လုပ်ငန်းခွင်ပြန်မရောက်သေးတဲ့ ပေါင်ချိန်အလုပ်သမားတွေ ဘာတွေတောင်းဆိုခဲ့သလဲ။
ညှိနှိုင်းမှုအဆင့်ဆင့်နဲ့ပြေလည်မှုမရရှိခဲ့ဘဲ တရားရုံးသို့သာ ဆက်တက်စေခဲ့တဲ့ မြန်မာပေါင်ချိန်စက်ရုံနဲ့ အလုပ်သမားများ။
ဒီဇင်ဘာ ၁၄
#LabourNews
ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်တွေကိုချုပ်လုပ်နေတဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က မြန်မာပေါင်ချိန်စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ ညှိနှိုင်းမှုအဆင့်ဆင့်ပြုလုပ်ရာမှာ ဒီကနေ့ ဒီဇင်ဘာလ ၁၄ရက်နေ့ အထိ ပြေလည်မှုမရရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါအလုပ်သမားတွေဟာ လုပ်ငန်းခွင်ထဲမှာ လုပ်ခလစာတိုးမြင့်ပေးရန်တောင်းဆိုခဲ့ရာမှ အလုပ်သမား၂၆ဦးကို အလုပ်ထုတ်ခဲ့တာဖြစ်ပြီး အလုပ်သမားတွေက လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ရန်အတွက်သာ တောင်းဆိုနေတာကြောင့် လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ရန်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်ရုံနဲ့ အလုပ်သမားဆက်ဆံရေးဦး စီးဌာနရော အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးတာ၀န်ရှိသူတွေနဲ့ အလုပ်ရှင်အလုပ်သမားများတွေ့ဆုံကာ အလုပ်ပြန်ခန့်ရေး ညှိနှိုင်းခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
နာမည်ကျော်အမှတ်တံဆိပ် Adidas ဖိနပ်တွေ ထုတ်လုပ်တဲ့ မြန်မာပေါင်ချိန်စက်ရုံကတော့ အလုပ်သမား တွေကို သုံးလစာလျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့သာ အလုပ်သမားတွေကို ပြန်ပြောထားတယ်လို့ သိရပါတယ်။
အလုပ်သမားတွေဘက်က ဆန္ဒရှိပါက နစ်နာသူတွေအနေနဲ့ အရပ်ဘက် တရားရုံးမှာ တရားစွဲဆိုနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့တုန်းက အလုပ်သမားဦးစီးဌာနဘက်ကနေ ပြောခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေဘက်ကတော့ အရပ်ဘက် တရားရုံးမှာ တရားစွဲဆိုတာထက် ညှိနှိုင်းမှုတွေလုပ်ဖို့ကို လိုလားနေကြပါတယ်။
ဒါ့အပြင် အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကတော့ အလုပ်ပြန်ခန့်ပေးဖို့သာ လိုလားနေပြီး အလုပ်ရှင်ဖြစ်တဲ့ ပေါင်ချိန်စက်ရုံနဲ့ တိုက်ရိုက်ညှိနှိုင်းခွင့်ရဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။
“ ပြီးခဲ့တဲ့နို၀င်ဘာ ၈ရက်နေ့ အ၊လ၊ည မှာ နောက်ဆုံးချိန်းလိုက်တာ သူတို့ဘက်ကနေ အလုပ်ပြန်မခန့်နိုင်ဘူးပြောတယ်။ သူတို့က ကျွန်မတို့ကိုတရားရုံးတက်မက်ဆိုတက်လို့ရတယ်ပြောတယ်။ ကျွန်မတို့တရားရုံးမတက်ပါဘူး။ ငွေများတရားနိုင်ဖြစ်မှာစိုးလို့ပါ။ တရားရုံးတက်ဖို့အစီစဉ်မရှိဘူး။ စက်ရူံဘက် ကနေ ကျွန်မတို့ကိုတွေ့ဖို့ချိန်းထားတယ်။ ဒါပေမဲ့အကြောင်းမပြန်သေးဘူး။ အငြင်းပွားမှုဖြစ်ပွားနေစဉ်မှာ အလုပ် သမားတွေကိုလစာပေးထားဖို့ ဘရန်း(adidas)ဘက်ကနေပြောထားပေမဲ့ စက်ရုံဘက်ကဘာမှမထူးဘူး။ တုတ်တုတ်တောင်မလှုပ်သေးဘူး။ Brand ကနေသာလစာပေးဖို့ပြောနေတာ စက်ရုံကမလှုပ်ဘူး” လို့ အလုပ်ထုတ်ခံရသူများထဲမှ အလုပ်သမားတစ်ဦးကဆိုပါတယ်။
