မလေးရှားနှင့်ဂျပန် ကို အလုပ်ဖြင့် ပို့ဆောင်ပေးမယ် ဆိုပြီး ငွေကြေးလိမ်လည် ကောက်ခံခဲ့တဲ့ Su Latt Myint Mo Services Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာကို အမှုဖွင့်အရေးယူထားကြောင်း စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံကို ပို့ဆောင်ပေးရန် ဝန်ဆောင်ခများရယူထားပြီး အမှန်တကယ်ပို့ပေးခြင်းမရှိတဲ့အပြင် ဝန်ဆောင်ခများကို အလုပ်သမားများထံ ပြန်လည်ပေးအပ်ခြင်းမရှိတဲ့အတွက် Su Latt Myint Mo Services Co.,Ltd ကို ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ၂၀၂၅ ခုနှစ် မေလ ၁၃ ရက်က ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင် ရာသက်ပန်ပိတ်သိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အကျိုးဆောင်လိုင်စင် ပိတ်သိမ်းခံထားရပေမယ့် ဂျပန်နိုင်ငံကို ပို့ဆောင်ပေးမယ်ဆိုကာ အလုပ်သမားများဆီမှ ငွေကြေးများ ထပ်မံလိမ်လည်ကောက်ခံခဲ့ပြီး အခြားတိုင်ကြားမှု အမှုတွဲတွင် ပါဝင်ပတ်သက်ခဲ့တဲ့ Su Latt Myint Mo Services Co.,Ltd မန်နေးဂျင်းဒါရိုက်တာ ဒေါ်လားရှမ်းထန်းငီးကို ဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ ၂၆၊ အမှုအမှတ်(ပ) ၃၅/၂၀၂၆ ဖြင့် အမှုဖွင့်ထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
အမှုဖွင့်ခံထားရတဲ့ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်လားရှမ်းထန်းငီး မှာ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါတယ်။
အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားတွေအနေနဲ့ ပြည်ပနိုင်ငံကို သွားရောက်ရခြင်းမရှိဘဲ မိမိတို့ ပေးသွင်းခဲ့တဲ့ ဝန်ဆောင်ခများကို အေဂျင်စီ (သို့မဟုတ်) ပွဲစားများထံမှ ပြန်လည်တောင်းခံမရပါက ဝန်ဆောင်ခများကို အလုပ်သမားများထံ ပြန်လည်ပေးအပ်စေရန် ဦးစီးဌာနရဲ့စစ်ဆေးရေးအဖွဲ့များမှ ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် နစ်နာသူအလုပ်သမားများကိုယ်တိုင်မှလည်း သက်ဆိုင်ရာ တရားရုံးတွင် ငွေကြေးပြန်လည်ရလိုမှုဖြင့် တရားမမှုဖွင့်ကာ တရားစွဲဆိုနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။









