၂၀၂၆ခုနှစ် ဖေဖော်ဝါရီလရဲ့ လကုန်ပိုင်းယခုတစ်ပတ်မှာတော့ ပြည်တွင်း ကုန်ဈေးနှုန်း အခြေအနေတွေက ဈေးထပ်တက်လာတဲ့အနေအထားတွေကို ရောက်ရှိလာနေပါတယ်။
စက်သုံးဆီ လို အခြေခံကျတဲ့ လူသုံးကုန်ဟာ လက်ရှိမှာ ဈေးမြင့်တက်လာနေသလို၊ အခြေခံစားသောက်ကုန်ထဲက စားသုံးဆီဟာလည်း လက်ကားဈေးဆီအသင်းသတ်မှတ်ချက်မှာပဲ တစ်စတစ်စဈေးခုန်တက်လာနေတာပါ။
ဒါကြောင့် myanmar labour news ရဲ့ တစ်ပတ်တာကုန်ဈေးနှုန်းအကြောင်းတင်ပြမှုမှ ဖေဖော်ဝါရီ၂၂ရက်ကနေ၂၇ရက်အတွင်းဖြစ်ပေါ် ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းအခြေအနေအမျိုးမျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။
စက်သုံးဆီဈေးနှုန်း
ဖေဖော်ဝါရီ၂၇ရက် ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၄၁၅ကျပ် ၊ ၉၅ တစ်လီတာ ၂၄၈၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၆၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၈၄၅ကျပ်ဖြစ်ပါတယ်။
အဲဒီမတိုင်မီ ဖေဖော်ဝါရီ၂၆ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာလည်း ၉၂တစ်လီတာ ၂၃၄၅ကျပ်၊ ၉၅ တစ်လီတာ ၂၃၉၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၈၂ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၇၈၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်းမှာ ဓာတ်ဆီဈေးရောဒီဇယ်ဈေးပါ တစ်လီတာကို ၇၀မှ ၈၅ကျပ်နှုန်းတွေ ဈေးထပ်တက်လာခဲ့
ပါတယ်။
ရွှေဈေးနှုန်း
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက ဖေဖော်ဝါရီ၂၇ရက်မှာ ၆၉,၀၀၀၀၀ ကျပ် ဈေး ပဲသတ်မှတ်ထားရာ အဲ့ဒီ့ဈေးဟာ ယခင်တစ်ပတ်ကသတ်မှတ်ဈေးအတိုင်းပဲဖြစ်ပါတယ်။
ရွှေ ပြင်ပပေါက်ဈေးအနေနဲ့ကတော့၁၅ပဲရည်ေစျးအနိမ့်ဆုံးသတ်မှတ်ချက်အေနနဲ့ရွှေတစ်ကျပ်သားကို ဖေဖော်ဝါရီ၂၇ရက်မှာ ၉၉သိန်းကျော် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ကြာကဈေးတန်းအတိုင်းပဲဖြစ်ရာ၁၆ပဲရည်အခေါက်ရွှေဈေးကတော့ ပြင်ပဈေး ၁ကျပ်သားကို၁၀၆သိန်းကျော်ဈေးဖြစ်ပေါ်နေပါတယ်။
ငွေဈေးနှုန်း
နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကလည်း အပြောင်းအလဲသိပ်မရှိပဲ ကန်ဒေါ်လာ က ၁ဒေါ်လာငွေကျပ် ၃ထောင်ကျော်ဈေးနဲ့သာ ဈေးငြိမ်နေပါတယ်။
အမေရိကန်ဒေါ်လာ၁ ဒေါ်လာဈေးက ဖေဖော်ဝါရီ၂၇ရက်ညနေပိုင်းအထိ မှာ ရောင်းဈေး ၃၉၃၀ကျပ်၊ ဝယ်ဈေး ၃၉၈၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၆ကျပ်ကျော်၊ ဝယ်ဈေး ၁၂၉ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၆၁ကျပ်၊ ဝယ်ဈေး ၅၇၇ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၅၀နဲ့ဝယ်ဈေး၂၄၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၅၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၀၉၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ ဒေါ်လာဟာယခင်တပတ်ကြာဈေးအတိုင်းပဲအရောင်းအဝယ်ဖြစ်နေပါတယ်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ စားအုန်းဆီ၁ပိဿာကို ၆၄၀၀ကျပ်ဈေးသတ်မှတ်ထားတာကြောင့် ယခင်တစ်ပတ်ကြာက ဈေးထက်ငွေကျပ်၁၅၀ ထက်ဈေးတက်သွားပါတယ်။
ပြင်ပဈေးကွက်မှာတော့ ဆီအသင်းသတ်မှတ်ဈေးတစ်ပိဿာကို ၆၄၀၀ကျပ်နှုန်းနဲ့ပဲ အခြေခံကာတစ်ပိဿာ ကျပ် ၁၀ဝ၀၀မှ ၁၅၀၀၀ ကြားပေါက်ဈေးေတွနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေး
ဆန်ဈေးနှုန်းတွေကတော့ ယခင်တစ်ပတ်ကြာအတိုင်းဆန်ချောဈေး အနည်းငယ်တက်ကာ ဆန်ကြမ်းဈေးအနည်းငယ်ကျဆင်းမှုတွေရှိရာပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၉၀၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၀၀၀၊ မနောသုခတစ်ပြည် ၄၀၀၀ စတဲ့ ပေါက်ဈေးအတိုင်း ဈေးအတက်အကျဖြစ်ပေါ်လာပါတယ်။
