NEWS

မလေးရှားနဲ့ ထိုင်းနိုင်ငံကို သွားလိုသူတွေ နှစ်နိုင်ငံအသိအမှတ်ပြု ဆေးရုံ၊ ဆေးခန်းတွေမှာသာ ဆေးစစ်သင့်

CoverLogo
1.5K Views

မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်လုပ်ကိုင်မယ့်သူတွေအနေနဲ့  နှစ်နိုင်ငံအသိအမှတ်ပြု ဆေးရုံ၊ ဆေးခန်းတွေမှာဘဲ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်သင့်တယ်လို့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)ရဲ့  တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လက်ရှိမှာတော့ ပွဲစားတွေက မလေးရှားနဲ့ ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်လိုသူတွေကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာဘဲ ကျန်းမာရေးစစ်ဆေးတာတွေ ကြိုတင်လုပ်ဆောင်ခိုင်းပြီး ကျပ်ငွေသုံးသိန်းကနေ ငါးသိန်းအထိ တောင်းခံနေကြတယ်လို့ သိရပါတယ်။  

အဲဒီလိုလုပ်ဆောင်နေကြတာကြောင့် ပြည်ပကိုသွားမယ့်သူတွေအနေနဲ့ မလိုအပ်ဘဲ ငွေကြေးအပိုကုန်ကျတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

“အမှန်က မလေးရှားနိုင်ငံ  FWCMS နဲ့ ထိုင်းနိုင်ငံ DOE က အသိအမှတ်ပြုထားတဲ့ ဆေးခန်းရုံ၊ ဆေးခန်းတွေမှာပဲ ဆေးစစ်ရမှာပါ။ အခုက ပွဲစားတွေက ကြုံရာအေဂျင်စီနာမည်သုံးပြီး ဆေးကြိုစစ်ခိုင်းတယ်။ တကယ်အလုပ်အပ် တဲ့ အေဂျင်စီနဲ့ ဆေးစစ်ထားတဲ့ အေဂျင်စီမတူရင် မလေးရှားနိုင်ငံ  FWCMS က ခွင့်မပြုဘူး။ အဲဒီတော့ က‌လေးတွေ ဆေးထပ်စစ်ရတော့ နှစ်ခါကုန်တယ်”လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်အနေနဲ့ ကျန်းမာ‌ရေးစစ်ဆေးတာတွေ လုပ်ဆောင်နိုင်ဖို့ ဧရာ Medical Centre၊ Elotus Medical Laboratory & Diagnastics၊ ထက်မာန် ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း၊ ကုန်းဘောင် Health Centre၊ လမင်း Medical Clinics၊ မိုးသီး အထွေထွေရောဂါကုဆေးခန်းနှင့် ဆေးရုံ၊ Sabaidee Special Clinic နဲ့ ရွှေဘုံစံ Medical Centre စတဲ့ ဆေးရုံ၊ ဆေးခန်း (၈) ခုစာရင်းကို ထုတ်ပြန်ထားပါတယ်။

ချိတ်ဆက်ထားတဲ့ဆေးရုံ၊ဆေးခန်းတွေအနေနဲ့လည်း နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတွေကချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း စံသတ်မှတ်ချက်တွေနဲ့အညီ လုပ်သားတွေကို ကျန်းမာရေးဆေးစစ်ပေးတာ၊  ဆေးအောင်လက်မှတ်အမြန်ဆုံးထုတ်ပေးတာ၊ သတ်မှတ်ထားတဲ့စျေးနှုန်းအတိုင်းသာ ငွေကြေးကောက်ခံတာနဲ့ အေဂျင်စီကမသိရှိဘဲ လာရောက်ဆေးစစ်တဲ့ ပွဲစားတွေကို လက်ခံတာတွေ မလုပ်ဆောင်ဖို့ သဘောတူညီထားတယ်လို့လည်း သိရပါတယ်။

“စထွက်မယ်ပြောကတည်းက ဆေးစစ်တာတွေ လုပ်ထားတယ်။ ပိုက်ဆံလည်း ပေးထားတာပဲ။ ဘယ်တော့ ထွက်ရမလဲသာ မသိရတာ။ ဆေးစစ်တာကလည်း သူတို့ခေါ်တဲ့နေရာ လိုက်ရတာပါပဲ။ ကျွန်တော်တို့လည်း ဘာမှမသိတော့ သူတို့ပြောတဲ့အတိုင်း လုပ်နေရတာပဲ” လို့ မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်လိုသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မလေးရှားနဲ့ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်လိုသူတွေ များပြားနေပြီး ငွေကြေးလိမ်လည်ခံရတာတွေ၊ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုကုန်ကျတာတွေရှိနေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဆီက သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026