ARTICLE

ဒေးကြေး ၅၆၀၀ ကျပ်အပေါ် အလုပ်သမားတွေရဲ့အမြင်။

CoverLogo
2K Views

နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံတွေမှာ အနည်းဆုံးအခကြေးငွေ ၈၀၀ မှ ၁၀၀၀ ကျပ်ထိ တိုးပေးရန် စီစဉ်နေမှုအပေါ် အလုပ်သမားတွေ ဘာပြောသလဲ။

 MyanmarLabourNews

အနည်းဆုံးအခကြေးငွေအဖြစ် ဒေးကြေးကို ၄၈၀၀ ကျပ်နှုန်းထားနဲ့ ပေးချေနေတာကနေ  ၅၆၀၀ နဲ့ ဝန်းကျင်တိုးပေးမယ်လို့ အထည်ချုပ်ကဏ္ဍ က နိုင်ငံတကာအမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံ အချို့မှာ အလုပ်သမားတွေကို အသိပေးပြောဆိုတာတွေ ရှိလာတယ်လို့ သတင်းရရှိပါတယ်။ 


အချို့စက်ရုံတွေမှာတော့ ၂၀၂၃ ခုနှစ် မေလ ကစပြီး တိုးပေးသွားမယ်လို့ ပြောဆိုတာတွေရှိသလို လာမယ့် ဇွန်လမှာ စတင်ပြီး ဒေးကြေး ကို ၅၆၀၀ ကျပ်အထိ တိုးမြှင့်ပေးသွားမယ်လို့ အလုပ်သမားတွေကို အသိပေးမှုတွေရှိလာတာဖြစ်ပါတယ်။ 


အခုလို အနည်းဆုံးအခကြေးငွေအဖြစ် တစ်ရက်ကို ၈၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်ထိ  စက်ရုံတွေဘက်က တိုးမြှင့်ပေးရန် စီစဉ်နေတဲ့အပေါ်မှာ အလုပ်သမားဝန်ကြီးဌာန( စစ်ကောင်စီ) ဘက်ကတော့ အသိပေးချက်တစ်စုံတစ်ရာမရှိသေးပါဘူး။


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် ၄ မှာ ဖွင့်လှစ်ထားတဲ့ Sunrise Myanmar Fashion Garment မှာ တော့ လာမယ့် ဇွန်လမှာ ဒေးကြေး ၅၆၀၀ ကျပ်ဖြင့်ပေးချေမယ်လို့ စက်ရုံဘက်ကနေ အလုပ်သမားတွေကို အသိပေးထားတယ်လို့ သိရပါတယ်။ ဒေးကြေး ၅၆၀၀ ပေးမယ်လို့ ပြောဆိုထားပေမယ့် အချိန်ပိုကြေးကိုတော့ တိုးပေးမယ်လို့ ပြောဆိုတာမရှိဘူးလို့ လည်း သိရပါတယ်။ 


တရုတ်နိုင်ငံသားပိုင် ဖြစ်တဲ့ အဲ့ဒီစက်ရုံမှာ VOPVALU, Fieldcore, CLOSSHI, Find-Out, Youth Select, BACK NUMBER, NAVY, SOLOTEX, hareiro, ikka, Next Woker, LOGOSDAYS, HOUSER, INSOIRE, NARUTO,XC,FO,WASHABLE DOWN, RESERVED စတဲ့ နိုင်ငံတကာအမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာလို့ သိရပါတယ်။
အလုပ်သမားတွေအနေနဲ့ အနည်းဆုံးအခကြေးငွေအဖြစ် ၅၆၀၀ ကျပ်ဟာ ဘယ်လိုမှ လုံလောက်မှုမရှိဘဲ လက်ရှိ ကုန်ဈေးနှုန်းအရ လုံလောက်မှုမရှိတဲ့အတွက် ကျေနပ်မှုမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။


