NEWS

တရားစွဲခံ ရိမ်းဘိုးဆပ်ပြာစက်ရုံသမဂ္ဂခေါင်းဆောင်များအား နုတ်ထွက်ရန် ညှိနှိုင်း

CoverLogo
1.1K Views

စက်ရုံအလုပ်သမား အခွင့်အရေးတောင်းဆိုခဲ့ကြတဲ့ ရိမ်းဘိုးဆပ်ပြာ စက်ရုံသမဂ္ဂခေါင်းဆောင်တွေကို အလုပ် ကနေ နုတ်ထွက်ဖို့ လာရောက် ညှိနှိုင်းပြောဆိုတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

လုပ်သားအင်အား ၄၀၀ လောက်ရှိတဲ့ အဲဒီစက်ရုံကို  ပြီးခဲ့ရက်ပိုင်းက အလုပ်သမားညှိနှိုင်းရေး အရာရှိက လာရောက်ပြောဆိုခဲ့တာလို့ သိရပါတယ်။

“ စက်ရုံက သမဂ္ဂခေါင်းဆောင်တွေကို သိက္ခာရှိရှိနုတ်ထွက်ပေါ့၊ အမှုကို ရုတ်သိမ်းပေးအောင်နဲ့ ကရုဏာကြေး ရအောင် စက်ရုံကို ပြောပေးမယ်လို့ လာပြောတယ်” လို့ ရိမ်းဘိုးစက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၂ ရက်မှာ ရိမ်းဘိုး ဆပ်ပြာစက်ရုံက အလုပ်သမားတွေဟာ လုပ်ငန်းခွင်အတွင်း ဆဲဆို ခိုင်းစေတာတွေ အပါဝင် အခွင့်အရေး ချိုးဖောက်ခံရတာတွေ များပြားလာတာကြောင့် ဥပဒေပါ အခွင့်အရေး တွေရရှိဖို့ အချက် ၁၃ ချက်ကို သပိတ် မှောက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

စတင်တောင်းဆိုခဲ့ရာမှာ ညှိနှိုင်းမှု ၂ ကြိမ်ပြုလုပ်ခဲ့ ပြီးနောက် စက်ရုံဘက်က တောင်းဆိုမှုတွေကို မလိုက် လျောနိုင်ဘူးဆိုပြီး ခုံသမာဓိ ကောင်စီမှာ ဖြေရှင်းမယ်လို့ စက်ရုံဘက် တင်ပြခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာလကုန်မှာတော့ ခုံသမာဓိ ကောင်စီက အလုပ်သမားဘက်ကို အနိုင်ပေးဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“ဒါပေမဲ့ ဆန္ဒပြ သပိတ်မှောက်နေတုန်းမှာပဲ အလုပ်သမားတွေကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂ ခုနဲ့ စက်ရုံဘက် က တရားစွဲခဲ့တယ်။ အခုအထိ တရားရင်ဆိုင်နေရတုန်းပဲ” လို့ ရိမ်းဘိုး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် တစ်ဦးက ပြောဆိုပါတယ်။

ခုံသမာဓိ ကောင်စီရဲ့ဆုံးဖြတ်စုစုပေါင်း ၁၄ ချက်ထဲမှာ အလုပ်သမားတွေကို တရားမစွဲဖို့ပါဝင်ပေမဲ့  စက်ရုံသမဂ္ဂ ခေါင်းဆောင် ၅ ဦးနဲ့ အဖွဲ့ဝင် ၂ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၁နဲ့ ပုဒ်မ ၄၂၇ တို့ စက်ရုံဘက်က တရားစွဲ ခဲ့တာလို့ သိရပါတယ်။

ဒီပုဒ်မတွေဟ အနည်းဆုံး ငွေဒဏ်ကနေ ထောင်ဒဏ် ၁ နှစ်နဲ့ ၂ နှစ် အထိချနိုင်တဲ့ ပုဒ်မတွေဖြစ်ပါတယ်။

တောင်းဆိုမှုတွေဟာ ဥပဒေအတွင်းကဖြစ်ပြီး စက်ရုံအလုပ်သမားအားလုံး အကျိုးအတွက် တောင်းဆိုထားလို့ အပြစ်လုပ်ထားတာ မရှိသလို ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး  တရားစွဲခံထားရတဲ့ အလုပ်သမားတွေက အခုလိုပြောပါတယ်။

“စက်ရုံသမဂ္ဂအနေနဲ့ ညှိနှိုင်းမှုကို ကြိုဆိုပါတယ်၊ ဒါပေမဲ့ ကိုယ်တိုင် နုတ်ထွက်ဖို့ ဆိုတာကတော့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ ယူဆတယ်။ သမဂ္ဂကိုလည်း ထိခိုက်တယ်၊ တရားစွဲခံထားရတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကိုလည်း ထိခိုက်တယ်။ အားလုံးအေးအေးချမ်းချမ်း အလုပ်လုပ်ဖို့ဆိုရင် တခြားပုံစံနဲ့ ညှိနှိုင်းတာက အားလုံးအတွက် အဆင်ပြေမယ်” လို့ တရားစွဲခံထားရတဲ့ သမဂ္ဂအဖွဲ့ဝင်က ပြောပါတယ်။

ဆပ်ပြာစက်ရုံကတော့ ရန်ကုန်မြို့ ၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန် ၁၊ အမှတ် ၁၂၉ မှာရှိပြီး  Myanmar Consumer Enterpris အမည်နဲ့ ဖွင့်ထားပြီး Rainbow ဆပ်ပြာခရမ်၊ Butterfly တံဆိပ်အမွှေးဆီ၊ Bubble တံဆိပ် ရေချိုးဆပ်ပြာနဲ့ Butterfly Laundry Goon Friend ၊ Diaper Rainbow ၊ Liquid Expert တံဆိပ်တွေနဲ့ ပန်းကန်ဆေး ဆပ်ပြာအဆီ ၊ Rainbow တံဆိပ် ခရမ်အမျိုးမျိုးနဲ့  Rainbow တံဆိပ် Powder စတဲ့ ကုန်ပစည်းတွေ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026