အဆင်မပြေတာတွေ၊ ကြပ်တည်းတာတွေအတွက် ညည်းချင်းတွေဟာ အိမ်တိုင်းမှာ အရင်ကထက် အကြိမ်ရေ စိပ်လာပါတယ်။
တစ်လထက်တစ်လ ပိုမိုကြပ်တည်းလာတဲ့ အခြေအနေတွေကို ခုချိန်မှာတော့ မိသားစုတိုင်း လက်တွေ့ကျကျ ခံစားနေရတာပါပဲ။
ပြီးခဲ့တဲ့ကာလတွေက လုံလောက်ခဲ့တဲ့ မိသားစုဝင်ငွေဟာ အခုချိန်မှာတော့ စိစစ်သုံးစွဲနေရင်းနဲ့ကို ခက်ခဲလာပါပြီ။
ဒီအခြေအနေကို လခစားဝန်ထမ်းတွေတင်မကဘဲ နေ့စဉ်ဝင်ငွေရှိတဲ့ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတွေပါ ရင်ဆိုင်နေရတာပါ။
နေထိုင်စားသောက်ဖို့အတွက်ပဲ အဓိကထား သုံးစွဲနေပေမယ့်လည်း ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာတာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း မြန်မာနိုင်ငံက လူ (၃) ဦးမှာ(၁) ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရပြီး ဒီလူတွေထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ မကြာသေးခင်က ထုတ်ပြန်ဖော်ပြထားပါတယ်။
ဒီကိန်းဂဏန်းတွေကို မြေပြင်အခြေအနေနဲ့ တွက်ဆကြည့်ရင်လည်း ပြည်သူတွေ ပိုမိုကြပ်တည်းလာတာကိုတော့ ပြည်တွင်းမှာ ရောင်းဝယ်ဖောက်ကားနေသူတွေက အတည်ပြု ပြောဆိုကြပါတယ်။
သူတို့ရဲ့ ပြောဆိုချက်တွေအရ တော့ ၂၀၂၅ ခုနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်တွေကထက် ဝယ်လိုအားတွေ၊ ငွေကြေး သုံးစွဲနှုန်းတွေ ကျဆင်းလာတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အမျှ ကုန်ဈေးနှုန်း မြင့်တက် တာ၊ နေထိုင်စားသောက်စရိတ်တွေ မြင့်တက်တာ၊ ဝင်ငွေထွက်ငွေ မမျှတတာတွေဟာ ပိုမိုဆိုးရွားလာပြီး ၂၀၂၅ ခုနှစ်ထဲမှာတော့ စံချိန်တင် အခြေအနေကို ရောက်ရှိလာပဲ ဖြစ်ပါတယ်။
“ဝယ်လိုအားတွေကတော့ ဒီနှစ်ထဲမှာ ပိုနည်းလာတာပေါ့။ တိတိကျကျ ပြောရရင် ဒီလအပါဆို သုံးလလောက်ရှိပြီ။ အရောင်းအဝယ်က အရင်ကလောက် မရှိတာ။ လကုန်တဲ့ရက်လောက်ပဲ ဆိုင်တွေအရောင်း အဝယ်ကောင်းတယ်။ ဒါတောင်ပြီးခဲ့တဲ့လတွေကို မမီဘူး။ ကျန်တဲ့ရက်တွေဆို အဝယ်မရှိတာက များနေတာပဲ”လို့ စားသောက်ကုန်လုပ် ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လူလတ်တန်းစားပြည်သူတိုင်းဟာ ခေတ်ဆိုးကြီးမှာ ရှင်သန်နေထိုင်နိုင်ဖို့အတွက် နေထိုင်စားသောက်မှုပုံစံတွေ၊ လူနေမှုပုံစံတွေကို ပြောင်းလဲမှုတွေ လုပ်ဆောင်နေကြရပါတယ်။
