Myanmar Labour News ရဲ့ ဇန်နဝါရီ၂၇ရက်နေ့မှ ဖေဖော်ဝါရီ၁ရက်အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
ဇန်နဝါရီ၂၇
ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်က Mei Jie Myanmar Clothing & Accessories Co.,ltd ပိုင် အထည်ချုပ် စက်ရုံမှာ စက်ချုပ်အလုပ်သမားတွေကို finishing ဌာနဆီ အတင်းအကျပ်ပြောင်း လုပ်ကိုင်ခိုင်းတဲ့ အပြင် ဌာနအလုပ်တွေ မလုပ်နိုင်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ ရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေ ကMyanmar Labour Newsကို ပြောပါတယ်။
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်ကSHUN YU (MYANMAR) Garment အထည်ချုပ်စက်ရုံတွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်ခံရကာအလုပ်သမားအခွင့်အရေးဆုံးရှုံးနေကြောင်း စက်ရုံရှိလုပ်သားတွေက Myanmar Labour Newsကိုပေးစာပို့ထားပါတယ်။
ရန်ကုန်မြို့၊ရွှေပြည်သာစက်မှုဇုန်၁ရှိ Myanmar Ming Fan အထည်ချုပ်မှာ အလုပ်သမားတွေကို အတင်းအကျပ် အချိန်ပိုခိုင်းကာ၊ ကြိုပို့မပေးဘဲ ညနက် ၉ နာရီ ပြန်ခိုင်းတာတွေစတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ Myanmar Labour Newsကို စက်ရုံလုပ်သားတွေကပေးစာပေးပို့ထားပါတယ်။
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန်(၃)မှာရှိတဲ့Casico Garment အထည်ချုပ် စက်ရုံမှာ နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်းတာနဲ့ တချို့ရက်တွေမှာ ညလုံးပေါက် လုပ်ကိုင်ခိုင်းနေတာတွေရှိနေကြောင်း အလုပ်သမားတွေကMyanmar Labour Newsကိုပြောပါတယ်။
ဇန်နဝါရီ၂၈
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာ လုပ်သားများ ၁၄ရက်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့် အနေထိုင်ဆင်ခြင်တဲ့ လှုပ်ရှားမှု ပြုလုပ်နေပြီးရွှေ့ပြောင်း မြန်မာလုပ်သားတွေ အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခ တွေကို မလို လားကြောင်းနဲ့ အေးချမ်းစွာနေထိုင်လိုကြောင်း၊ စည်းကမ်းရှိစွာ ယဉ်ကျေးကြောင်း ပြသတဲ့ အနေနဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ မြန်မာအလုပ်သမားအရေးကူညီသူတွေ ထံမှ သိရပါတယ်။
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင် မှာ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေကို ကျန်းမာရေးထိခိုက်စေတဲ့ အစားအသောက် တွေ ကျွေးနေပြီး ဆေးကုသမှုဆိုင်ရာ ပါဆယ်ပစ္စည်း ပို့တာကို ပိတ်ပင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)ကထုတ်ပြန်ခဲ့ပါတယ်။
ပြည်တွင်း လုပ်သား ၃၃၀၀ကျော် အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ ရွှေသံလွှင်စက်မှုဇုန်က LZS APPAREL အထည်ချုပ် ကအချိန်ပို ၆ နာရီကျော် လုပ်ကိုင်ခိုင်းပြီး လုပ်ခ မပေးတာအပြင် အလုပ်သမားဥပဒေနဲ့မညီတဲ့ လုပ်ငန်းခွင်အခွင့်အရေးချိုးဖောက်တာတွေရှိနေကြောင်း အလုပ်သမားတွေကMyanmar Labour Newsကို ပေးစာ ပေးပို့ထားပါတယ်။
ဇန်နဝါရီ ၂၉
အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ အနောက်ဘင်္ဂလားနိုင်ငံတွေမှာဖြစ်ပွား သေဆုံးမှုများနေတဲ့ မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသေးသောနီပါဗိုင်းရပ်စ်ကူးစက်မှုမရှိဖို့ရောဂါကာကွယ် ရေးနဲ့ထိန်းချုပ်ရေးအစီစဉ်တွေအချို့ကိုစစ်ကောင်စီရဲ့ ပြည်သူ့ကျန်းမာရေးဌာနကနေ ထုတ်ပြန်လာခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီခရိုင် သောင်ဖာမြို့နယ် မှာ ပွဲစားခ ဘတ် ၃သောင်း ခန့် ပေးပြီး နယ်စပ်ဖြတ်ကျော်လာတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၁၂ဦးကို ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ၂၉ရက် မနက်ပိုင်း ၂နာရီ ခန့်က ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေ အရသိရပါတယ်။
