တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမှာ Ruining Xinjiang Garment" အမည်ရှိ မြန်မာအခေါ် (စိန်ချွန်)ဆိုတဲ့အထည်ချုပ်စက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း အလုပ်သမားအဖွဲ့အစည်း STUM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါတရုတ်အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်ခံရပြီး ဖိနှိပ်ချုပ်ချယ်မှုများ ကြုံတွေ့နေရသလို ထွက်ပြေးသူများကို လမ်းမပေါ် တွင် ခေါင်းကွဲတဲ့ အထိ ရိုက်နှက်ကာ ရဲစခန်းတွင် ဆက်လက်ချုပ်နှောင်ထားပြီး သေဆုံးပါက အစဖျောက်တဲ့အထိ ပြုလုပ်နေတဲ့ ဖြစ်စဉ်တွေရှိနေတယ်လို့ဆိုပါတယ်။
"စက်ရုံကနေ ထွက်ပြေးတာ ၃ ယောက်။ ချက်ချင်းပဲ သူတို့မိသွားတယ်။ မိတာနဲ့ သူဌေးက လမ်းမှာထဲက လုံခြုံရေးတွေကို ရိုက်ခိုင်းတာ ခေါင်းတွေကွဲ ဒဏ်ရာတွေရပြီး။ စက်ရုံရောက်တော့လည်း သူဌေးရုံးခန်းထဲ ခေါ်သွားပြီး ထပ်ရိုက်ခိုင်းတယ်။ သူဌေးယောက်ျားကဆို လုံခြုံရေးတွေကို တခါထဲ အတင်းသတ်ခိုင်းတာ။"လို့ မျက်မြင်တွေ့ရတဲ့ အလုပ်သမားတွေက ပြောပြပါတယ်။
အဆိုပါ စက်ရုံတွင်း နှိပ်စက်ညှဉ်းပန်းမှုများနဲ့ မြန်မာအလုပ်သမားများအပေါ် တရုတ်နိုင်ငံသား သူဌေးရယ် ၊မန်နေဂျာတွေရယ်က အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်နေတာကြောင့်မခံမရပ်နိုင်ဖြစ်ကာ ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်သမား၃ဦးဟာ စက်ရုံကနေ ထွက်ပြေးခဲ့တာလို့သိရပါတယ်။
စက်ရုံအတွင်း အလုပ်သမားများကို ထမင်းကျွေးရာတွင် မကောင်းတဲ့ ဆန်များသာ ကျွေးခြင်း၊ အချိန်ပို (OT) ကြေးများကို အပြည့်အဝပေးခြင်းမရှိဘဲ ခိုင်းစေခြင်း၊ ပိုက်ဆံကိုလည်း အပြည့်အစုံမပေးခြင်း နဲ့ အလုပ်သမားတွေဟာ အိပ်ရေးပျက်ပြီး နားရက်မရှိ လုပ်ကိုင်နေရခြင်း ကြောင့်ကျန်းမာရေးအလွန်အမင်း ထိခိုက်နေသလို စက်ရုံအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်းရယ် နှိပ်စက်မှု တွေရယ်ကြောင့် မကြာသေးမီက အလုပ်သမား မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ရာ စက်ရုံဘက်က အဆိုပါ သေဆုံးမှုကို အစဖျောက်ရန် ကြိုးပမ်းခဲ့ပြီး ဒေသခံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ လမ်းစဖျောက်ထားတယ်လို့ သိရပါတယ်။
"စက်ရုံသူဌေးက အလုပ်တအားခိုင်းတယ်။ မြန်မာတွေကို အရမ်းနှိပ်စက်တယ်။ ကောင်မလေးတစ်ယောက် ရန်ကုန်က ကလေးမလေး ဆုံးသွားတယ်။ ကောင်မလေးဆို အလောင်းတောင် မတွေ့ရတော့ဘူး။ သေတဲ့ကောင်မလေး ညီမတွေကိုလည်း ချက်ချင်း ခရီးလမ်းကနေ ပြန်လွှတ်လိုက်တယ်။" လို့ စက်ရုံ အလုပ်သမ တယောက်ကပြောပြပါတယ်။
လက်ရှိတွင် ထွက်ပြေးစဉ်က ခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့အလုပ်သမားကောင်လေးမှာ ဝေဟုန်း (အမည်လွှဲ) ဖြစ်ပြီး၊ စက်ရုံဘက်က အဆိုပါကိစ္စကို ဖုံးကွယ်ရန်အတွက် ရဲများကို ငွေပေးကာ အမှုဖျောက်ရန် စီစဉ်နေတဲ့အပြင် ဒဏ်ရာရရှိထားတဲ့ ကလေးများကိုပါ ငွေမပေးဘဲ ထောင်ချရန် ရဲများနဲ့ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ စက်ရုံဘက်က နောက်နောင်တွင် အလုပ်သမားများ ထွက်မပြေးစေရန်၊ဖြစ်စဉ်များ အပြင်သို့မပေါက်ကြားစေရန် ၊အလုပ်သမားများအား ခြိမ်းခြောက်ပြီးဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းထားတယ်လို့ဆိုပါတယ်။
ရွှေလီရဲစခန်းတွင် လက်ရှိအချိန်အထိ စက်ရုံသူဌေးရဲ့တိုင်ကြားမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာအလုပ်သမား မိန်းကလေး၊ ယောက်ျားလေး စုစုပေါင်း (၅၀) ဝန်းကျင်ခန့် ရှိနေပါတယ်။
၎င်းတို့ကို ရဲစခန်းတွင် ပြည်တွင်းပြန်ပို့ရန်အတွက် စာရွက်စာတမ်းလုပ်ငန်းစဉ်များနဲ့လက်ဗွေနှိပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ အကုန်လုပ်ဆောင်ပြီးစီးနေ ပေမယ့်စက်ရုံသူဌေးဘက်က ရဲများကို ငွေပေးကာ လွှတ်မပေးဘဲ ဆက်လက်ချုပ်နှောင်ထားခိုင်းနေတယ်လို့သိရပါတယ်။
အထက်ပါစက်ရုံမှ လွတ်မြောက်လာပြီး နေရပ်ပြန်ရန် မူဆယ်မြို့စပ်တွင် သောင်တင်ကာ စောင့်ဆိုင်းနေကြတဲ့ မြန်မာအလုပ်သမား မိန်းကလေးအချို့မှာလည်း စားဝတ်နေရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။
လက်ရှိတွင်ယင်း Ruining Xinjiang Garment (စိန်ချွန်) စက်ရုံရှိ မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ရဲစခန်းတွင် မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများရယ်၊လူမှုကူညီရေး အဖွဲ့အစည်းများအနေနဲ့ မြန်မာအလုပ်သမားများရဲ့ အသက်အန္တရာယ်၊ ရပိုင်ခွင့်များအတွက် အမြန်ဆုံး ဝင်ရောက်စွက်ဖက် ကူညီပေးနိုင်ရန် အလုပ်သမားများနဲ့ မိသားစုဝင်များက မျှော်လင့်တောင့်တလျက်ရှိကြောင်း သိရှိရပါတယ်။









