NEWS

ဒီဇင်ဘာလအတွင်း အထည်ချုပ် စက်ရုံ ဆယ်ဂဏန်းနီးပါး ပိတ်သိမ်း

CoverLogo
597 Views
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်း အထည်ချုပ်စက်ရုံ တချို့ ပိတ်သိမ်းခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက နိုင်ငံအတွင်း အထည်ချုပ်စက်ရုံပေါင်း ၅၄၀ ကျော် လည်ပတ်လုပ်ကိုင်နေတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်အသင်းကထုတ်ပြန်ထားတာပါ။
 
“ ပုသိမ်မှာလည်း ပိတ်တယ်။ ရန်ကုန်မှာလည်း ရွှေပြည်သာတည်းမှာတင် သုံးရုံ၊ လှိုင်သာယာ စက်မှုဇုန်မှာ တရုံ ပိတ်တယ်။” လို့ အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
 
ပုသိမ်မြို့က အထည်ချုပ်စက်ရုံ ၃ ရုံ ပိတ်သိမ်းတယ်လို့ DVB သတင်းမှာ ဖော်ပြခဲ့တာဖြစ်ပြီး အလုပ်သမား ၃၀၀၀ နီးပါး အလုပ်ပြုတ်ခဲ့တယ်လို့လည်း သိရပါတယ်။ ရွှေပြည်သာစက်မှုဇုန်က စက်ရုံသုံးရုံကတော့ အထည်ချုပ် စက်ရုံ ၂ ရုံနဲ့ ဖိနပ်စက်ရုံ ၁ ရုံဖြစ်ပြီး လှိုင်သာယာစက်မှုဇုန်မှာကတော့ အထည်ချုပ်စက်ရုံဖြစ်တယ်လို့ သိရပါတယ် ။
 
ပိတ်သိမ်းခဲ့တဲ့ စက်ရုံတွေမှာ လျှပ်စစ်မီး ပျက်တောက်တာ၊ စက်သုံးဆီနဲ့ လည်ပတ်ဖို့ တွက်ခြေမကိုက်တာ၊ အော်ဒါ နည်းပါးလာတာတွေကြောင့် ပိတ်သိမ်းခဲ့တာလို့ ပိတ်သိမ်းတဲ့ စက်ရုံမှာ လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
“မန်နေဂျာတွေကတော့ အဲလိုတွေပြောတယ်။ ဆီမရှိလို့ စက်ရုံမလည် ရရင်လည်း ၃ ရက် ၄ ရက်နားတယ်။ မီးလည်း ခဏခဏပျက်နေတာပဲ။ အော်ဒါကို စောင့်ရင်း ချုပ်ရတာဆိုတော့ အလုပ်သမားတွေလည်း သိပ်မကိုက် တော့ဘူး ။ အော်ဒါထည်တွေလည်း မလာတော့ဘူး ။ လျော်ကြေးတော့ အခု ၁ ရက်နေ့ ရမယ် ။” လို့ အဲဒီ အလုပ်သမား ကပြောပါတယ်။
 
အော်ဒါမရတာ၊ ရင်းနှီးမြှုပ်နှံမှု မခိုင်မာတာ၊ လျှပ်စစ်မီးလို အခြေအခံ လိုအပ်ချက်တွေမပြည့်စုံတာတွေကြောင့် စက်ရုံတွေ ပိတ်သိမ်းတာတွေ ဖြစ်ပေါ်လာတာလို့ အထည်ချုပ်လုပ်ငန်းနဲ့ နီးစပ်သူတွေက သုံးသပ်ပါတယ်။ ရန်ကုန်မြို့က အထည် စက်ရုံပိတ်သိမ်းမှုတွေထဲမှာ အလုပ်သမားတွေ နစ်နာမှုမရှိစေရေး ဥပဒေပြဌာန်းချက် အတိုင်း မလိုက်နာတဲ့ စက်ရုံတွေ ရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေသူက အခုလို ပြောပါတယ်။
 
“ရွှေပြည်သာထဲက စက်ရုံတွေက လျော်ကြေးတွေ ပေးပြီး ပိတ်တာပါပဲ။ ယာယီလားဆိုတာ မသေချာသေးဘူး။ ဥပဒေအတိုင်းလည်း မဟုတ်ဘူး ။ ဥပဒေအတိုင်းဆို နောက်ဆုံးလစာအတိုင်း လျော်ပေးရမှာ ။ အခုတော့ အခြေခံ လစာတွေအတိုင်း ပေးတာ။ ၅၈၀၀ ၊ ၄၈၀၀ အဲလိုတွေ သတ်မှတ်ပြီး နစ်နာကြေးပေးတာပါ “ လို့ ပြောပါတယ်။
 
ပစ္စည်းတွေက နယ်စပ်ဒေသတွေက ဝင်ရောက် တာဖြစ်လို့ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် စက်ရုံသုံးပစ္စည်းတွေ ပြတ်လတ်ပြီး လက်ရှိ ယာယီပိတ်ထားတဲ့ စက်ရုံတွေရှိနေတာလို့ သိရပါတယ်။
 
“လတ်တလောတော့ စက်ရုံ ပိတ်တဲ့ အခြေအနေတော့ ကြားနေတယ်။ ပိတ်တဲ့ စက်ရုံကတော့ မများသေးဘူး။ရှေ့လျှောက်တော့ မမှန်းနိုင်ဘူး။ အခု အထည်ချုပ်တွေ အော်ဒါနည်းနေ တယ်။ မြောက်ပိုင်းလမ်းကြောင်းကနေ အထည်ချုပ်သုံး ပစ္စည်းတွေ မဝင်နိုင်လို့၊ ယာယီ စက်ရုံပိတ်တာတွေလည်း ရှိတယ်။ အိုတီ မရှိဘဲ ပြန်ကြရတာတွေလည်း များနေတယ်။ စက်ရုံတွေ ပိတ်သိမ်းနိုင်ဖို့တော့ သိပ်မရှိသေးဘူးလို့တော့ မြင်ပါတယ် ။” လို့ အလုပ်သမားရေးလှုပ်ရှားသူတဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍအတွင်း တရုတ်နိုင်ငံနဲ့ ဟောင်ကောင် ဒေသက ၆၁ ရာခိုင်းနှုန်နဲ့ အများဆုံး ရင်းနှီးမြှပ်နှံထားပြီး ပြည်တွင်းကတော့ ၁၅ ရာခိုင်နှုန်း နဲ့ ဒုတိယနေရာမှာ ရှိနေတယ်လို့ အထည်ချုပ်အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Photo - ၂၀၂၃ ဖေဖော်ဝါရီလအတွင်း ပိတ်သိမ်းခဲ့သည့် GTIG အထည်ချုပ် စက်ရုံ

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026