ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြည်ပမှ ခွင့်ဖြင့် ပြန်လာသော မြန်မာလုပ်သား ၂၀၀ ခန့်ကို စစ်အစိုးရ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အကြောင်းအမျိုးမျိုးပြ၍ ပြည်ပထွက်ခွင့် ပယ်ချခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ Safe Migration တယ်လီဂရမ်ချန်နယ်၏ စာရင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
ပြည်ပထွက်ခွင့် ပယ်ချခံရသည့် အကြောင်းရင်းများတွင် ပြည်ပထွက်ခွင့် တောင်းခံရာ၌ အချက်အလက် မစုံလင်ခြင်း၊ OWIC (Overseas Worker Identification Card) ကတ်ပါ အလုပ်အကိုင်နှင့် လက်ရှိအမှန်တကယ် လုပ်ကိုင်နေသည့် အလုပ်အကိုင် အမျိုးအစား မတူညီခြင်း၊ OWIC ကတ်ရှိသော်လည်း အလုပ်ရှင်ထံ ဖုန်းဆက်၍ ဆက်သွယ်၍မရခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရပါတယ်။
ယခု ပြည်ပထွက်ခွင့် ပယ်ချခံရသူများမှာ ပြီးခဲ့သည့် မေလမတိုင်ခင်ကတည်းက ပြည်တွင်းသို့ ခွင့်ဖြင့် ပြန်လာခဲ့ကြသည့် အလုပ်သမားများ အများဆုံး ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ပြည်ပပြန်လည်ထွက်ခွာခွင့်နှင့် ပတ်သက်၍ မူဝါဒအမျိုးမျိုး ပြောင်းလဲကြေညာနေသောကြောင့် ပြည်ပသို့ ပြန်လည်ထွက်ခွာရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
ပြည်ပထွက်ခွင့် ဝန်ဆောင်မှုပေးသူတစ်ဦးက "အခု ပယ်ချခံရတဲ့သူ အများစုက မေလနဲ့ မေလမတိုင်ခင်က ပြန်လာတဲ့သူတွေ များပါတယ်။ အရင်ကတော့ OWIC ကတ်ရှိရင် ရပြီ၊ အလုပ်အကိုင်အမျိုးအစား မတူလည်း ထွက်ခွင့်ပေးခဲ့တာပါ။ မေလကစပြီး OWIC ကတ်ထဲက အလုပ်နဲ့ အခုလုပ်နေတဲ့အလုပ် မတူရင် ပြန်ထွက်ခွင့်မပေးတော့ပါဘူး။ အသစ်ပြန်လုပ်ရတဲ့အတွက် အချိန်တွေ ပိုကြန့်ကြာကုန်ပါတယ်။ တချို့လည်း ခဏအလည်ဆိုပြီး ပြန်လာကြတာဖြစ်ပြီး အခုလို ပြန်ထွက်ဖို့ အမျိုးမျိုး ရစ်နေတာကြောင့် တစ်ဖက်က အလုပ်ရှင်နဲ့ အဆင်မပြေဖြစ်ပြီး ပြန်မထွက်ဖြစ်တော့တဲ့သူတွေလည်း အများကြီးရှိပါတယ်" ဟု ပြောပါတယ်။
ယခုကဲ့သို့ ခွင့်ပြန်လုပ်သားများကို အကြောင်းအမျိုးမျိုးပြကာ ပြည်ပထွက်ခွင့် ပယ်ချနေသော်လည်း တစ်ဖက်တွင်မူ ဌာနဆိုင်ရာ ဝန်ထမ်းအချို့က ခွင့်ပြန်လုပ်သားများထံမှ ငွေကြေး သိန်းဆယ်ချီ တောင်းခံကာ ပြည်ပထွက်ခွင့်ရရန် လုပ်ဆောင်ပေးနေမှုများ ရှိနေတယ်လို့ဆိုပါတယ်။
"ပြည်ပထွက်ခွာခွင့် ရဖို့အတွက်ဆိုရင် သိန်း ၂၀ လောက် ပေးရပါတယ်။ OWIC ကတ်ပါ လုပ်မယ်ဆိုရင် သိန်း ၃၀ ကနေ ၄၀ လောက်အထိ ရှိပါတယ်။ တချို့လည်း ငွေပေးလိုက်ရပေမဲ့ အဆင်မပြေဖြစ်တာတွေ ရှိပါတယ်။ ခွင့်ပြန်အများစုကတော့ ကိုယ့်ဘာသာ လုပ်တာထက် ပွဲစားနဲ့ပဲ လုပ်ကြတာ များပါတယ်။ ပွဲစားဆိုတာကလည်း ဌာနကလူတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကြတာမို့လို့ အပြင်ကနေ ဒီတိုင်း လုပ်လို့ရဖို့က မလွယ်ပါဘူး" ဝန်ဆောင်မှုပေးသူတစ်ဦးက ရှင်းပြပါတယ်။
လက်ရှိတွင် ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် ပြည်တွင်းသို့ ပြန်လာမည့် လုပ်သားများသည် စစ်အစိုးရ လက်အောက်ရှိ နိုင်ငံအလိုက် သက်ဆိုင်ရာသံရုံးများတွင် ခွင့်ဖြင့်ပြန်မည့်အကြောင်း ထောက်ခံစာ ပြုလုပ်ရသည့်အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အလုပ်သမားရေးရာကောင်တာတွင်လည်း ပြန်လည်ရောက်ရှိကြောင်း သတင်းပို့ရတယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်ပရောက် မြန်မာရွှေ့ပြောက်းလုပ်သားအများစုမှာ ပြည်တွင်းသို့ မဖြစ်မနေ အကြောင်းကိစ္စရှိမှသာ ခွင့်ဖြင့် ပြန်လာကြပြီး မိသားစုများနှင့် တွေ့ဆုံလိုပါက မြန်မာပြည်သို့ မပြန်ဘဲ ထိုင်းနိုင်ငံသို့ ခေါ်ယူတွေ့ဆုံခြင်းက ပိုမိုများပြားလာကြောင်း ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ သိရပါတယ်။









