NEWS

စက်ရုံလုပ်ငန်းခွင် စွန့်ခွာခဲ့သည့် အထည်ချုပ်အလုပ်သမများ တပိုင်တနိုင်လုပ်ငန်းများထူထောင်

CoverLogo
2.4K Views

စက်မှုဇုန်လုပ်ငန်းတွေထဲမှာ အထည်ချုပ်လုပ်ငန်းက အလုပ်အကိုင်အခွင့်အလမ်းအများဆုံးပေးနိုင်တဲ့ လုပ်ငန်းတွေထဲမှာပါဝင်ပါတယ်။

ဒီချုပ်  ပါတီအစိုးရ ကာလမှာတော့ မြန်မာ့အထည်ချုပ်လုပ်ငန်းက တဟုန်ထိုးတိုးတက်ခဲ့ပြီး ပြည်တွင်းအထည်ချုပ်လုပ်သား ၅ သိန်းဝန်းကျင်ထိ အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၉ ဒီဇင်ဘာကနေစတင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ အစပြုရာကနေ နာလန်ထူဖို့ ပြန်လည်ရုန်းထနေစဉ်မှာပဲ စစ်အာဏာသိမ်းမှုနဲ့အတူ အလုပ်သမားရေးရာကဏ္ဍသာမက တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေတဲ့ အခန်းကဏ္ဍအားလုံးဟာ ရိုက်ချိုးဖျက်ဆီးခံလိုက်ရပါတယ်။

အမျိုးသမီးလုပ်သားဦးရေ အများအပြားကို အလုပ်အကိုင်ပေးနိုင်ခဲ့တဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍမှာတော့ အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်သမားဉပဒေပါ စည်းကမ်းသတ်မှတ်ချက်များချိုးဖောက်ခံရပြီး လုပ်ငန်းခွင်ကို စွန့်ခွာနေရတဲ့အထိ ဖြစ်ပေါ်နေကြပါပြီ။

အမျိုးသမီး တစ်ချို့ဆိုရင် စက်ရုံအလုပ်ရုံတွေက ထွက်ပြီး တပိုင်တနိုင် အိမ်တွင်းအထည်ချုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ကြပြီး သူတို့ရဲ့ မိသားစုစားဝတ်နေရေး ကိစ္စတွေကို ဖြေရှင်းနေကြပါတယ်။

"တစ်နာရီအတွင်း ချုပ်လုပ်ရတဲ့ သတ်မှတ်ချက် (အာဝါတီ) တစ်နာရီ ၅၀ ကနေ ၈၀ ကြားချုပ်နေရာကနေ တစ် နာရီ အထည် ၁၀၀ ကနေ ၁၅၀ ကြား တိုးတောင်းတာတွေ၊ တစ်နေ့ကို ၁၀ နာရီနီးပါး ခိုင်းစေတာတွေကြောင့် စက်ရုံတွေကို အလုပ်သမားတွေ စွန့်ခွာလာကြတာ" လို့ အိမ်တွင်းအတည်ချုပ်မှာ လုပ်ကိုင်သူတစ်ဦး ပြောပါတယ်။

"စက်ရုံမှာတုန်းက တစ်နာရီကိုအထည် ၈၀ လောက်ပေးရတယ်။ တချို့ရုံတွေဆို အထည် သတ်မှတ်ချက် မပြည့် ရင် ထမင်းစားနားချိန်တောင် မစားခိုင်းဘူး။ အချိန်ပို (အိုတီ) ခိုင်းတယ်။ သတ်မှန်ချက် မပြည့်လို့ ဆင်းခိုင်းတယ်။  အချိန်ပိုကြေးကျ မပေးဘူး။ အဲ့ဒါကြောင့်ထွက်လိုက်တာ" လို့ လုပ်ငန်းခွင်ကိုစွန့်ခွာလာရတဲ့အကြောင်းကို မဖြိုးက  ပြောပါတယ်။

