ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ ဆန်ခလာဘူရီခရိုင် အတွင်း သို့ ရေလမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား တွေကို တင်ဆောင်လာတဲ့ လှေဟာ တိမ်းမှောက်ပြီးနောက် မြန်မာလုပ်သား ၃ဦးရဲ့ ရုပ်အလောင်းတွေ့ရှိရတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ က လောင်ကွန်း (ခေါ်) ကန်ချနပူရီ ရေလှောင်ကန် မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၂ဦးကို သယ်ဆောင်လာတဲ့ လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး နောက် စက်တင်ဘာ ၁၂ မှာ ပုတ်ပွနေတဲ့ မြန်မာလုပ်သား ၃ဦးရဲ့ ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပက်သက်ပြီး စုံစမ်းရေးအရာရှိတွေရဲ့ ကနဦးစစ်ဆေး ချက်အရ စက်တင်ဘာ ၉ ရက် ည ၈နာရီခွဲ ၃၀ ခန့် မှာ မြန်မာလုပ်သား ၂၂ဦးကို သယ်ဆောင်တဲ့ လှေတစင်းဟာ ရေအောက်ရှိ သစ်ငုတ်တို နဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
လှေမှောက်ချိန်မှာ လှေပေါ်ရှိ မြန်မာ အလုပ်သမားတွေ ရေထဲသို့ ပြုတ်ကျသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ရေထဲသို့ ပြုတ်ကျသူအရေအတွက်အတိအကျ နဲ့ ပတ်သက်တာကိုတော့ စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
လက်ရှိမှာသေဆုံး သူ မြန်မာလုပ်သား အမျိုးသား ၂ဦးနဲ့အမျိုးသမီး၁ဦးရဲ့ ရုပ်အလောင်း ကို ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်ရန် ဆန်ခလာဘူရီဆေးရုံကို ပို့ဆောင်ထားကာ ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆန်ခလာဘူရီရဲစခန်းမှ အရာရှိများက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Ref-Kanchanaburi News