NEWS

နေ့စားအလုပ်သမားများကို လုပ်အားခခေါင်းပုံဖြတ်သည့်အပြင် အမြဲတမ်းဝန်ထမ်းများကိုလည်း အဓမ္မခိုင်းစေမှုများ လုပ်ဆောင်နေ

CoverLogo
516 Views
 
တရုတ်နိုင်ငံသားပိုင် Wonderful Apparel Co.Ltd မှာ နေ့စားအလုပ်သမားတွေကို အခွင့်အရေးချိုးဖောက်တာတွေ လုပ်ဆောင်ပြီး လုပ်အားခခေါင်းပုံဖြတ်တဲ့အပြင် အမြဲထမ်းဝန်ထမ်းတွေကိုလည်း အဓမ္မခိုင်းစေတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက MLN ကို ပြောပါတယ်။
 
ဒီစက်ရုံကို မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ ဟန်စတီးပါဝါလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင် အား (၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
 
လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ ချိုးဖောက်မှုတွေလုပ်ဆောင်နေတာဖြစ်ကာ MARK၊ T.BUC စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါ တယ်။
 
“စက်ရုံမှာ နေ့စားအလုပ်သမားတွေ ရှိပါတယ်။ သူတို့တွေကို လုပ်သက် (၃) လပြည့်ပြီး (၄) လကျော်လည်း အမြဲ တမ်းဝန်ထမ်း မခန့်ပါဘူး။ နေ့စားအလုပ်သမားတွေကို စနေနေ့တွေဆို အချိန်ပိုအိုတီကြေးမပေးဘဲ (၆၈၀၀) ပဲ ပေးပြီး ခိုင်းပါတယ်။ နောက်အမြဲတမ်းဝန်ထမ်းတွေကို မချုပ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းပါတယ်။ အထည် (၈၀) (၈၅) လောက်ပဲရတဲ့လိုင်းကို အထည် (၉၀) (၁၀၀) တောင်းပါတယ်။ နောက်စတိုင်လ် (၃၅) (၄၀)ပဲ ရတဲ့ အထည်တွေကို (၅၀) ထိတောင်းပါတယ်။ တစ်ချို့အလုပ်သမားတွေက အလုပ်ရှင်တောင်းတဲ့ အထည်စံချိန်ကို မမီလို့ ရေမသောက်၊ သေးမပေါက်ဘဲ ချုပ်ရတာတွေလည်း ရှိပါတယ်။ နောက်ကိုယ်လုပ်တဲ့ section မှာ အလုပ်ပါး နေရင် တစ်ခြား section မှာ သွားပြီးအလုပ်လုပ်ပေးရပါတယ်။ လုပ်နေကျမဟုတ်လို့ စံချိန်မပြည့်ရင် အောစူပါ၊စူပါတွေက ရိုင်းရိုင်းစိုင်းစိုင်း ‌ပြောပါတယ်။ နောက်ပြီး အလုပ်သမားတွေကို စက်ရုံအလုပ်မဟုတ်ဘဲ ထင်းကားချခိုင်းတာတွေ၊ ဓာတ်ဆီပုံးတွေ ချခိုင်းတာတွေလည်း ခိုင်းပါတယ်” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ သောက်ရတဲ့သောက်ရေကလည်း သန့်ရှင်းမှုမရှိသလို အိမ်သာတွေမှာလည်း ရေပုံးလုံလောက်အောင်မရှိတာ၊ တံခါးဂျက်တွေ ပျက်စီးနေတာတွေလည်း ဖြစ်ပေါ်နေပါတယ်။
 
ဒါ့အပြင် အလုပ်သမားတွေ နေထိုင်မကောင်းပါက ဂိတ်ပတ်နဲ့ ပြန်ခွင့်ရဖို့ကို ခက်ခဲနေတာပဲ ဖြစ်ပါတယ်။
“အလုပ်လုပ်နေရင်း နေမကောင်းလို့ ဂိတ်ပတ်နဲ့ ပြန်ချင်ရင်လည်း ဂိတ်ပတ်ရဖို့ကို တော်တော်ပြောရပါတယ်။ နေမကောင်းဖြစ်နေတာကိုလည်း ဂိတ်ပတ်ကို ကြည်ကြည်ဖြူဖြူမပေးပါဘူး။ နောက် HR မန်နေဂျာက ရုံးခန်းမှာ မရှိဘဲ ဆေးခန်းမှာပဲ အချိန်တော်တော်များများ ရှိနေပါတယ်။ ဆေးခန်းက ဆရာမက ဆေးခန်းမှာမနေရဘဲ HR လုပ်ရမယ့် အလုပ်တွေကို လုပ်ပေးနေရပါတယ်။ တစ်ခုခုဆို ဆေးခန်းကဆရာမကို တော်တော်ရှာရပါတယ်။ စက်ရုံက ချိုးဖောက်မှုတွေကို မကြာခဏ အွန်လိုင်းမှာတင်နေပေမယ့် ပြုပြင်ပြောင်းလဲတာတော့ မရှိဘူး" လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာ စက်ရုံအလုပ်သမားတွေဟာ လုပ်ငန်းခွင်တွင်းမှာ အခွင့်အရေးချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်း ပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကိုဆက်သွယ်လာပြီး တိုင်ကြားထားတယ်လို့ သိရပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ နေ့စားအလုပ်သမားတွေကို စနေနေ့မှာ အချိန်ပိုအိုတီတွေ အလကားမခိုင်းဖို့၊ အောစူပါ၊စူပါတွေက အထည်စံချိန်တောင်းခံရာမှာ ရိုင်းစိုင်းစွာ မပြောဖို့၊ သုံးလပြည့်ပြီးတဲ့ အလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်း ခန့်အပ်ပေးဖို့၊ ဆေးခန်းဆရာမကို ဆေးခန်းမှာပဲ အလုပ်လုပ်ခွင့်ပေးဖို့နဲ့ နေမကောင်းလို့ ဂိတ်ပတ်တောင်းခံပါက အလွယ်တကူထုတ်ပေးဖို့ကို လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026