ပြည်ပကနေ ခွင့်ဖြင့် ပြန်လာတဲ့ အိမ်အကူ လုပ်သား တွေ ကို စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန က အိမ်အကူ လုပ်သား ဖြစ် လို့ ဆိုကာ ပြည်ပ ပြန်ထွက်ခွင့် မပေးဘူးလို့ နစ်နာသူ လုပ်သားတွေ ထံမှ သိရပါတယ်။
ဇန်နဝါရီ-၃၀
နိုင်ငံကူးလက်မှတ် စာအုပ် ထုတ်ပေးတဲ့ စက် ချို့ယွင်းမှု ဖြစ်တာကြောင့် ဂျပန် ရောက် မြန်မာနိုင်ငံသားတွေ ရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှု ကို ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးဘူးလို့ ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၂၉ရက် မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄ က LITA MYANMAR Co.,ltd ပိုင် အထည်ချုပ်စက်ရုံမှာ ခွင့်တိုင်ပေမဲ့ ရက် ရက်ပျက်သတ်မှတ်ပြီး အလုပ်ထုတ် နေတာတွေရှိနေကြောင်း အလုပ်သမားတွေကMyanmar Labour Newsကို ပြောပါတယ်။
ရန်ကုန်မြို့၊လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊အနော်ရထာစက်မှုဇုန်က လုပ်သား ၃၀၀၀ ကျော် လုပ်ကိုင်နေတဲ့ ETERNAL FASHION Co.,Ltd အထည်ချုပ်စက်ရုံက ဇန်နဝါရီ ၃၀ ရက် မနက်မှာ ပိတ်သိမ်းကြောင်းကို ရုတ်တရက် ကြေညာခဲ့ရာ ဒါဟာစက်ရုံ အပြောင်းအလဲ တချို့ဖြစ်ပေါ်ပြိးနောက် ဇန်နဝါရီ ၂၉ ရက်မှာ လုပ်ခလစာတိုးပေးဖို့ အလုပ်သမားတွေက တောင်းဆို ခဲ့တာကနေ စတင်ပြီး စက်ရုံပိုင်းတာဝန်ရှိသူတွေက အလုပ်ပိတ်သိမ်းဖို့ရယ် ဖေဖော်ဝါရီ ၃ ရက်မှာ လေဘာရုံးကနေ လုပ်ခလစာကို လာထုတ်ဖို့ ကြေညာလိုက်တာလို့ အလုပ်သမားတွေက Myanmar Labour Newsကို ပြောပါတယ်။
ဇန်ဝါရီ ၃၁
ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးငယ်များ အထောက်အထားမရှိလည်း ကျောင်းတက်ခွင့် ပေးမယ်လို့ ထိုင်း နိုင်ငံ ပညာရေးဝန်ကြီးဌာန က ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန် ခဲ့ပါတယ်။
မလေးရှား နိုင်ငံမှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ (အော်ပရာစီ) အခြေအနေဟာ တနိုင်ငံလုံးအနှံ တင်းတင်းကြပ်စစ်ဆေး ဖမ်းဆီးလာတဲ့ အတွက် မလေးရောက် မြန်မာလုပ်သားတွေ အနေနဲ့ အထူးဂရုပြုနေထိုင်ကျဖို့ မလေးရှားရှိ မြန်မာလူမှုအဖွဲ့စည်းတွေက သတိပေးထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များမှ စက်ရုံအလုပ်ရုံတွေ ကို လျှပ်စစ် မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်ယူမယ်လို့ သိရပါတယ်။
Myanmar Labour News ရဲ့ ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း ကဏ္ဍမှာတော့ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရကာ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေကြောင်းဖော်ပြခဲ့ပါတယ်။
"ရန်ကုန်ဟာ တော်လှန်ဆဲ ပုန်ကန်ဆဲ"
တော်လှန်စစ် (၅) နှစ်ပြည့်စကားဝိုင်းပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁
ရန်ကုန်မြို့ ၊ အရှေ့ဒဂုံမြို့နယ်၊ အရှေ့ဒဂုံစက်မှုဇုန်က Lucky Top Myanmar အထည်ချုပ်စက်ရုံမှာ ည ၁၂ နာရီအထိ အချိန်ပို လုပ်ကိုင်ခိုင်းတဲ့ အပြင် စနေနေ့တွေမှာ အောလင်း ဆင်းခိုင်းတာနဲ့အချိန်ပိုမဆင်းပါက ဖိအားပေးပြီး သတိပေးလက်မှတ်ထိုးခိုင်း အလုပ်ထုတ်တဲ့အထိ စက်ရုံဘက်က အရေးယူနေတယ်လို့ အလုပ်သမားတွေက Myanmar Labour Newsကို ပြောပါတယ်။
ဧရာဝတီတိုင်း၊ပုသိမ်စက်မှုဇုန်က Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရတယ်လို့ အလုပ်သမားအချို့က Myanmar Labour Newsကိုပေးစာပေးပို့ထားပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။