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီဈေးတွေလည်းထက်ကာတက်လာနေပြီး၁ပိဿာကို၂၀၀၀ကျပ် မှ ၃၅၀၀ကျပ်အထိဈေး တွေနဲ့သတ်မှတ် ရောင်းချနေကြောင်းသိရပါတယ်။
ကြက်သွန်ဖြူတစ်ပိဿာ ၁၄၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၇၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
ကြက်သားအရသာဟင်းခတ်မှုန့် ငွေကျပ် ၄၀၀၀မှ ၃၀၀၀ကြား ၊ အချိုမှုန့် ငွေကျပ် ၄၀၀၀မှ ၃၀၀၀ကြားနဲ့ ခရုဆီ၊ပဲငံပြာရည်တို့က ငွေကျပ် ၃၀၀၀မှ၂၀၀၀ကြား ၊ ငရုတ်ကောင်းက ငွေကျပ် ၁၀၀၀မှ ၅၀၀ကြား စတဲ့ ဈေးတွေအတိုင်းကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။
ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါဆထုပ်ကိုငွေ၁၀၀၀ကျပ်ရှိပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၃၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၄၀၀၀ကနေ၁၇၀၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။ ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်ထက်၅၀ကျပ်လောက်ခုန်တက်လာရာအရင် ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ်ဈေးမှကြက်ဥတစ်လုံး၅၀၀ကျပ်ကနေ၆၀၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၅၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးက တော့အနည်းဆုံး၁၀၀၀ကျပ်နဲ့ဝယ်လို့ရနေကာ မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ ဆူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပြီး ဆောင်းသီးနှံထဲဈေးပေါလာတာကတော့ယခင် ပြောင်းဖူး၁ဖူးကိုငွေကျပ်၁၀၀၀မှ၁၅၀၀ဈေးကနေ ယခု ၁ဖူးကို ငွေကျပ်၅၀၀ကနေ၁၀၀၀ ဈေးဖြစ်လာလို့ ငွေ၅၀၀ကျပ်လောက်အရင်ထက်ဈေးအနည်းငယ်လျော့လာသလို ဂေါ်ဖီပန်း၊မုန့်ညှင်း၊မုန်လာဈေးများလည်းအရင်ထက် ဈေးနည်းနည်းစီကျဆင်းလာပါတယ်။
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ် ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး
တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။
"ကုန်ဈေးနှုန်းကတက်ဖို့ပဲကြံနေတာ ခုလည်းစက်သုံးဆီဈေးတွေတက်လာရင် သယ်ယူစရိတ်ကြီးတယ်ဆိုပြီး ထက်ဖြစ်လာရင် ကုန်ပစ္စည်းတွေဈေးထက်ကြီးလာဦးမယ်၊ဒီရက်ပိုင်းမှာတောင် တစ်ချို့အိမ်သုံးပစ္စည်းလေးတွေပေါ့ ဥပမာပန်ကန်ဆေးဆပ်ပြာဆီလိုဟာမျိုးကအစ တစ်ရာစ နှစ်ရာစ လောက်ကဈေးတက်လာနေပြီ၊လုပ်ခလစာတိုးပေးကြတာမရှိပဲကုန်ဈေးနှုန်းတက်လာတော့ မဖြစ်မနေစားသုံးဝယ်ယူရတဲ့အများပြည်သူပဲနစ်နာနေကြတာပါလို့" ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦး ကပြောပါတယ်။
ဆေးနဲ့ဆေးပစ္စည်း ဈေးကွက်မှာလည်း အရင်ကထက် ဆေးဝါးတွေကဝယ်ယူရခက်ခဲလာသလို အစားထိုးဆေးဝါးဖြစ်တဲ့ တံဆိပ်မတူ ၊အာနိသင်တူဆေးဈေးတွေက ဈေးအနည်းငယ်တက်လာရာ သုံးစွဲသူတွေ အခက်ခဲဖြစ်ရတယ်လို့ဆိုလာပါတယ်။
" အခုက ဆေးတွေကဘာဖြစ်လာလဲဆိုတော့ လိုချင်တဲ့တံဆိပ်၊လိုချင်တဲ့ဆေးအမျိုးအစားကို ကွက်တိရဖို့အစား ဒီဆေးလေးကတော့ ၊ဒီတံဆိပ်နဲ့အာနိသင်အတူတူပဲဒါပဲရှိတယ်ဆိုတာမျိုးတွေမဖြစ်မနေရွေးချယ်ရမယ်မပြောယုံတမယ်ပဲ သုံးစွဲသူကရွေးချယ်ခွင့်မရှိပဲဝယ်နေရတာပါ၊ဒါမျိုးကမဖြစ်သင့်ဘူးလေ ပြောရရင်အတင်းထိုးရောင်း မဝယ်ချင်ပဲမတတ်သာလို့ဝယ်လိုက်ရသလိုလိုပါပဲ၊ဒီကြားထဲဆေးအာနိသင်ရမရဆိုတာမသိဘူး၊သန္ဓေတားဆေးလိုဟာတွေဆိုအရမ်းသိသာတယ်၊ဆေးသောက်နေရင်း ကလေးရတာတွေအခုတလောကြားလာမြင်လာရတယ်၊ဆေးအာနိသင်များမရှိကြတော့တာလားထင်မိပါတယ်"လို့ အိမ်သုံးဆေးဝါးဝယ်ယူသူတယောက်ကပြောပြပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။









