NEWS

စက်ရုံကြီး ချုပ်ခမပေးမှု ၊ စက်ရုံငယ်များ ပိတ်သိမ်းရပြီး  အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ရန် နီးစပ်နေ

CoverLogo
1K Views

ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ် အရှေ့ပိုင်း စက်မှုဇုန်က ZARA ချုပ်ကုန်အမှတ်တံဆိပ် အဓိက ချုပ်လုပ်တဲ့ Sam Clothing (Myanmar) အထည်ချုပ်စက်ရုံက စက်ရုံငယ်တချို့ကို LCW casual တံဆိပ် လက်ခွဲ ချုပ်လုပ်ခိုင်းစေပြီး ချုပ်ခမပေးတာကြောင့် စက်ရုံငယ်တွေ လည်ပတ်ဖို့ ခက်ခဲပြီး အလုပ်သမားတွေမှာ အလုပ်လက်မဲ့ဖြစ်မဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့  အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။ 

“ အထည်တွေ အပ်ပြီးကတည်းကဆို ၃ လကျော်နေပြီ ။ ပထမ နှစ်လကတော့ ပိုင်ရှင်က တခြားကနေ ငွေ ရှာပြီး အလုပ်သမားတွေအတွက် တပြားမကျန် ပေးပါတယ်။ သူဌေးက အလုပ်သမားတွေအပေါ် ကောင်းရှာပါတယ်။  အခု လအတွက်တော့ စက်တွေရောင်းပြီး ပေးမယ်လို့ ပြောပါတယ်။ “ လို့ လက်ခွဲစက်ရုံ အလုပ်သမားတဦးက ပြောပါ တယ်။

Sam Clothing (Myanmar) ကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်း စက်မှုဇုန်၊ ဒဂုံတက္ကသိုလ်မုခ်ဝ အရှေ့မှာ ရှိပြီး DICA ရဲ့ အချက်အလက်တွေမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတာလို့ သိရပါတယ်။ 

လက်ရှိ Sam Clothing (Myanmar) ဆီက ချုပ်ခ မရတဲ့ စက်ရုံငယ် စုစုပေါင်း ၆ ရုံလောက်ရှိပြီး အလုပ်သမား ၅၀၀ ဝန်းကျင်မှာ အလုပ် လက်မဲ့ ဖြစ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့ အထည်ချုပ်စက်ရုံငယ်ရဲ့ အုပ်ချုပ်သူ တဦး က ပြောပါ တယ်။ 

“ အထည်တွေက လုပ်ငန်းစဉ်အတိုင်း ချုပ်ပြီး အပ်ခဲ့တာ ။ ချုပ်နေတုန်းက Sam Clothing (Myanmar) က QC တွေ လာစစ်ကြတယ်။ အားလုံး အဆင် ပြေတယ်။ ချုပ်ခအတွက် ပိုက်ဆံရှင်းဖို့ကြတော့ စက်ရုံထဲကို ပေးမဝင်ဘူး။ “ လို့ အုပ်ချုပ်ရေး ဝန်ထမ်းက ပြောပါတယ်။ 

အထည်တွေ ချုပ်လုပ်ဖို့ နှစ်ဖက်သဘောတူချက်တွေကို Sam Clothing (Myanmar) ပါ Letter Head နဲ့ ချုပ်ဆိုခဲ့ ကြပြီး နှစ်ဖက် လက်မှတ်ထိုးတာတွေကိုတော့ WE chat နဲ့ ပို့ပေးခဲ့တယ်လို့ အဲဒီ အုပ်ချုပ်ရေးဝန်ထမ်းက ပြောပါ တယ်။ 

ဒါ့အပြင် စက်ရုံငယ် အလုပ်သမားတွေဟာ LCW casual တံဆိပ် အော်ဒါအတွက် Sam Clothing (Myanmar) စက်ရုံကို အောင်းလင်းအောနိုက် ၂ ရက် အလုပ်ဆင်းပေးခဲ့ရပေမဲ့လည်း အဲဒီ ရက်တွေအတွက် လုပ်ခတွေပါ မရှိခဲ့ဘူးဆိုတာ သိထားရတယ်လို့ အလုပ်သမားတဦး က ပြောပါတယ်။

