NEWS

တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( နိုဝင်ဘာ ၂၅- ဒီဇင်ဘာ ၁)

CoverLogo
423 Views

နိုဝင်ဘာလ (၂၅) ရက်ကနေ ဒီဇင်ဘာလ (၁) ရက်နေ့အထိ Myanmar Labour News မှာ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။


နိုဝင်ဘာလ ၂၅

နိုဝင်ဘာလ (၂၅) ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု စတင်တဲ့နေ့လည်း ဖြစ်ပါတယ်။

လုပ်ငန်းခွင်တွင်းက အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ အကြမ်းဖက်ခံရတာတွေ ရှိနေပါတယ်။ ဒီလိုအခြေအနေတွေကို အထည်ချုပ်လုပ်ငန်းခွင်မှာ လုပ်သက် (၈) နှစ်ကြာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို Myanmar Labour News က ချိတ်ဆက်ပြီး မေးမြန်းဖော်ပြထားပါတယ်။

Great Glowing စက်ရုံမှာ HR ပိုင်းက အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာတွေ၊ ရိုင်းစိုင်းစွာ ပြောဆိုတာတွေ လုပ်ဆောင်နေပါတယ်။ စက်ရုံဘက်မှာ ၂၀၂၂ ခုနှစ်နောက်ပိုင်းကစပြီး ကောင်းတဲ့ဘက်ကို ဦးတည်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်နေပေမယ့် HR ပိုင်းကတော့ ဆိုးဝါးတဲ့ပုံစံတွေ ရှိနေတယ်လို့ အလုပ်သမားတွေကပေးစာ ပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၂၆

ရွှေပြည်သာစက်မှုဇုန် က Jiashihao Myanmar Limited ပိုင် အထည်ချုပ်စက်ရုံက နိုဝင်ဘာလအတွင်း တနင်္ဂနွေ ပိတ်ရက်တွေတိုင်း အချိန်ပို နဲ့ ရက်အစား ဆင်းခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ညီလာခံရဲ့ သုံးပွင့်ဆိုင်ယန္တရားမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်တဲ့သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့တရားဝင်ပူးပေါင်းဆောင်ရွက်ခွင့်ရရှိရေးဆက်လက်ကြိုးပမ်းသွားမယ်လို့နိုဝင်ဘာ (၂၄) ရက်မှာ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Smooth World အထည်ချုပ်စက်ရုံမှာ မန်နေဂျာ အပါအဝင် ကြီးကြပ်ရေးမှူးတွေက ဆဲဆိုခိုင်းစေတာတွေ၊ လုပ်အားခ ခေါင်းပုံ ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပေးစာ ပေးပို့ထားပါတယ်။

တရုတ်နိုင်ငံသားပိုင် Myanto Industrial Co, Ltd  မှာ အထည်စံချိန်တွေကို အလွန်အကျွံတောင်းခံနေတာကြောင့် အလုပ်သမား တစ်ဦးကို ပွိုင့်သုံးပွိုင့်ကနေလေးပွိုင့်အထိ ချုပ်ရတဲ့အပြင် အလုပ်မလာသူတွေအတွက်ပါ ကျန်ဝန်ထမ်းတွေက လုပ်အား စိုက်ထုတ် ချုပ်ပေးရတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အောက်ခြေပြည်သူတွေဟာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအတွက် ဖိနှိပ်မှုတွေ၊ အာဏာပြကာ ငွေကြေးတောင်းခံတာတွေကို နည်းမျိုးစုံနဲ့ ခံနေရပြီး စားဝတ်နေရေး ပိုခက်ခဲလာပါတယ်။ ဒီအခြေအနေတွေကို “ကျပ်တည်း ခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ ဒုက္ခ” ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၇

ထိုင်းနိုင်ငံ ကို MOU နဲ့ လာတဲ့ မြန်မာအလုပ်သမား ၂၀ ဦးကို အေဂျင်စီ ရဲ့ကိုယ်စားလှယ်ဆိုသူက ဆောက်လုပ်ရေးဆိုက် တစ်ခုမှာ ၄၅ ရက် အချိန်ကန့်အသတ်နဲ့ ဘတ်(၁ )သိန်းခွဲယူကာ ရောင်းစားသွားတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမား အရေးကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ် အဖွဲ့ဆီက သိရပါတယ်။

ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုတွေကြောင့် ပြည်သူလူထုကို သင့်တင့်မျှတတဲ့စျေးနဲ့တိုက်ရိုက်ဝယ်ယူစားသုံးနိုင်ဖို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်မွေးမြူထုတ်လုပ်သူတွေနဲ့ ကြက်ဥ၊ ကြက်သား ဖြန့်ဖြူးရောင်းချသူတွေ စားသုံးသူတွေဈေးသင့်တင့်နဲ့ဝယ်ယူနိုင်ဖို့တိုက်ရိုက်ရောင်းချတဲ့အစီအစဉ်ကို နိုဝင်ဘာ ၂၃ ရက်ကစ ပြီးပြုလုပ်နေတာဖြစ်ပြီး  ရောင်းတန်းမဝင်တာတွေကိုသာ ရောင်းချပေးနေတာလို့ ပြည်သူလူထုဆီက သိရပါတယ်။

ထိုင်းရောက်မြန်မာအလုပ်သမား ၃၀၀ ကျော် ကို အလုပ်ပေးမယ်ဆိုကာ ငွေလိမ်လည် သွားတဲ့ ထိုင်းအမျိုးသမီး ၂ဦး ကိုထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့ပေမယ့် ငွေအလိမ်ခံရတဲ့ အလုပ်သမားတွေ အနေနဲ့ ငွေပြန်ရနိုင်မယ့် အနေထားမရှိဘူးလို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။

ဒီဇင်ဘာအတွင်းထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ပန်းရောင်ဘတ်အသစ် လျှောက်ခွင့်ပေးဖို့  ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမား အရေးကူညီပေးသူတွေထံက သိရပါတယ်။

တရုတ်နိုင်ငံသားပိုင် Myanmar Jiale Fashion Co..Ltd မှာ လုပ်ခလစာပေးချေရာမှာ နှစ်ကြိမ်ခွဲပေးနေလို့ အလုပ်သမားတွေ အခက်ကြုံနေပါတယ်။


နိုဝင်ဘာ ၂၈

စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ဆက်လက်မြင့်တက်လာပြီး ပြင်ပပေါက်ဈေးကလည်း အမြင့်ဈေးနဲ့ ဆက်လက်တည်ရှိနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

ရွှေပြည်သာမြို့နယ် Straightex Co.,Ltd  ပိုင် အထည်ချုပ်စက်ရုံက စနေနေ့ အောလင်းနဲ့ တနင်္ဂနွေ အလုပ် ပိတ်ရက်တွေမှာပါ အချိန်ပို လုပ်ကိုင် ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခု နိုဝင်ဘာလထဲမှာ အချိန်ပိုတွေ လုပ်ကိုင်ခိုင်းနေတာ ရက်သတ္တပတ် ၂ ပတ် ရှိလာပြီလို့ အလုပ်သမားတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံ အတွင်း အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ ခဲ့ရတဲ့ မြန်မာ အလုပ်သမား ၁၈၃ ဦး ကို နိုဝင်ဘာ ၂၈ ရက်က ထိုင်းအာဏာပိုင်တွေ က မြန်မာ ဘက်ကို ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်မှု အရသိရပါတယ်။

လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုနေတဲ့ စက်ရုံလုပ်သားအားလုံးကို Yangon Nadia-Pacific  clothing Company Limited  ပိုင် အထည်ချုပ်စက်ရုံက အလုပ်ကနေ ထုတ်ပယ်လို့ သိရပါတယ်။ အဲ့ဒီစက်ရုံက ရန်ကုန်မြို့ ၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၄ ၊ ပြင်စည်မင်းသားကြီး လမ်းမှာ ရှိပြီး စက်ရုံမှာ အမျိုးသမီး အမျိုးသား လုပ်သား စုစုပေါင်း ၈၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် ဆောက်လက်စမိုးပျံ တံတား သံတန်းလျား  ပြိုကျမှုကြောင့်  မြန်မာအလုပ် သမားတွေ  ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူတွေထံက သိရပါတယ်။

တရုတ်နိုင်ငံသားပိုင်  Myanmar Huasheng Kefu Fashion Co., ltdမှာ သုံးလပြည့်ပြီးတဲ့ နေ့စားအလုပ်သမား တွေကို အတည်ပြုဝန်ထမ်း မခန့်အပ်တဲ့အပြင် လခစားဝန်ထမ်းတွေ အချိန်ပိုမဆင်းရင် ဥပဒေမဲ့ အလုပ်ထုတ်တာ တွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။  