တွေ့ဆုံညှိနှိုင်းမှုတွေအရ စက်ရုံဘက်ကနေ လျော်ကြေးပေးမယ်လို့ ဆက်သွယ်တာမျိုးရှိပေမဲ့ အလုပ်သမားတွေအနေနဲ့ကတော့ လျော်ကြေး၊နစ်နာကြေးပေးမယ်ဆိုတာကို လက်မခံဘဲ အလုပ်သမားတွေရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ လုပ်ငန်းခွင်၀င်ရောက်ဖို့ကိုပဲဆက်လက်တောင်းဆို မှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာပေါင်ချိန်စက်ရုံလုပ်သားတွေကို အလုပ်ပြန်ခန့်ပေးဖို့ ညှိနှိုင်းနေတာဟာ အချိန်အားဖြင့် ၂လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ပြိးခဲ့တဲ့ နို၀င်ဘာ ၂၂ရက် ၂၅ရက်နဲ့ ဒီဇင်ဘာလ ၈ရက်အထိ အပြန်အလှန်နှစ်ဖက်ဆွေးနွေးမှုတွေအပြင်းအထန်ပြုလုပ်ခဲ့တဲ့အပြင် brand ဘက်ကလည်း ကြား၀င်ပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပေမဲ့ စက်ရုံဘက်က အလုပ်ပြန်မခန့်နိုင်ဘူးလို့သာပြန်လည်ပြောဆိုပြီး အလုပ်သမားတွေအနေနဲ့တရားရုံးကိုသာဆက်တက် ပါလို့ စက်ရုံဘက်ကပြောဆိုတယ်လို့သိရပါတယ်။
အခုလို အလုပ်ထုတ်ခံရတာနဲ့ပတ်သက်ပြီး Adidas အမှတ်တံဆိပ်ဘက်ကလည်း အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့နဲ့ စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့ကာလအတွင်းအလုပ်သမားတွေကို လုပ်ခလစာပေးဖို့နဲ့ လစာထုတ်ယူနိုင်ရေးကိစ္စ တွေလုပ်ဖို့ မြန်မာပေါင်ချိန်စက်ရုံဘက်ကို ပြောဆိုထားပေမဲ့ စက်ရုံဘက်က တော့ အဲ့ဒီအပေါ်တုံ့ပြန်မှုမရှိဘူးလို့ သိရပါတယ်။
“ကျွန်မတို့ကကိုယ့်တားဂတ်နဲ့ကိုယ်လုပ်ရတာ။ အရင်က ကျွန်မတို့တစ်နေကုန်လုပ် ကျွန်မတို့စက်ချုပ်ပိုင်းက အာဝါဒီ တစ်နေ့ကို ၈၀ပေါ့နော်။ တစ်ခြမ်းကို၈၀နှစ်ခြမ်းကို ၁၆၀အဲ့လိုချုပ်ရတာ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ တစ်ခြမ်းကိုတစ်ရာတောင်းပြီးတော့ နှစ်ခြမ်းကိုအရံနှစ်ရာကျော်တယ်။ ခုဆိုတစ်ခြမ်းကို၁၂၀ အထိတိုးတောင်း လာတာဆိုတော့ ၀န်ထမ်းတွေက ကျန်းမာရေးအပေါ့အပါးသွားဖို့တောင်အချိန်မရပါဘူးရှင်” လို့ အလုပ်သမား တစ်ဦးကဆိုပါတယ်။
မြန်မာပေါင်ချိန်စက်ရုံဟာ ဒီ Adidas အမှတ်တံဆိပ် ဖိနပ်ကိုသာ အဓိကထုတ် လုပ်ပြီး အလုပ်သမား ၇၀၀၀ ကျော်ရှိတဲ့ စက်ရုံကြီးတစ်ခုဖြစ်ပြီး အဲ့ဒီလိုစံချိန်ချိန်တွေတိုးမြှင့်ချုပ်လုပ်စေခိုင်းပေမဲ့ လစာတိုးမြှင့် ခြင်းမရှိသလို အခြားသောခံစားခွင့်တွေလည်းမရတာကြောင့် လုပ်သမားတွေဟာ ပြီးခဲ့တဲ့ လက်ရှိရနေတဲ့ တစ်နေ့လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်အစား တစ်နေ့လုပ်ခကျပ်၈၀၀၀ သို့တိုးပေးဖို့ အောက်တိုဘာလ ၂၅ ရက်နေ့က တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
အဲ့ဒီလိုအလုပ်သမား ၂၀၀၀ကျော်အထိ ပါ၀င်တောင်းဆိုခဲ့ပြီးနောက် အောက်တိုဘာ ၂၈ရက်က အလုပ်သမား သမဂ္ဂဦးဆောင်သူတွေ အပါအဝင် ၂၆ဦးကို လုပ်ငန်းခွင်ပေးမဝင်တော့ဘဲ အလုပ်ထုတ်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူနေမှုစားရိတ်တွေ ငွေဖောင်းပွမှုတွေ အဆမတန်ပြောင်းလာခဲ့ပြီးနောက် အလုပ်သမားတွေက ကုန်စျေးနှုန်းမြင့်တက်လာမှုအပေါ် မိမိတို့ရဲ့တစ်နေ့လုပ်ခကျပ်၄၈၀၀ဟာ လုံလောက်မှုမရှိတာကြောင့် အခုလို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ကျပ်၄၈၀၀ ဟာ ၂၀၁၈ခုနှစ်က နှစ်နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်မည့်ကတိဖြင့် အတည်ပြုသတ်မှတ်ခဲ့တာဖြစ်ပေမဲ့ အလုပ်သမားတွေဟာ ၂၀၁၈ကသတ်မှတ်လိုက်တဲ့ ၄၈၀၀နှုန်းအတိုင်းလုပ်ကိုင်ခဲ့ရာမှ လက်ရှိအချိန်ထိပြင်ဆင် သတ်မှတ်နိုင်ခြင်းမရှိဘဲ အဆိုပါ၄၈၀၀နှုန်းအတိုင်းသာ ရရှိလုပ်ကိုင်နေကြရတာဖြစ်ပါတယ်။
#MyanmarLabourNews
#MinimumWage
#adidas
#ယွန်းဆက်









