NEWS

စစ်ကောင်စီက မလေးရှားရောက်  မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း  ပြင်းပြင်းထန်ထန် ဖမ်းဆီးခေါ်ယူနေ

CoverLogo
576 Views

စစ်ကောင်စီက ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးခေါ်ယူရာမှာ ထိုင်းမှာသာမက မလေးရှားမှာလည်း ပြင်းပြင်းထန်ထန်ပြုလုပ်လာတယ်လို့ သိရပါတယ်။  

 

ဖေဖော်ဝါရီ ၂၆ရက်နေ့က  မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်က လျှပ်စစ်ပစ္စည်းစွန့်ပစ်ပစ္စည်း  စက်ရုံ ၁၂ ရုံကို မလေးရှားအာဏာပိုင်အဖွဲ့က  ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ   တရားမဝင်အလုပ်သမားတွေဖြစ်တဲ့  မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၇၅၄ ဦးကို  စစ်ဆေးပြီး အသက် ၂၀ နှစ်မှ ၃၀ နှစ်ကြားရှိ တရားမဝင်အလုပ်သမား PATI ၄၂၈ ဦးအား  ဖမ်းဆီးရမိခဲ့တယ်လို့  မလေးရှားလဝကထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

အဲ့ဒီစက်ရုံတွေဟာဆိုရင်  မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အများဆုံး ဝင်ရောက်အလုပ် လုပ်ကိုင်နေကြတဲ့ စက်ရုံတွေလို့လည်း မလေးရှားသတင်းများအရ သိရပါတယ်။ 

 

"သူတို့ကတော့ နိုင်ငံခြားသားအလုပ်သမားလို့ခေါင်းစဉ်တပ်တယ်။ ဒါပေမဲ့ဒါက နိုင်ငံရေးဖြစ်စဉ်ကြောင့်လို့ ခေါင်းစဉ်တပ်ရတော့မှာ။ အရင်ကဖမ်းတယ်အလုပ်ရှင်ကလိုက်ထုတ်ရင်ရတယ်။ ခုကမရတော့အလုပ်ရှင်က ကာကွယ်ရင်အလုပ်ရှင်ပါအရေးယူ  အဖွဲ့အစည်းကကာကွယ်ပေးရင် အဖွဲ့အစည်းကိုအရေးယူ အဲလိုဖြစ်လာတယ်။ တစ်နေ့တစ်နေ့ဖမ်းလိုက်ရင် နေရာစုံဝင်တယ်။ တစ်ခါတစ်ခါဆို အယောက် ၄၀၀ ကျော် ၅၀၀ချည်းပဲ။ မြန်မာကအများဆုံးပဲ။ ဖမ်းပြီးရင်လည်းဒီမြန်မာစစ်တပ်ကိုပြန်လွှဲတာပဲ။  သူတို့ကပြည်တွင်းမှာတား မရလို့ ပြည်ပထိလိုက်လုပ်တာ။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့သံရုံးက အဓိကပေါ့။ ခုကဖမ်းဆီးမှုတွေက နေရာတိုင်းအချိန်တိုင်းပါပဲ အထောက်အထားမရှိရင် မလွတ်န်ိုင်ဘူုး။ သူတို့ကပြည်တွင်းထဲကနေထွက်တာကိုပိတ်တယ်။ ပြည်ပကလူတွေကို ပြည်တွင်းကိုပြန်ခေါ်တယ်။  ပါရင်လည်း ၂၀နဲ့ ၃၀ အရွယ်တွေချည်း"လို့ မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။  

 

ဒါ့အပြင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း  မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး ကို မလေးရှားအာဏာပိုင်တွေက အဖွဲ့လိုက် ဝင်ရောက် စီးနင်းခဲ့ရာမှာ  အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။ 

 

"သူတို့ကမြန်မာအလုပ်သမားအများဆုံးရှိတဲ့စက်ရုံတွေနေရာတွေကိုစီးတာ။ ပြီးရင်အကုန်ဖမ်းတာအဲ့ကနေမှ အထောက်အထားရှိတာကိုပြန်လွှတ်ပေးပြီးမရှိတာကိုဖမ်းတာ။ မနေ့ကဆိုရင်၈၀၀ နီးပါးထဲကနေအထောက်အထားမဲ့ ၄၀၀ ကျော်ကိုဖမ်းလိုက်တာ။ အိုသမားတွေရော ဗီဇာမရှိတာရော အကုန်ပဲ။ တရားမဝင်တွေခန့်လို့ အလုပ်ရှင်၆ဦးလည်း ဖမ်းခံလိုက်ရတယ်"လို့ ၎င်းကဆိုပါတယ်။ 

 

အဲဒီလိုဖမ်းဆီးခံရမှုတွေမှာ  မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ကေမ္ဘာဒီးယားနဲ့ ဆူဒန်နိုင်ငံသားတွေဖြစ်ပြီး  ဝင်ရောက်စီးနင်းခံရချိန်မှာ  အချိန်ပိုနေထိုင်ခြင်း၊ အထောက်အထားမရှိခြင်း၊  ပတ်စပို့ အလွဲသုံးစားပြုလုပ်ခြင်းတွေကြောင့်ဖမ်းဆီးရခြင်းဖြစ်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။  

 

ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၉၅၉/၆၃၊ နိုင်ငံကူးလက်မှတ်ဥပဒေ ၁၉၆၆ နှင့်လူဝင်မှုကြီးကြပ် ရေးဥပဒေ ၁၉၆၆ နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေ ၁၉၆၃ တို့အရ ဖော်ထုတ်၊ ဖမ်းဆီး၊ တရားစွဲ၊ ပြည်နှင်ဒဏ်ပေးရေးဥပဒေ ၁၉၆၇ တို့အရဆက်လက်ဆောင်ရွက်မှာဖြစ်သလို  တရားမဝင်အလုပ်သမားတွေကို  အလုပ်ခန့်ပြီး ကာကွယ်ပေးတဲ့အလုပ်ရှင်တွေ အဖွဲ့အစည်းတွေကိုလည်း  အရေးယူမယ်လို့ ထည့်သွင်းထားပါတယ်။ 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025