ဒီအခြေအနေက လူလတ်တန်းစားတွေရဲ့ နေ့စဉ်ဝယ်ယူစားသောက်မှုကို မျှော်ကိုးရောင်းချနေရသူတွေကိုလည်း ခက်ခဲ လာစေပါတယ်။
“အဓိက ဝယ်လိုအားက လခစားလေးတွေ၊ ပုံမှန်ဝင်ငွေရှိတဲ့ လူတွေဆီက လာတာလေ။ သူဌေးတွေကလည်း ကျွန်မတို့လိုဆိုင်လေးတွေကို လာမဝယ်ဘူး။ အခုကျ ပုံမှန်လစာလေးပဲ ရနေတဲ့သူတွေက ဝယ်လိုအားတွေ မရှိတော့ဘူး။ လကုန်တဲ့ရက်အစလောက်တော့ ဝယ်စားတယ်။ ကျန်အချိန်တွေမှာ အရင်လို ဝယ်ကြ၊ သုံးကြတာတွေ မရှိတော့ဘူး”လို့ ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ ဒေါ်မီးငယ်က ပြောပါတယ်။
ဒီပြဿာနာရဲ့ နောက်ဆက်တွဲကတော့ ဒေါ်မီးငယ်ရဲ့ဆိုင်လေး ဆက်လက်ရပ်တည်နိုင်ရေးကိုလည်း ခြိမ်းခြောက် လာတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ကာလတွေကတော့ သူဆိုင်ကအမြတ်လေးက မိသားစုစားဝတ်နေရေးကို တစ်ထောင့်တစ်နေရာက ပံ့ပိုးနိုင်ခဲ့ပေမယ့် အခုချိန်မှာ သူ့ဆိုင်လေး ပိတ်သိမ်းဖို့ကို မိသားစုဝင်တွေက ပြောဆိုတာ တွေ ရှိလာပါတယ်။
“အဓိကက ငွေမလည်တာပေါ့။ အရင်းတွေက တက်လာပေမယ့် ရောင်းအားက မရှိတော့ဘူး။ ရောင်းရတာလေးက အမြတ်ထွက်ဖို့ထက် ပစ္စည်းတွေပြတ်မယ်ဆိုပြီး ဝယ်စုလိုက်၊ အရင်းကဝင်လိုက်၊ ဈေးကတက်လိုက်နဲ့ဝယ်တဲ့သူက မရှိတော့ ငွေအိပ်ကုန်တယ်။ အလကားတော့ မဖြစ်ဘူးဆိုပေမယ့် စားလိုက်၊ သုံးလိုက်တော့ အရင်းပျောက်သွား တယ်။ ငွေထပ်စိုက်တော့ အိမ်ကငြိုငြင်လာတယ်”လို့ သူကညည်းတွားပါတယ်။
ဒီလိုဖြစ်နေတဲ့အခြေအနေမှာပဲ အရင်က တစ်လကို ကျပ်ထောင်ဂဏန်းလောက်သာ စည်ပင်ခွန်ပေးဆောင်ရတဲ့ဆိုင်လေးတွေကို တရားဝင်လုပ်ငန်းလိုင်စင်လုပ်ဖို့၊ အမြတ်တော်ခွန်ဆောင်ဖို့ဆိုပြီး စည်ပင်ဝန်ထမ်းတွေက အသိပေးပြောဆိုလာချိန်မှာတော့ ရပ်ကွက်ထဲက ကုန်စုံဆိုင်ငယ်လေးတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပါတယ်။
ဝင်ငွေ၊ ထွက်ငွေ မမျှတာမှုတွေကြောင့် ပျောက်ကွယ်သွားတဲ့ ဆိုင်လေးတွေလည်း အများအပြား ရှိနေပေမယ့် သူတို့နေရာကို အစားထိုးဝင်ရောက်လာတဲ့ ဆိုင်လေးတွေလည်း မနည်းလှပါဘူး။
သူတို့ပေါ်ပေါက်လာတဲ့ အကြောင်းရင်းကလည်း မလောက်ငှတဲ့ဝင်ငွေအခြေအနေကြောင့်လို့ ဆိုကြပြန်ပါတယ်။
