NEWS

စက်ရုံ အလုပ်ရုံ တွေမှာ အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်ဟုဆိုကာတစ်နေ့လုပ်ခ ၄၈၀၀ ကျပ်နဲ့သာ ရှင်းပေးနေဆဲ

CoverLogo
605 Views

ရန်ကုန်တိုင်းက စက်ရုံအများစုဟာ အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တစ်နေ့ ၄၈၀၀ အစား တစ်နေ့ ၅၆၀၀ ကျပ်ပေးမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ လောက်ကသတ်မှတ်ခဲ့ကြတာဖြစ်ပေမဲ့ တရက်လုပ်ခကို ၄၈၀၀ ကျပ်နဲ့ပဲ ရှင်းပေးနေတာလို့ အလုပ်သမားတွေဆီကသိရပါတယ်။ 

 

ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်လို့ အလုပ်သမားတွေရရှိတဲ့ လက်ရှိနှုန်းထားဟာ စားဝတ်နေရေး မလောက်ငှလို့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်တဲ့ အထည်ချုပ်လို့ စက်ရုံအချို့မှာ ပြီးခဲ့တဲ့ ဇွန်လလောက်ကစပြီး တစ်နေ့လုပ်ခ ကျပ် ၅၆၀၀ မှ ၅၉၀၀ ထိ တိုးပေးမယ်လို့ ကြေညာတာ အလုပ်ခေါ်တာတွေ ရှိခဲ့ပေမဲ့ အစိုးရက တရားဝင်သတ်မှတ်မပေးထားလို့ အကြောင်းအမျိုးမျိုးနဲ့ ဖြတ်တောက် ချိုးနှိမ်ခံနေရတာပါ။ 

 

" ဟုတ်တယ်ဗျ။ အများစုက ၅၆၀၀ မပေးကြဘူး။တစ်ချို့စက်ရုံကတော့ပေးကြတယ်။ ဒါလည်း စံချိန်မီမှပေးတယ်တို့ရှိသေးတယ်။ ၄၈၀၀ကျပ်ပါပဲ။ တစ်ချို့စက်ရုံကအစမ်းခန့်၃၆၀၀ နဲ့ခန့်နေတာရှိနေသေးတယ်။ ဒါက ဥပဒေကိုက မရှင်းမလင်းလုပ်ထားတော့ အလုပ်ရှင်တွေက ၃၆၀၀နဲ့ပဲပေးနေကြတာ"လို့ အလုပ်သမားအရေး ဆောင်ရွက်သူကပြောဆိုပါတယ်။ 

 

လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမားတွေသာခန့်ထားပြီး ၄၈၀၀ ကျပ်သာပေးချေတာ လူရွယ်လုပ်သားတွေနဲ့ အကူဝန်းထမ်းတွေကိုလည်း ၃၆၀၀ ကျပ်နဲ့ ခိုင်းစေနေတာတွေလည်း ရှိနေတာပါ။ 

 

"အစိုးရက ၄၈၀၀ ကျပ်ပဲတရားဝင်သတ်မှတ်လို့ ငါတို့ကတိုးပေးလို့မရဘူးပြောဆိုတာတွေတော့ ပြောဆိုလာတာလည်းရှိတယ် ။ ဥပဒေကအနိမ့်ဆုံး၄၈၀၀ပေးလို့ရတယ်လို့သတ်မှတ်ထားတာ အဲ့တာထက်ပိုပေးလို့ရတယ်ဆိုတော့ ဒါမျိုးတော့ မရှိလာဘူး"လို့ အထည်ချုပ် အလုပ်သမတစ်ဦးကပြောပါတယ်။ 

 

