ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ် ရာထူးကနှုတ်ထွက်ရေး ဆန္ဒပြရာ နေရာအနီး က မြန်မာ လုပ်သား ၇ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်း နေရှင်းသတင်းစာ မှာ ဖော်ပြပါတယ်။
ဇွန်လ၂၈ရက် နေ့လယ်ပိုင်းမှာ လုပ်ငန်းကိစ္စနဲ့ သွားလာနေတဲ့ မြန်မာအလုပ်သမား ၇ ဦးနဲ့ ကမ္ဘောဒီးယားအလုပ်သမား ၁ ဦး ဖမ်းဆီးခံရတာလို့ ဖော်ပြချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်အနီးမှာ ထိုင်းဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်ဖို့ ဆန္ဒပြနေရာအနီးမှာ မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီး အား ထိုင်းရဲတပ်ဖွဲက တားဆီး စစ်ဆေးရာကနေ မြန်မာအလုပ်သမားတွေနဲ့ ကမ္ဘောဒီးယားအလုပ်သမား တို့ကိုမသင်္ကာမှုနဲ့ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို အလုပ်ကိစ္စနဲ့လာတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲရဲ့ စစ်မေးမှုကို ဖြေကြားခဲ့ပေမဲ့ လက်ရှိမှာ ဒင်ဒဲန်င်ရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံ မြန်မာလုပ်သားတွေနဲ့ ကမ္ဘောဒီးယားအလုပ်သမားရဲ့ နေထိုင်ခွင့်ဆိုင်ရာ အထောက်အထားတွေ အပြင် ထိုင်းနိုင်ငံထဲ ဝင်ထွက် သွားလာမှုတွေ၊ ဆန္ဒပြပွဲနဲ့ ပတ်သက်ခြင်းရှိမရှိ စတာတွေ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။
ဘန်ကောက်မြို့၊ Victory Monument (ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်) မှာ ထိုင်းအချုပ်အခြာအာဏာ ကာကွယ်ရေး အဖွဲ့မှ ဦးဆောင်ပြီး ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် ရာထူးက နှုတ်ထွက်ဖို့ ဇွန်လ ၂၈ ရက်၊ စနေနေ့မှာ ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လိုလည်း သိရပါတယ်။
Photo - The Nation