စက်ရုံ အလုပ်ရုံတွေမှာ တစ်နေ့အလုပ်ချိန် ၈ နာရီထက် ပိုမိုခိုင်းစေနေတာတွေ၊ အိုတီကြေးမပေးဘဲခိုင်းစေတာတွေ၊  စတဲ့အာမခံချက်မရှိတဲ့ လုပ်ငန်းခွင်အခြေအနေတွေက အခြေခံပြည်သူတွေဖြစ်တဲ့ အထည်ချုပ်အလုပ်သမတွေကို ထိချက်ပြင်းစေပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေး ကာကွယ် ပေးနေတဲ့ သမဂ္ဂတွေ ၊ သမဂ္ဂခေါင်းဆောင်တွေကို စစ်ကောင်စီနဲ့ စက်ရုံတွေဘက်က ဖိနှိပ်တာ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် လက်ရှိ အလုပ်သမားအခွင့်အရေးဆိုတာက တောင်းဆိုလို့ မရသလောက်ဖြစ်နေပြီး  အခွင့်အရေးချိုးဖောက်မှုအပေါ် တိုင်ကြားဖို့ လမ်းပျောက်နေတယ်လို့ အထည်ချုပ်အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်သူတွေ၊ စေခိုင်းတဲ့သူနဲ့ ပါဝင်ပတ်သက် သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမှာ ဖြစ်တယ်လို့ အတိအလင်းကြေညာထားပါတယ်။ 
စစ်တပ်အာဏာသိမ်းတဲ့  ၂၀၂၂ ခုနှစ်အတွင်း  မီးလောင်တာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့ မှာ လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံ ၂၀ ကျော်ပိတ်သိမ်းခဲ့ရပါတယ်။

ယင်းကဲ့သို့  ပိတ်သိမ်းခြင်းကြောင့်လည်း အခြေခံ ပြည်သူများအတွက် စားဝတ်နေရေး ခက်ခဲလာသည့် အခြေ အနေများနှင့် ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် သမဂ္ဂခေါင်းဆောင် အလုပ် သမားတွေ၊ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေနဲ့  ပိတ်သိမ်းခဲ့ရတဲ့ စက်ရုံတွေက အလုပ်သမားတွေ၊ နိုင်ငံရေး အခြေ အနေကြောင့် ဇာတိပြန်သွားပြီး စက်ရုံ ပြန်ဖွင့်တာကို မသိလိုက်လို့ စက်ရုံဘက်က ဥပဒေမဲ့ အလုပ် ထုတ်လိုက်တဲ့ အလုပ်သမားအများစုကတော လုပ်ငန်းခွင်ကို စွန့်ခွာလိုက်တယ်လို့ သိရပါတယ်။

အထည်ချုပ် စက်ရုံတွေရဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်မှု တွေ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုတွေကြောင့် ကျွမ်းကျင် လုပ်သားတွေ ဦးဆောင်တဲ့ အိမ်တွင်း အလုပ်ရုံတွေမှာ လုပ်ကိုင်လိုတဲ့ အလုပ်သမားဦးရေ တနေ့ တခြား များပြားလာတယ်လို့ အိမ်တွင်းအထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောရပါတယ်။

ရွှေပေါက္ကံ၊ ရွှေပြည်သာ ၊မင်္ဂလာဒုံ စက်မှုဇုန်တွေထဲက အထည်ချုပ်စက်ရုံတွေမှာ လုပ်သက် ဆယ်နှစ်နီးပါး လုပ်ကိုင်လာတဲ့ မဖြိုးဟာ စစ်အာဏာသိမ်းပြီးကာလမှာ စက်ရုံလုပ်ငန်းခွင် အခြေအနေတွေ ဆိုးဝါးလာ တာ ကြောင့် စက်ရုံအလုပ်သမဘဝကို စွန့်ခွာပြီး စုဆောင်းထားတဲ့ ငွေကြေးနဲ့ အခုလို အထည်ချုပ်လုပ်ငန်း အသေး လေးတစ်ခုကို စပြီးလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

"စက်ရုံကို စိတ်ကုန်တာက အထက်ဖား အောက်ဖိ မတရား လုပ်တာများလို့၊ လူကို လူလိုမဆက်ဆံဘူး။ ခိုင်းနွား လို ခိုင်းချင်ကြလို မလုပ်တော့တာ"လို့ ကြုံတွေ့ခဲ့ရတဲ့အခြေအနေကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ အိမ်တွင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်တဲ့ မဖြိုးက ပြောပါတယ်။

စစ်အာဏာသိမ်း ကာလမှာပဲ အိမ်တွင်း အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်လိုတဲ့ အလုပ်သမား များပြားလာ သလို အဲဒီ အထည်ချုပ်အလုပ်ရုံတွေဟာလည်း ဖွံ့ဖြိုးကြီးထွားလာတယ်လို့ သိရပါတယ် ။ ဒါပေမယ့် အခုလို မီးပျက်၊ ရေပျက် ကာလမှာတော လျှပ်စစ်မော်တာနဲ့ ချုပ်လုပ်ရသူတွေကတော့ အခက်အခဲတွေက စောင့်ကြို နေသလို ဖြစ်နေတယ်လို့လည်း မဖြိုးက ပြောပါတယ်။