“၇၈၀၀ ကနေ  ၈၀၀၀  လောက်တောင်းဆိုထားတာရှိတယ် သူတို့ဘက်ကလည်း အစိုးရအနေနဲ့ စာထုတ်တာမျိုး တစ်ခုခု ထုတ်ပြန်ရင်ပေးတယ် သတ်မှတ်သလောက်ပေါ့လေ ခုတော့တောင်းတဲ့နှုန်းထား ကို မပေးဘူး ခုက ၈၀၀ ကျပ်တိုးသွားတယ် ကုန်ဈေးနှုန်းနဲ့ ယှဉ်မယ်ဆိုရင်တော့ ဘာမှမပြောပလောက်ဘူး” လို့ အလုပ်သမားကပြောပါတယ်။
အခုလို စက်ရုံအလုပ်ရုံတွေအနေနဲ့ တစ်ရုံချင်းစီ သတ်မှတ်ပြောဆိုမှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ အလုပ်သမားတွေအားလုံးခံစားခွင့်ရှိတဲ့နှုန်းထားတစ်ခု အဖြစ်သတ်မှတ်ပေးစေလိုတယ်လို့ အလုပ်သမားကပြောပါတယ်။
“ဒီ ၅၆၀၀ ဆိုတဲ့ ပိုက်ဆံက အင်မတန်နည်းလွန်းတယ်ပေါ့နော့် အခုအနေအထားမှာဆို ဒါက ဘယ်လိုမှ လုံလောက်မှုမရှိဘူး အနည်းဆုံး ၇၈၀၀၊ ၈၀၀၀ ဒါလောက်ဆို မျှတတယ် ခံသာသေးတယ်ပေါ့နော် လက်ခံလို့ရသေးတယ် ခုပေးတဲ့ နှုန်းထားက ဘာမှ မပြောင်းလဲဘူး ထမင်းမငတ်ရုံတမယ်ပဲ”လို့ ယင်းကပြောဆိုပါတယ်။ 


လက်ရှိမှာ နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်တဲ့ စက်ရုံလုပ်သားတစ်ယောက်အနေနဲ့ အလုပ်ချိန် အချိန်ပြည့်လုပ်ရတဲ့အပြင် တစ်လလျှင် အိုတီ နာရီ ၅၀ ပျမ်းမျှ လုပ်ကိုင်နေရတဲ့အခြေအနေမှာ လုပ်ခလစာက လောက်ငှမှုမရှိဘဲ ဖူလုံမှုမရှိဘူးလို့ လည်း ဆိုပါတယ်။

“အခုဆို ကိုယ့်လစာနဲ့ ကိုယ်တောင်မလောက်ဘူး ထမင်းမစားရတဲ့ ရက်တောင်ရှိသေးတယ် အများဆုံးရမှ  ၂ သိန်း ၈ သောင်းပါ။  အိမ်လခပေးရတယ် မိသားစုအနေနဲ့ နေမကောင်းဖြစ်ရင် ကုစရာဆေးဖိုးမရှိဘူး ။ အဲ့လိုအခက်အခဲတွေ ကြုံရတယ် အလုပ်သမားတွေအခုရနေတာက ဆေးခန်းပြစရာတောင်မရှိဘူး” လို့ အလုပ်သမားကဆိုပါတယ်။ 

အခုလို စက်ရုံဘက်က တစ်ဖက်သတ်နှုန်းထားသတ်မှတ်ပြီး တိုးမြှင့်ပေးမယ်ဆိုတဲ့အပေါ်  မှာ လုပ်ငန်းခွင်ချိုးဖောက်မှုတွေအပေါ် တိုင်တန်းတာတွေ နိုင်ငံတကာအမှတ်တံဆိပ်ထိ သိရှိအောင် ပြုလုပ်မှုအတွက် ဖိအားပေးမှုများကြောင့် ကိန်းဂဏန်းအနည်းငယ်တိုးမြှင့် ခဲ့တာလို့ အလုပ်သမားကမှတ်ချက်ပေးပါတယ်။ ယခုလို နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်တဲ့စက်ရုံတွေ အချို့မှာ အခကြေးငွေတိုးပေးဖို့ ပြောဆိုလာပေမယ့် အလုပ်သမားဝန်ကြီးဌာန( စစ်ကောင်စီ) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိ တာဟာ အလုပ်သမားတွေအတွက် တန်းတူအခွင့်အရေးရဖို့ မဖြစ်နိုင်ဘူးလို့ လည်း အလုပ်သမားကပြောဆိုပါတယ်။ 


“အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ကိန်းဂဏန်းတစ်ခု ကို ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်မယ်ဆိုရင်တော့ အလုပ်သမား တွေ တန်းတူအခွင့်အရေးရနိုင်တာပေါ့ အဲ့ဒီလိုထုတ်ဖို့လည်း မျှော်လင့်တယ် အခုက စက်ရုံမှာ သူဌေးတွေက အလုပ်သမားတွေ မဆူအောင်လို့ သူတို့နည်းသူတို့ဟန်နဲ့ ထိန်းတာ နောက်ပြီး တချို့ စက်ရုံတွေမှာ အလုပ်သမားတွေ မရှိ‌တော့ဘူး  အိုတီတွေလည်း မရှိတော့တဲ့အတွက် အခြားသော လုပ်ငန်းတွေကို ပြောင်းလုပ်ကြတယ် ဒါကြောင့် သူ့စက်ရုံက အော်ဒါအနေအထားနဲ့ လူတွေကို မြူစွယ်တဲ့အနေနဲ့ကိန်းဂဏန်းလေးနည်းနည်းတိုးပြီး မြူစွယ်တာ” လို့ Sunrise Myanmar Fashin  အထည်ချုပ်အလုပ်သမားက ပြောဆိုပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့ Myanmar Yangon Richang Apparel Co,Ltd. (NISHO) စက်ရုံမှာတော့ ၂၀၂၃ မေလ ရဲ့ လစာနှုန်းထားမှာ ၅၆၀၀ ကျပ်နှုန်းနဲ့ ထည့်သွင်းပေးမယ်လို့ အသိပေးထားပေမယ့် ရက်မှန်ကြေး ၁၀၀၀၀ ကျပ်ဖြတ်တောက်လိုက်တာကြောင့် ပိုမိုထူးခြားမလာတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။


အလုပ်သမား ၈၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ အဆိုပါစက်ရုံကလည်း တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး CIAOPANIC TYPY, HONEYSUCKLE ROSE, grove, AZUL BY MOUSSY, RODEO CROWNS WIDE BOWL,RIGHT on brand, HanGTen၊ CANADA DUCK DOWN၊ H- ESSENTIAL၊ Fieldcore စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာလို့ သိရပါတယ်။


ဒေးကြေး ၅၆၀၀ ကျပ်တိုးပေးမယ်လို့ မေလအစပိုင်းမှာ အသိပေးပြောဆိုထားပြီး ရက်မှန်ကြေး အတွက် ဆုကြေး ဖြတ်တောက်လိုက်တာကြောင့် လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်နေမှု အရ  ရရှိမဲ့ ငွေကြေးပမာဏအတွက် အလုပ်သမား ၉၀ ရာခိုင်နှုန်းက အဆင်မပြေဘူးလို့ ဆိုပါတယ်။ 


“အရင်ကနဲ့ ၂၀၀၀၀ ကျော်လောက်တိုးသွားမယ် စားဝတ်နေရေးအခက်အခဲကတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဒီကုန်ဈေးနှုန်းနဲ့ အလုပ်လုပ်ရတာကတော့ အရင်ထက်ပို ပြီးတော့ ၅၆၀၀ ပိုပေးထားတယ် ဆိုပြီးဖိအားပေးပြီးခိုင်းတယ် စံချိန်ကိုလည်း တိုးတောင်းတာရှိတယ် ပိုပေးတယ် ပိုကြိုးစားပေးဆိုတာမျိုး”လို့အလုပ်သမားကဆိုပါတယ်။