“အစကတော့ အိမ်မှာထိုင်စားပေါ့။ အခုအမျိုးသားဝင်ငွေက မလောက်တော့ ဆိုင်လေးထွက်ကြည့်မယ်ဆိုပြီး ရင်း ကြည့်တာ အဝတ်အစားဆိုတော့ ပုပ်ကုန်မဟုတ်ဘူး။ အချိန်တန် ငွေပေါ်မှာပဲ တွေးထားတာ။ အခုက စိတ်ဓာတ် ကျလာတယ်။ ဈေးဦးမပေါက်တဲ့နေ့က များလာတယ်။ ပြောမယ်ဆို ဆိုင်ငှားခနဲ့ လောလောဆယ် လိုင်စင်မလုပ်နိုင် သေးလို့ဆိုပြီး ပေးရတာနဲ့၊ တစ်နေကုန် အချိန်ပေးပြီးဆိုင်ထိုင်ရတာနဲ့ဆိုတော့ ရေရှည်ရပ်တည်နိုင်မယ် မထင်ဘူး”လို့ မစိုးလေးကလည်း သူရဲ့အတွေးကို ပြောပါတယ်။
ပုံမှန်ဝင်ငွေအပြင် အပိုဝင်ငွေလေး ရရှိအောင် လုပ်ဆောင်ခဲ့တဲ့ အိမ်ရှင်မတစ်ဦးကလည်း အခုချိန်မှာတော့ အရင်း အနှီးအတွက် စိုက်ထုတ်ငွေတောင် ပြန်လည်ရရှိဖို့ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။ ခေတ်ဆိုးတစ်ခုရဲ့ သက်ရောက်မှု ဟာ အပိုဝင်ငွေရရှိနိုင်ဖို့ အစွမ်းရှိသလောက် ကြိုးစားရုန်းကန်သူတွေတိုင်းကို လှောင်ပြောင်နေတာပါပဲ။
ခေတ်ကာလ အခြေအနေ၊ အရောင်းအဝယ် သဘောတရားတွေကို တွက်ဆပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နေပေ မယ့်လည်း ခေတ်ပျက်တစ်ခုမှာတော့ ထည့်သွင်းမစဉ်းစားထားတဲ့ အကြောင်းတရားများစွာကလည်း တစ်နိုင်တစ် ပိုင် လုပ်ကိုင်သူတွေကစပြီး ဆိုင်ကြီးတွေကိုပါ ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။ ဒါကလည်း လုပ်ငန်းတွေ ရပ်တန့် ပျောက်ကွယ်စေတဲ့ အကြောင်းတရားတစ်ခုပါပဲ။
“အခုချိန်က တကယ်ကို စိန်ခေါ်မှုကြီးတယ်။ ဝန်ထမ်းအင်အား၊ ဆိုင်ဌားခ၊ အထွေထွေစရိတ်တွေက အရင်ကထက် သိသိသာသာ တက်လာတယ်။ နောက်ပြီး ကုန်ပစ္စည်းဈေးတက်တာတွေ၊ ပစ္စည်းပြတ်လပ်တာတွေကလည်း လုပ် ငန်းလည်ပတ်ဖို့ကို အခက်အခဲ ဖြစ်တယ်။ ကျွန်တော်တို့က လူလတ်တန်းစားတွေကို မျှော်ပြီးရောင်းစားရတယ်။ အခုက ပုံမှန်ငွေကြေးသုံးစွဲတဲ့ လူလတ်တန်းစားက ဝယ်လိုအားမရှိတော့ ဆိုင်ကမပိတ်ရအောင် တောင့်ခံထားတာ ပဲ ရှိတော့တယ်”လို့ မူကထဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပြည်ပကသွင်းကုန်တွေကို မှီခိုရောင်းချနေရသူတိုင်းဟာ အခက်တွေ့နေတာဖြစ်ပြီး ဈေးနှုန်းမြင့်တက် တာနဲ့ ပစ္စည်းပြတ်လပ်တာတွေဟာ မကြာခဏကို ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဆက်လက်ရပ် တည်ဖို့ ပိုမိုခက်ခဲလာတာပဲ ဖြစ်ပါတယ်။ ဒါတွေက လုပ်ငန်းလုပ်ကိုင်သူတွေ တွေ့ကြုံနေရတဲ့ ပြဿာနာတွေ ဖြစ်ပြီး တစ်ဖက်မှာလည်း စားသုံးသူတွေ ရင်ဆိုင်နေရတဲ့ ပြဿာနာတွေကလည်း မနည်းလှပါဘူး။