ရန်ကုန်မြို့ရှိစက်ရုံအများစုဟာ အလုပ်သမားတွေကို ဒေးကြေး ၅၆၀၀ ပေးမယ်လို့ ပြီးခဲ့တဲ့မေ၊ ဇွန်လ တွေလောက်ကကြေညာ ခဲ့ကြပေမဲ့ စက်ရုံအနည်းစုက ဇွန်လကစပြီး တစ်ရက်လုပ်ခကို ကျပ် ၄၈၀၀ ကျပ်ကနေ ၅၆၀၀ ကျပ်တိုးပေးမှုတွေရှိခဲ့တာဖြစ်ပြီး အများစုကတော့၄၈၀၀ကျပ်သာပေးချေနေတယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် အစမ်းခန့်အလုပ်သမားတွေကိုတစ်နေ့၃၆၀၀ကျပ်သာပေးချေသလို ၅၆၀၀ကျပ်ပေးချေရင်လည်း စံချိန်မတရားတိုးတောင်းကာ စံချိန်ပြည့်မီမှသာပေးချေပြီး အချိန်ပိုခေါ်ယူမှုတွေမှာလည်း တစ်နာရီ၁၄၀၀ နဲ့ခေါ်ယူနေတာဟာ ဒေးကြေး ၅၆၀၀ ကျပ်သတ်မှတ်ပေးချေချက်အရဆို အချိန်ပိုကြေးအပြည့်အဝမရဘဲဖြစ်နေတာလို့လည်း သိရပါတယ်။ 

 

ဒါ့အပြင် စက်ရုံကနေ အကြောင်းတစ်ခုခုကြောင့်အလုပ်ထုတ်ခံရရင်လည်း ဒေးကြေး ၅၆၀၀ ကျပ်ပေးနေပေမဲ့ အလုပ်ထုတ်နစ်နာကြေးပေးရာမှာတော့ လုပ်ခနဲ့ ဥပဒေပါ နစ်နာကြေးတွေကို စက်ရုံဘက်က ဒေးကြေး ၄၈၀၀ ကျပ်နဲ့ပဲ ရှင်းပေးနေတာတွေရှ်ိနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 

 

"၅၆၀၀ သတ်မှတ်ထားရင် အချိန်ပိုကတစ်နာရီ၁၄၀၀မကဘူး ပေးရမှာပေါ့။ ၁၄၀၀ နဲ့ပဲပေးနေတာ အချိန်ပိုကြေးအပြည့်မရဘူးပြောလို့ရတယ်။ အလုပ်သမားတွေကအရှည်အရှည်မဖြစ်ချင်လို့သာ ငြိမ်ခံနေရတယ်"လို့ ၎င်းက ဆက်လက် ပြောပါတယ်။ 

 

"ခုကာလကုန်ဈေးနှုန်းနဲ့ဆို ၁ သောင်းကျော်လောက်ရမှ အဆင်ပြေနိုင်မယ် ဘာလို့ဆို အခုရနေတဲ့ ၄၈၀၀ နဲ့ လုပ်ရတာ ၅ နှစ်ကျော်ပြီထင်တယ် အစိုးရကလည်း အလုပ်သမားတွေ ဘက်ကိုမကြည့်ဘူး အလုပ်ရှင်တွေကလည်း ဒါကိုအခွင့်ကောင်းယူပြီး လုပ်အားကို ညှစ်ယူနေကြတာ" လို့ လှိုင်သာယာစက်မှုဇုန်က လုပ်သားတစ်ဦးက ပြောဆိုပါတယ်။ 

 

အဲဒီလို ၅၆၀၀ကျပ်သတ်မှတ်ပြီးမှ ၄၈၀၀ ကျပ်နဲ့သာ ရှင်းပေးနေတာတွေနဲ့ အလုပ်ထုတ်ခံရတဲ့လုပ်သားတွေကို ၄၈၀၀ နဲ့သာ တွက်ချက်ပေးနေတာတွေ ဆက်သွယ်တိုင်ကြားလာပေမဲ့ ပြည်တွင်းအခြေစိုက်အလုပ်သမားတွေကို ဖိနှိပ်ဖမ်းဆီးတာတွေနဲ့ အလုပ်သမားတွေကိုလည်းခြိမ်းခြောက်ဖမ်းဆီးတာတွေကြောင့် ငြိမ်နေကြရတယ်လို့လည်း သိရပါတယ်။ 

 

ပြည်တွင်း က အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလစာက ၁၀၀၀၀ ကျပ်လောက်ရရှိမှသာ စားဝတ်နေရေး အတွက်အဆင်ပြေနိုင်မယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက တောင်ဆိုမှုတွေ ပြုလုပ်လျှက်ရှိပါတယ်။

 

#MyanmarLabourNews 

#MinimumWage


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026