တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” မှပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့် နိုဝင်ဘာ၈ရက်မှ ၁၀ ရက် အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ မိုးထစ်ချုန်းရွာခြင်း နေရာကွက်၍ မိုးကြီးခြင်းတွေ ဖြစ်နိုင်တယ်လို့ မိုးလဝေသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ၆ရက်နေ့မှာထုတ်ပြန်ပါတယ်။
ဒီကနေ့မနက် တိုင်းတာချက်အရ တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) ဟာ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Da Nang) ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
ညပိုင်းမှာတော့ ဗီယက်နမ်နိုင်ငံကမ်းခြေကို ဒါနန်းမြို့၏ တောင်ဘက်မှ ဖြတ်ကျော် နိုင်တယ်လို့ ခန့်မှန်းကာ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်ဒေသ တို့ကို အားကောင်းတဲ့အပူပိုင်းမုန်တိုင်း “ခန့်မေဂီ” အဖြစ် ဆက်လက်ဖြတ်ကျော်နိုင် တယ်လို့ ခန့်မှန်းကြောင်း ထုတ်ပြန်ထားပါတယ်။
၎င်းတိုင်ဖွန်းမုန်တိုင်း မှ ပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့် နိုဝင်ဘာ၈ရက်မှ ၁၀ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့ မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တဲ့ အတွက် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေနဲ့ သတိထားနေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။