တရုတ်နိုင်ငံသားပိုင် DIXINDA Garment Co .,Ltd မှာ လူဦးရေ(၃၀)ရှိတဲ့ စက်တန်းတစ်တန်းမှာ တစ်နာရီကို အထည် (၁၂၀) ရရှိရေး တောင်းခံတာကြောင့် အလုပ်သမားတွေဟာ ရေသောက်၊အပေါ့သွားဖို့ကို ခက်ခဲလာတဲ့အပြင် စက်ရုံ ရဲ့ WCC ကော်မတီကလည်း အလုပ်ရှင်ဘက်ကို ဘက်လိုက်တာတွေ လုပ်ဆောင်နေတာကြောင့် အလုပ်သမားတွေ အခက်တွေ့နေပါတယ်။

နိုဝင်ဘာ ၃၀

တရုတ်နိုင်ငံသားပိုင် FZ GARMENT Co, ltd မှာ လုပ်သက်ကြာမြင့်နေတဲ့ အမျိုးသားလုပ်သားတွေကို အတည်ပြုဝန်ထမ်း အနေနဲ့ ခန့်အပ်တာမရှိသလို လူမှုဖူလုံရေးကြေးတွေ ကောက်ခံပေမယ့် ဆေးခွင့်ယူခွင့်မပေးဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပြင်ဘက် ဆမတ်ဆာခွန်းမြို့ရှိ ခုံးကျော်တံတားတစ်ခု ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကရိန်းတစ်ခုပြိုကျခဲ့သဖြင့် သေဆုံးသူ အလုပ်သမား ၁၀ ဦးအထိ ရှိလာတယ်လို့ သတင်းရရှိပါတယ်။

ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့  3 in1 ကော်ဖီမစ်ထုတ်တွေဟာဈေးကွက်မှာပစ္စည်းပြတ်နေပြီး ကော်ဖီမစ်အထုပ် သေးတစ်ထုပ် ဟာ ကျပ် ၈၀၀ အထိမြင့်တက်လာလို့ အခြေခံအလုပ်သမားတွေအနေနဲ့ ကော်ဖီမသောက်နိုင်တော့ဘူးလို့ ဆိုလာပါတယ်။ ကော်ဖီမစ်ထုပ်ကို ရေနွေးဖြူနဲ့ အသင့်ဖျော်သောက်တဲ့ "ပလိန်း" တခွက်ဈေးဟာ ဆိုင်ထိုင်သောက်ပါက အနည်းဆုံး ၈၀၀ ကျပ်ကနေ ၁၅၀၀ ကျပ် အထိ ပေါက်ဈေးရှိနေပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့အထဲ မြန်မာနိုင်ငံစစ်ကောင်စီရဲ့ သတင်းထောက် တွေအပေါ်ဖမ်းဆီးထောင်ချမှုဟာ အဆိုးရွားဆုံးထောင်မှူးဖြစ်လာတယ်လို့ USAID ကဆိုပါတယ်။

ကိုရီးယားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ငန်းခွင်တွင်းဖိအားတွေနဲ့ မိသားစုရဲ့ စိတ်ဖိစီးမှုတွေကြောင့် မိမိကိုယ်ကို အဆုံးစီရင်သူတွေ ရှိနေပါတယ်။ ဒီအရေအတွက်ဟာ လုပ်ငန်းခွင်တွင်း ထိခိုက်မှုကြောင့် ကွယ်လွန်သူအရေအတွက်နဲ့ ညီမျှနေတယ်လို့ တောင်ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ကလည်း ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံကိုလုပ်သားစေလွှတ်ရာမှာ အမှန်တကယ်အလုပ်ခန့်အပ်နိုင်မှုမရှိဘဲစေလွှတ်တာတွေပိုများလာလို့ အလုပ်သမားတွေနစ်နာနေရတယ် လို့ ရွှေ့ပြောင်းလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။ ဒီအခြေအနေဟာစစ်အာဏာသိမ်းပြီးနောက်မှာပိုမိုများပြားလာတာဖြစ်ပြီးအရေးယူမှုလည်းနည်းပါးနေပါတယ်။

တစ်ပတ်တာသတင်း အနှစ်ချုပ်ကို မမက စုစည်းပေးထားတာပါ။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026