" မီးကမမှန်တော့ အထည်ရက်ချိန်း ကတိမတည်နိုင်ဘူး။ မီးစက်မောင်းလုပ်ပြန်ရင်လည်း ဆီဖိုးနဲ့ မကိုက်ဘူး ။ လမ်းစရိတ်နဲ့ မီတာခနဲ့ စက်ဖိုးနုတ်ရင် ပင်ပန်းတာပဲ အဖတ်တင်တယ်" လို့ မဖြိုးက ပြောပါတယ်။

လက်ရှိ အိမ်တွင်း အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်လိုတဲ့ အလုပ်သမား များပြားလာသလို အဲဒီ အထည်ချုပ် အလုပ်ရုံတွေဟာလည်း ဖွံ့ဖြိုးကြီးထွားလာတယ်လို့ ပြောပါတယ် ။

"ဒီမှာတော့ ကျမတို့လို စက်ရုံကို စိတ်ကုန်လို့ ထွက်ပြီးလာလုပ်တဲ့သူတွေများတယ်။ ရတာကတော့ အမြင့်လိုင်း ဆို ဂါဝန်တစ်ထည်ကို ၁၀၀၀ ကနေ ၁၅၀၀ ကြားရတယ်။  လုပ်နိုင်ရင်လုပ်နိုင်သလောက်ပေါ့။ တချို့နိုင်တဲ့ရုံ တွေ ဆို  အိမ်မှာပဲ အလုပ်သမားတွေခေါ်ထားပြီး လုပ်ကြတာပေါ့" လို့ မဖြိုးက လက်ရှိ လုပ်ငန်းခွင်အခြေအနေကို ပြောပြပါတယ်။

စက်ရုံကို စွန့်ခွာပြီး ကိုယ်ပိုင်မော်တာအပ်ချုပ်စက် လေး ၊ငါးလုံးလောက်နဲ့ အထည်ချုပ်ရုံ အသေးလေးတွေ လုပ်ကိုင်နေသူတွေရှိသလို မော်တာများများ အလုပ်သမားများများနဲ့ လုပ်နေကြတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

"အထည်ဒိုင် တိုက်ရိုက်တွေကျ အထည်ချုပ်ခ မနှိမ်ဘူး ။ အထည်အရေအတွက် များများ ထွက်ချင်တာ မီးမမှန် တော့ အထည်က သိပ်မထွက်ဘူး စပေါ်တင်ထားတော့ တခြားဒိုင်ကို မရှာရဘူး။  တဆင့်ခံ ယူလုပ်ရင် စျေးတ အား အနှိမ်ခံရတယ်"လို့ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ဒါပေမယ့် စက်ရုံလုပ်ငန်းခွင်ကို စွန့်ခွာပြီး အိမ်တွင်းအထည်ချုပ်လုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင် သူတွေ အားလုံးတော့ အဆင်မပြေကြဘူးလို့ လည်း သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေပိုမို ကြပ်တည်းလာတဲ့အပြင် မီးမမှန် ရေမမှန်နဲ့ နေထိုင်ရတဲ့ ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ပိုမို ရုန်းကန်ရ တာကြောင့် အဝတ်အစားကို မင်္ဂလာဆောင်နဲ့ အလှူရှိမှ မဖြစ်မနေချုပ်ကြရတဲ့အတွက် လုပ်ငန်းသေးတဲ့ အိမ်တွင်း အထည်ချုပ်သမတွေအတွက် ဝန်ဆောင်ခ ချုပ်လုပ်ခတွေဟာ ရတလှည့် မရတလှည့် ဖြစ်နေ ပါသေးတယ် လို့ အထည်ချုပ်အမျိုးသမီးတွေက ပြောပါတယ် ။

"ခုတော့ စပန့်ထည်တွေ ချုပ်နေတာ တစ်ထည် လေးငါးရာရတာ။ အိမ်တွင်းအလုပ်က မချုပ်ရရင် လုံးဝ စားဝတ် နေရေး မလွယ်ပါဘူး။ အလုပ်လုပ်ပြီး ထမင်းငတ် နေတာပါ" လို့ မြောက်ဒဂုံမြို့နယ်မှာ အထည်ချုပ် လုပ်ငန်းငယ် တစ်ခုလုပ်နေတဲ့  အမျိုးသမီးတဦးက ပြောပါတယ်။

စက်ရုံလုပ်ငန်းခွင်တွေကနေ ရုန်းထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလေး လုပ် နေရတာကိုပဲ စိတ်ချမ်းသာတယ်ဆိုတဲ့ စိတ်နဲ့ အလုပ် လုပ်နေကြတာ ဖြစ်တယ်လို့ အိမ်တွင်း အထည်ချုပ် လုပ်ကိုင်သူအများစုက ပြောကြားပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026