ပြည်တွင်းမှာ အနည်းဆုံးလုပ်ခလစာပေးချေရာမယ့် နှုန်းထားဟာ ခုနှစ်မှာ တစ်ရက် (၈) နာရီအလုပ်ချိန်အတွက် (၄၈၀၀)ကျပ် သတ်မှတ်ထားပြီး အခုချိန်ထိတော့ ပြန်လည်ပြင်ဆင်သတ်မှတ်ပေးတာ မရှိပါဘူး။
ဒါပေမယ့် စစ်ကောင်စီ ကတော့ အပိုထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ရက်ကို ကျပ်(၂၀၀၀) ပေးချေဖို့ ထုတ်ပြန်ပေမယ့် ကျပ်နှစ်ထောင်အပြည့်မထောက်ပံ့လို့ အရေးယူတာကိုတော့ လုပ်ဆောင်ပေးတာ မရှိပါဘူး။ ဒီကနေ့မှာတော့ ခေတ်ကာလကုန်ဈေးနှုန်းနဲ့ ကိုက်ညီအောင် လုပ်ငန်းလည်ပတ်သူတိုင်းဟာ တစ်ရက် (၈) နာရီ အလုပ်ချိန်ကို အနည်းဆုံး ကျပ်(၁,၀၀၀၀) ပေးချေနေတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီနှုန်းထားဟာ ခေတ်ကာလကုန်ဈေးနှုန်းနဲ့ လူတန်းစေ့နေနိုင်စားနိုင်ဖို့ကို လုံလောက်တဲ့အခြေအ နေ ရှိမနေပါဘူး။
အခြေခံလူတန်းစားတွေအတွက်တော့ အလုပ်လုပ်ရင်း ဝမ်းမဝတဲ့ မိသားစုအရေအတွက်က ပိုများလာတာပဲ ဖြစ်ပါတယ်။
“အခုက စရိတ်တွေတက်လာတော့ ထမင်းနဲ့ဟင်းကလွဲရင် အပိုသုံးတာ ဘာမှမရှိအောင် နေတယ်။စားတယ်။ အမှန်ဝန်ခံရရင် စိတ်တွေတော့ မွန်းကြပ်တယ်။ ဒါပေမယ့် ဝင်ငွေမလောက်လို့ အပြင်ကချေးငှားသုံးပြီး မဆပ် နိုင်ဖြစ်မှာ ပိုကြောက်တယ်။ ကလေးတွေလည်းရှိတော့ သူတို့ပညာရေးအတွက်ကို အဓိကထားတယ်။ မစုနိုင် တောင် အကြွေးမတင်အောင်နေတယ်”လို့ ကလေးနှစ်ယောက် မိခင်တစ်ဦးက လတ်တလော နေထိုင်စားသောက် ပုံကို ပြောပါတယ်။
သူရဲ့နောက်ဆက်တွဲ ပြောစကားအရတော့ ပတ်ဝန်းကျင်က မိသားစုတွေမှာတော့ စားဝတ်နေရေး မပြေလည်တာ တွေကြောင့် ရန်ဖြစ်တာ၊ လောင်ကစားပြုလုပ်တာနဲ့ ငွေချေးတာတွေ ရှိနေပြီး ကြပ်တည်းတာတွေ ပိုမိုဆိုးရွားလာ တယ်လို့ သိရပါတယ်။
ဒီလိုကြပ်တည်းနေတဲ့အခြေအနေတွေကို ပုဂ္ဂလိကဝန်ထမ်းတစ်ဦးဖြစ်တဲ့ မခိုင်ကလည်း ထပ်မံအတည်ပြုပါတယ်။