ယခုလို စက်ရုံဘက်က သတ်မှတ်တဲ့အပေါ်နဲ့ စစ်ကောင်စီ ဘက်က တစ်စုံတစ်ရာ ပြောဆိုမှုမရှိတာက နိုင်ငံတကာရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေနဲ့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ရဲ့ သဘောထားတွေကို သံသယရှိနေတယ်လို့ လည်း အလုပ်သမား ကပြောပါတယ်။

 
“နောက်ကွယ်မှာ နိုင်ငံခြားရင်းနီးမြုပ်နှံမှုနဲ့ စကစ အလုပ်သမား ဝန်ကြီးဌာန ဘယ်လို ဆက်စပ်ပတ်သက်နေလဲ ဆိုတာ မသိနိုင်ဘူးလေ အရင်ကဆို တရားဝင် ထုတ်ပြန်ပြီး ၄၈၀၀ ပေးခဲ့တာ အခုက ထုတ်ပြန်တာမရှိဘဲနဲ့ ပေးတာက နည်းနည်းတော့ သံသယဖြစ်တယ် အခုက နိုင်ငံခြားထွက်တဲ့လူလဲ အရမ်းများတယ် ထိုင်း မလေး ကိုရီးယား မြန်မာနိုင်ငံမှာ အလုပ်သမား ဦးရေက နည်းသွားစရာ အကြောင်းမရှိဘူးလေ အခုလဲ ကလေးတွေခေါ်ခိုင်းတာရှိတယ် နေ့စားနဲ့  ၁၄ နှစ်တို့ ၁၆ နှစ်တို့ မလိုအပ်ရင် ထုတ် လိုရင်ပြန်ခေါ် လုပ်နေတာပဲ အလုပ်သမားရှားပါးသွားမှာစိုးလို့ တော့ မဖြစ်နိုင်ပါဘူး”လို့ ယင်းက ပြောဆိုပါတယ်။


ယခုလို ဒေးကြေးတိုးပေးမယ်လို့ ပြောဆိုမှုမှာ နေ့စားအလုပ်သမားတွေမပါဝင်ဘဲ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ထားသူတွေအတွက် သာပါဝင်တယ်လို့ လည်း သိရပါတယ်။ 


အထည်ချုပ်အလုပ်သမားတစ်ယောက်အနေနဲ့ တစ်ရက်လျှင် ပျမ်းမျှ အလုပ်ချိန် ၁၁ နာရီ ခန့် လုပ်ကိုင်နေရပြီး လုပ်ခလစာ ကျပ် ၃ သိန်းကျော် မှာ လောက်ငှမှုမရှိဘဲ အကြွေးပတ်လည်ဝိုင်းနေတဲ့ အခြေအနေတွေ အလုပ်သမားအများစုကြုံတွေ့နေရပြီး လုပ်ငန်းပြောင်းလဲ လုပ်ကိုင်သွားကြတာတွေအထိ ရှိလာတယ်လို့ လည်း သိရပါတယ်။ 


“ အရင်က တောင်းဆိုခဲ့သလိုမျိုး ၇၂၀၀ တောင်အဆင်မပြေတော့ဘူး ၉၆၀၀ လောက်ဆိုအဆင်ပြေမယ် မိသားစုဖူလုံမယ် လူမှုဘဝတိုးတက်ဖို့ အလုပ်လုပ်နေရတာလေ ခေတ်နဲ့အ ညီနေထိုင်ဖို့ လိုအပ်တယ် ဖြစ်စေချင်တာက  နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေအနေနဲ့ အိုင်အယ်အို က ချမှတ်ထားတဲ့ အလုပ်ရှင်တွေ လိုက်နာရမဲ့ စည်းမျည်းစည်းကမ်းတွေကို လိုက်နာပေးဖို့ရယ် အလုပ်သမားတွေကို နိုင့်ထက်စီးနင်း မခိုင်းဖို့ တောင်းဆိုချင်တယ် လုပ်နိုင်တဲ့ စွမ်းအားထက်ပိုတဲ့ စံချိန် တောင်းတဲ့ လုပ်ရပ်တွေကို မလုပ်ဖို့ တောင်းဆိုချင်တယ်” လို့ အလုပ်သမားကပြောဆိုပါတယ်။  


