁)လတိုင်သည့်အောင် စစ်အာဏာရှင်ကို စိန်ခေါ်ဆန့်ကျင်နေဆဲဖြစ်သည့် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၊ အလုပ်သမားအရေး တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူများ၊ အလုပ်သမားများနှင့်မြန်မာပြည်သူအားလုံးတို့၏ စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်များအတွက် ဂုဏ်ယူစွာဖြင့် အလေးပြုအပ်ပါသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတွင် အသက်ပေး သွားခဲ့သော အာဇာနည်များကိုလည်း အလေးပြုအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)နှင့် အဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ စစ်တပ်မှ တရားမဝင်အာဏာသိမ်းသည့် အချိ်န်မှစ၍ မြန်မာနိုင်ငံ လုပ်သား ပြည်သူများနှင့် တစ်သားတည်း ရပ်တည်၍ ဒီမိုကရေစီတိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့်အတူ ပြည်တွင်းလှုပ်ရှားမှုများနှင့် နိုင်ငံတကာ ဆက်ဆံရေး ကိစ္စများတွင် ပူးပေါင်း တော်လှန် တိုက်ပွဲဝင်လျက်ရှိပါသည်။
၂) အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများအား အရက်စက်ဆုံး နည်းလမ်းများသုံးခြင်းဖြင့် လူ့အခွင့်အရေးကို အဆုံးစွန် ချိုးဖောက်နေသည်။ စစ်တပ်မှ မတရားသဖြင့် အာဏာသိမ်းယူပြီးနောက် အပြစ်မဲ့ ပြည်သူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။ ပြည်သူတို့၏ အိုးအိမ်၊ စည်းစိမ်၊ ဘာဘာရေး၊ ပညာရေး အပါအဝင် နိုင်ငံပိုင်အဆောက်အအုံများ ဆုံးရှုံးပျက်စီးခြင်းနှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများလည်း အဘက်ဘက်မှ ယိုယွင်း ပျက်စီးခဲ့ရသည်။ ထို့အတူ နိုင်ငံဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်း၊ ပုဂ္ဂလိကအလုပ်သမားများနှင့် နေ့စားအလုပ်သမားများ (informal) သန်းပေါင်းများစွာတို့သည် အလုပ်အကိုင်ဆုံးရှုံးခဲ့ရသည်။
၃) အာဏာသိမ်းပြီးနောက် ကာလတိုအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် အနှုတ် (၁၈.၄) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ငွေကြေးဖောင်းပွမှုသည် (၆.၂) ရာခိုင်နှုန်းအထိ ရှိလာသည့်အတွက် အလုပ်သမားများ ရရှိနေသော လစာသည် တစ်နေ့လျှင် (၂) ဒေါ်လာဝန်းကျင် (သို့မဟုတ်) အောက်သို့ ကျဆင်းသွားသည်။
ငွေကြေးဖောင်းပွမှု အပြင်၊ အကြမ်းဖက်စစ်ကောင်စီမှ ဘဏ်စနစ်နှင့် ငွေကြေးလွဲပြောင်း၊ ထုတ်ယူရေးကိစ္စများအပေါ်ထိန်းချုပ်မှု၊ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု၊ စိုးရိမ်ရသောမြေပြင်လုံခြုံရေးအခြေအနေများကြောင့် စီးပွားရေးလုပ်ငန်းအများအပြားသည် လည်ပတ်နိုင်ခြင်း မရှိဘဲ ရပ်နားခဲ့ရသည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းအများအပြားသည် နိုင်ငံမှထွက်ခွာသွားကြသည်။
ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း အထည်ချုပ်၊ သိုးမွေးလုပ်ငန်းများ အများအပြား ထပ်မံ၍ ပိတ်သွားသည်ကိုလည်း တွေ့ရသည်။ ဖေဖော်ဝါရီလမှစ၍ အလုပ်သမားများ၏ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့် (FOA) နှင့် စုပေါင်း ညှိနှိုင်းအရေးဆိုခွင့်များ (CBA) များ လုံးဝ ဖျက်ဆီးခံခဲ့ရပြီး အလုပ်သမားများသည် အခွင့်ရေးများအားလုံး ဆုံးရှုံးကာ စစ်အာဏာရှင် သက်ဆိုးရှည်ရေးနှင့် အလုပ်ရှင်များ၏ အကျိုးစီးပွားအတွက် ကျွန်ပြုခိုင်းစေခံရသည့် အဖြစ်သို့ ကျရောက်လာကြသည်။
၄) ကမ္ဘာ့ကုလသမဂ္ဂ ၏ အေဂျင်စီ တစ်ခုဖြစ်သည့် UNDP မှ မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် မြန်မာ လူဦးရေ၏ အနည်းဆုံး တစ်ဝက် ၂၅ သန်းသည် ဆင်းရဲမွဲတေမှုမျဉ်းအောက်သို့ရောက်ရှိသွားမည်ဖြစ်ပြီး တစ်နေ့လျှင် တစ် ဒေါ်လာအောက်သော ဝင်ငွေဖြင့်ရပ်တည်ရမည်ဟု ထုတ်ပြန်ထားသည်။ သန်းနှင့်ချီသောအလုပ်သမားများနှင့် မိသားစု များသည် ဝင်ငွေမရှိကြပါ။ သိန်းနှင့်ချီသောပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ သောင်းနှင့်ချီသော အပြစ်မဲ့ ပြည်သူများ ထောင်သွင်းအကျဉ်းချခံနေရပါသည်။ ကျောင်းသားများ စာသင်ခန်းသို့ ပြန်မသွားနိုင်ကြသေးပါ။ ဆရာများ စာပြန်၍ မသင်နိုင်ကြသေးပါ။ ပြန်မဆုံနိုင်တော့သည့် မိသားစုများရှိသလို။ မည်သည့်အခါမှ ပြန်ဆုံနိုင်မည်မှန်းမသိသည့် မိသားစုများ များစွာ ရှိနေပါသည်။
၅) ဖော်ပြပါ အခက်အခဲ ဆင်းရဲဒုက္ခများကို မည်သို့ ဖြေရှင်းနိုင်ကြပါမည်နည်း။
အဖြေမှာ တစ်ခုတည်းသာ ဖြစ်ပါသည်။
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားနိုင်ခြင်းဖြင့်သာ ဖြေရှင်းနိုင်ကြပါမည်။
ထို့ကြောင့် အလုပ်သမား တပ်ပေါင်းစု၊ နိုင်ငံဝန်ထမ်းများ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ၊ ဆရာဝန်များ၊ ကျန်းမာရေး လုပ်သားများ၊ သံဃာ့ အဖွဲ့အစည်း၊ လူငယ်အဖွဲ့များ၊ အမျိုးသမီး တပ်ပေါင်းစု၊ LGBT တပ်ပေါင်းစု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများသည် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် နည်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲင်လျှက်ရှိပါသည်။
'
CTUM အဖွဲ့ချုပ်သည်လည်း တော်လှန်ရေး ရဲဘော် ရဲဘက် အဖွဲ့အစည်း များနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်ဖြတ်ချရေးနှင့် ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အဆုံးထိတိုင် တိုက်ပွဲ ဝင်သွားမည်ဖြစ်ပါကြောင်း နှစ်သစ်တွင် ကတိပြုပါသည်။ မြန်မာပြည်သူအားလုံးအနေဖြင့်လည်း ခို်င်မာသောဆုံးဖြတ်ချက်၊ မဆုံ့မနစ်သောဇွဲဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ကျရာကဏ္ဍမှ ပါဝင်အားဖြည့်ဆောင်ရွက်ကြပါရန် တိုက်တွန်းနိုးဆော်ရင်း၊ တော်လှန် သောနှစ်သစ်၊ အာဏာရှင်ကျဆုံးသော နှစ်သစ်၊ လူထုအောင်ပွဲကို ဆောင်ကျဉ်းပေးနို်င်သော နှစ်သစ်၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကို စတင်တည်ထောင် နို်င်သော နှစ်သစ် ဖြစ်ပါစေကြောင်း ထပ်လောင်း၍ ဆန္ဒပြုအပ်ပါသည်။
မောင်မောင်
ဥက္ကဋ္ဌ - မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)