သူကလည်း လစာကျပ်(၆)သိန်းနီးပါး ရရှိနေသူတစ်ဦးဖြစ်ပြီး အာဏာမသိမ်းခင်ကတော့ လက်ရှိထက်လစာ နည်းပေမယ့် ငွေကြေးစုဆောင်းတာ ပြုလုပ်နိုင်ခဲ့ပါတယ်။
အခုချိန်မှာတော့ အဝတ်အစား၊ အလှအပ ပစ္စည်းနဲ့ နေထိုင်စားသောက်တဲ့ပုံစံကို ပြောင်းလဲခဲ့ပေမယ့် ငွေကြေးစုဆောင်းတဲ့အခြေအနေကို မရောက်တော့ဘူးလို့ ဆိုပါ တယ်။
“အခန်းခရှိတယ်။ ရေဖိုး၊ မီးဖိုး၊ ဖုန်းဘေလ်ရှိတယ်။ နောက်အသွားအလာစရိတ်နဲ့ ထမင်းချိုင့်ထည့်ဖို့ ဖယ်တယ်။ လူမှုရေးအသုံးစရိတ် သာရေး၊နာရေးအတွက်လည်း ဖယ်တယ်။ အိမ်ကိုလည်း နှစ်သိန်းပြန်လွှဲပေးတယ်။ အရင် တုန်းကတော့ တစ်သိန်းပဲပေးတာ အမေတို့က မလောက်တော့ နှစ်သိန်းပေးရတယ်။ ပြောမယ်ဆို အပိုမရှိဘူး။ အရင်တုန်းကစားတဲ့ အကင်ဆိုင်တို့၊ ဟော့ပေါ့ဆိုင်တို့ဆို မရောက်တာ ဘယ်လောက်ကြာပြီလဲတောင် မသိတော့ဘူး’”လို့ မခိုင်က ပြောင်းလဲလာတဲ့ အခြေအနေကို ပြောပါတယ်။
ဒီလို နေထိုင်စားသောက်တဲ့ပုံစံတွေ ပြောင်းလဲလာတာဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုသိသာလာပြီးတော့ ၂၀၂၅ ခုနှစ်ထဲမှာတော့ သုံးစွဲနှုန်းတွေ သိသိသာသာ ကျဆင်းလာတာပဲ ဖြစ်ပါတယ်။
ဒီလို အခြေခံနဲ့ လူလတ်တန်းစား တွေရဲ့ သုံးစွဲနှုန်းကျဆင်းလာတာဟာ စီးပွားရေးကို သိသာတဲ့ သက်ရောက်တာတွေ ရှိလာတာပါပဲ။
ဝင်ငွေနဲ့ ထွက်ငွေ မမျှတတဲ့ ပြဿနာဟာ လတ်တလောမှာတော့ မိသားစုတစ်စုချင်းရဲ့ ပြဿနာလို့ မြင်ရပေ မယ့် လက်တွေ့မှာတော့ ပြည်တွင်းက စီးပွားရေးကို သက်ရောက်မှု ကြီးမားတဲ့ ပြဿာနာပဲ ဖြစ်ပါတယ်။
ဘေး ထွက်ဆိုးကျိုးတွေအနေနဲ့ လုယက်တာတွေ၊ ငွေကြေးအပိုရရှိစေဖို့ လောင်းကစား လုပ်ဆောင်တာနဲ့ လူကုန်ကူး တာ၊ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်တာတွေလည်း အရင်ကာလတွေထက် ပိုများလာစေမှာပဲ ဖြစ်ပါ တယ်။
ဒီဖြစ်စဉ်တွေဟာ အာဏာသိမ်းထားတဲ့ သက်တမ်းကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာမှာပဲ ဖြစ်ပါတယ်။
တိုင်းပြည် က လူတစ်ဦးချင်းစီရဲ့ လူမှုဘဝအဆင့်အတန်းတွေ ကျဆင်းလာတာနဲ့အမျှ လုပ်ငန်းငယ်လေးတွေ ထိခိုက်ပျက်စီး လာမှာဖြစ်ပြီး ရေရှည်မှာတော့ လုပ်ငန်းကြီးတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာမှာကိုပါ ကြိုတင်စဉ်းစားဖို့ အကြံပြုတင်ပြလိုက်ရပါတော့တယ်။