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မှာဖွင့်လှစ်ထားတဲ့ Myanmar LNY CAPS Co,Ltd ဦးထုတ်ချုပ်လုပ်တဲ့ စက်ရုံမှာတော့ ဒေးကြေး တိုးပေးတာမရှိဘဲ အလုပ်လုပ်ရက် ၁ ရက်လျင် ၁ ထောင်ကျပ် တိုးပေးသွားမယ်လို့ ပြောဆိုမှုရှိပြီး ယခင်က ပေးနေကျဖြစ်တဲ့ ဆန်၊ ဆီ ပေးဝေတာကို ဖြတ်တောက်မှာဖြစ်တာကြောင့် အဆင်ပြေမှုမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။


တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာအလုပ်သမား ၇၅၀ ကျော် ရှိပြီး 47 CLEAN UP, FITCAP,OTTO, CAPAMERICA စတဲ့ အမှတ်တံဆိပ် ဦးထုတ်တွေ ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ထပ်မံပြီးတော့ ရွှေသံလွင် စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့  ရုံခွဲ ၂ မှာလဲ  အခုလို ပေးချေဖို့ ရှိတယ်လို့ လည်း အလုပ်သမားတွေထံကသိရပါတယ်။
စက်ရုံအနေနဲ့ အခြားစက်ရုံများနည်းတူ အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးရန် စစ်ကောင်စီ အလုပ်သမားရုံးထံ အသိပေးရာမှာ ဒေးကြေး တိုးမြှင့်ပေးပါက ပိုမိုခက်ခဲနိုင်တဲ့အတွက် သီးခြားထောက်ပံ့ပေးရန် အကြံပေးတဲ့ အတွက် ယခုလို ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ သတင်းများထွက်ပေါ်ခဲ့တာပါ။


“ အလုပ်ဆင်းတဲ့ရက်ကို ၁၀၀၀ ကျပ်ပေးမယ်ဆိုပြီးတော့တော့ ကြေညာထားတယ် အဆင်ကတော့ မပြေဘူး ကုန်ဈေးနှုန်းက အရမ်းတက်နေတာလေ အလွန်ဆုံးက ၂၀၀၀၀ ကျပ် ဆိုတော့ ပေးတာတော့ယူရမှာပဲ မကျေနပ်ဖူးလို့ ပြောလို့ မှ မရတာ အဆင်တော့မပြေဘူး”လို့ အလုပ်သမားကပြောပါတယ်။

 

အခုလို ၁ ရက်လျှင် ၁ ထောင်ကျပ် တိုးပေးလိုက်တာက လက်ရှိကုန်ဈေးနှုန်းနဲ့ ကိုက်ညီမှုမရှိဘဲ အနည်းဆုံး တစ်လလျှင် ၅ သောင်းကျပ်နီးပါး တိုးမြှင့်ပေးမှသာ အဆင်ပြေမှုရှိနိုင်မယ်လို့ အလုပ်သမားကပြောပါတယ်။


လက်ရှိသတ်မှတ်ထားတဲ့ ၄၈၀၀ ကျပ်နှုန်းထားဟာ အာဏာသိမ်းကာလမှာ အလုပ်လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေအတွက် လောက်ငှမှုမရှိဘဲ အကြပ်အတည်း ဖြစ်နေတာကြောင့် သင့်တော်တဲ့နှုန်းထားကို တိုးမြှင့်ပေးစေလိုတယ်လို့ လည်း အလုပ်သမားကပြောပါတယ်။ 


စက်ရုံမှာ လစဉ် ဆန် ၃ ပြည်၊ ဆီ ၁ ပိဿာ နဲ့ ခေါက်ဆွဲခြောက်ထုတ်အချို့ကို ဝေငှပေးနေတာရှိပြီး လက်ရှိအချိန်မှာ အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် ယခုလို တစ်ရက်လျှင် ၁၀၀၀ ကျပ် တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 