“ နောက်ဆုံးချုပ်တဲ့ LCW casual  တံဆိပ်အထည်တွေကို Sam Clothing စက်ရုံကို ပို့တော့ တထည်ချင်း နှစ်ခါ စစ် ယူတယ်။ Sam မှာ နောက်ဆုံး အကြိမ် အထည်တွေ စစ်တော့ အော်လင်းဆင်းပြီး Packing ထည့်ပေးခဲ့တယ်။   အဲတုန်းက ကိုယ့်စက်ရုံ မဟုတ်တော့ မသွားချင်ဘူး။ သူဌေး ကတောင်းပန်ပြီး ပြောပါတယ်။ လုပ်ခတွေ အတွက် သွားပေးပါဆိုတော့ ။ သွားပေးခဲ့တာ။ အခု အဲဒါတွေပါ မရသေးဘူး သိရတယ်။” လို့ အမျိုးသမီး လုပ်သားတဦးက ပြောပါတယ်။ 

Sam Clothing (Myanmar) နဲ့ စက်ရုံငယ်တွေကြား စာချုပ် ချုပ်ဆိုစဉ်က  အထည်တွေ အပ်နှံပြီး ၁၅ ရက်အတွင်း ချုပ်ခ ရှင်းပေးရမယ်လို့ သတ်မှတ်ထားပေမဲ့ လက်ရှိ ၃ လနီးပါး ကြာလာတဲ့အထိ ချုပ်ခ မရရှိတာလို့ အုပ်ချုပ်ရေး ဝန်ထမ်းတဦး က ပြောပါတယ်။ 

အထည်ချုပ်ခ ရရှိရေးကို Sam Clothing (Myanmar) စက်ရုံ ကို သွားရောက် ညှိနှိုင်းပေမဲ့ စက်ရုံထဲ ပေးမဝင်တဲ့အပြင် စက်ရုံမှူး၊ မန်နေဂျာ ဆိုသူတွေက တရုတ်ပြည်က သူဌေး ဆိုသူနဲ့သာ ပြောဆိုဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

စက်ရုံငယ်တွေ ချုပ်ခမရတာကြောင့် အလုပ်သမား စာရိတ် ၊ စက်ရုံငှားခ ၊ လူမှုဖူလုံရေး စာရိတ် စတာတွေ ပေးဆောင်နိုင်ရေး အခက်အခဲဖြစ်နေတာလို့ အုပ်ချုပ်ရေး ဝန်ထမ်းတဦးက ပြောပါတယ်။

“စက်ရုံမှာတော့ သူဌေးရယ် ခေါင်းဆောင်တွေရယ် တိုင်ပင်နေကြတယ်။ စက်တွေရောင်းပြီး အလုပ်သမားတွေကို ရှင်း ပေးမယ်။ ချုပ်စက်တွေမရှိရင် စက်ရုံပိတ်ရတော့မယ်။ ဒါဆို အလုပ်လက်မဲ့ဖြစ်ပြီ။ ဒီကာလမှာ အလုပ်အကိုင် က ရှားက ရှားနဲ့။ မိသားစုတွေနဲ့ဆို ဒုက္ခ ဖြစ်မှာ စိုးရိမ်တယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

အထည်ချုပ် စက်ရုံငယ်တချို့က အလုပ်သမားတွေဟာ လုပ်ခရရှိရေးအတွက် Sam Clothing (Myanmar) စက်ရုံရှေ့မှာ သွားရောက် တောင်းဆို ဆန္ဒပြတာတွေ ရှိနေပေမဲ့ စက်ရုံဘက်ကတော့ လက်ရှိအချိန်အထိ ချုပ်ခမပေးဘူး လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

 

ဒါကြောင့် ကုန်အမှတ်တံဆိပ်တာဝန်ခံ ၊ အလုပ်သမားအဖွဲ့ အစည်းတွေနဲ့  သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အလုပ်သမားတွေ အလုပ် လက်မဲ့ မဖြစ်ရေး အကူညီပေးဖို့ လက်ခွဲ စက်ရုံငယ်တွေက တောင်းဆို ထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026