“တောင်းဆိုချင်တာကတော့ ပေးမဲ့ နှုန်းထားကို ဒေးကြေးထဲကို ပါသွားစေချင်တယ် အဲ့လိုပါသွားရင် အခြေခံနှုန်းထားပါ ပြောင်းလဲ သွားနိုင်တယ်”လို့ ယင်းကဆိုပါတယ်။


စက်ရုံအလုပ်ရုံအချို့မှာ အော်ဒါနည်းပါးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စက်ရုံပိတ်သိမ်းမှုတွေ ဖြစ်ပေါ်နေပြီး အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေအနေနဲ့အလုပ်အကိုင်အခွင့်အလမ်းပျောက်ဆုံးတာတွေဖြစ်ပေါ်နေပြီး နေ့ စားအလုပ်သမားများအဖြစ်သာ လုပ်ကိုင်နေရတာတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 


ရန်ကုန်တိုင်း လှိုင်ယာယာစက်မှုဇုန်  က တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ Gust Myanmar Garment မှာလည်း ဇွန်လက စတင်ပြီး ၅၆၀၀ ကျပ်နှုန်းထား တိုးမြှင့်ပေးမယ်လို့ ပြောဆိုမှုတွေရှိတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ကတရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့  Hen BO Myanmar Garment မှာလည်း eldera အမှတ်တံဆိပ်ကို ချုပ်လုပ်တာဖြစ်ပြီး ဇွန်လမှာ ၅၆၀၀ ကျပ်ပေးမယ်လို့ စက်ရုံတွင်းကြေညာမှုရှိခဲ့ပါတယ်။


ကျွမ်းကျင့်အဆင့်လိုက်သတ်မှတ်ပြီးတော့  A အဆင့် ၅၆၀၀ ကျပ်၊ B အဆင့် ၅၄၀၀ ကျပ်၊ C အဆင့် ၅၂၀၀ ကျပ်၊ D အဆင့် ၅၀၀၀ ကျပ် နှင့် HP (အကူ)တွေကို တော့ ၄၈၀၀ ကျပ်နှင့် ၃၆၀၀ ကျပ်ပဲပေးမယ်လို့ ကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


အခုလို နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်တဲ့စက်ရုံတွေမှာ အခကြေးငွေ ပမာဏ တိုးမြှင့်ပေးလာတွေ ရှိလာပြီး အလုပ်သမားအများစုကတော့ တိုးမြှင့်ပေးတဲ့ပမာဏက လက်ရှိ ကုန်ကျစရိတ်တွေကို ကာမိခြင်းမရှိတာကြောင့် အလုပ်သမားတွေရဲ့  စားဝတ်နေရေး အခြေအနေတွေ သိသိသာသာ ပြောင်းလဲ သွားမှာ မဟုတ်ဘူးလို့ လည်း ပြောဆိုကြပါတယ်။


“လုပ်ခလစာက တိုးပေးတဲ့ ကိန်းဂဏန်းနဲ့ လုံးဝလုံလောက်မှုမရှိဘူး အနည်းဆုံး ၈၀၀၀ လောက် လိုချင်တယ် တစ်ရုံထဲမဟုတ်ဘူး တစ်နိုင်ငံလုံးက အလုပ်သမားထုအတွက် တိုးပေးစေချင်တာပါ အလုပ်ရှင်တွေအနေနဲ့ ပေးမယ် ဆို တစ်နိုင်ငံလုံးကို တန်းတူပေးမယ် ၈၀၀၀ လောက်မှ စားဝတ်နေရေး ပြေလည်မယ်  အဲ့ဒါမှ လူမှုစီးပွား ကျန်းမာရေး ပြေလည်မယ် ပေါ့နော်” လို့ အထည်ချုပ် စက်ရုံ  အလုပ်သမားတစ်ဦးကပြောပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026