NEWS

စက်တင်ဘာလ ဒုတိယပတ် ရွှေဈေး ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
382 Views

စစ်အာဏာသိမ်းကာလ မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာပါ။ ဒါကြောင့် ယခုတစ်ပတ်တာ စက်တင်ဘာ ၉ ရက်ကနေ စက်တင်ဘာ ၁၅ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ စက်တင်ဘာ ၉ ရက်မှာ ၉၂ တစ်လီတာလျှင် ၃၂၁၅ ကျပ်၊ ၉၅ တစ်လီတာ ၃၃၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၃၉၅ ကျပ်ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်အထိ အဆိုပါဈေးတန်းနဲ့ရှိကာ ၁၃ ရက်နေ့မှာတော့
၉၂ တစ်လီတာလျှင် ၃ဝ၅၀ ကျပ်၊ ၉၅ တစ်လီတာ ၃၁၉၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၂၇၅ ကျပ်ဖြစ်တာကြောင့် ယခင်ကထက် ၁၆၀ ကျော်အထိ ပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ 

စက်သုံးဆီ ဝယ်ယူဖို့တန်းစီ၀ယ်ယူရတာတွေဟာ လက်ရှိအချိန်ထိဖြစ်ပေါ်နေသေးကာ  ပြင်ပပေါက်ဈေးမှာ ၉၂ တစ်လီတာ ၄၃၀၀ ကျပ် နဲ့ ၉၅ တစ်လီတာလျှင် ကျပ် ၄၅၀၀ အထိဈေးမြင့်တက်နေသေးတယ်လို့ သိရပါတယ်။  

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  စက်တင်ဘာ ၉ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၅၁၁ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက် ရွှေပေါက်ဈေးဟာ ကျပ်သိန်း ၅၀ နဲ့ခြောက်သောင်းကျော် ဖြစ်ခဲ့ပြီး  စက်တင်ဘာ ၁၂ရက်နေ့အထိ အဆိုပါစျေးတန်းအတိုင်း သတ်မှတ်ထားပြီး စက်တင်ဘာ ၁၃ရက်နေ့မှာတော့ ကျပ်၅၁သိန်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားတဲ့အပြင် စက်တင်ဘာ ၁၅ရက်နေ့အထိအဆိုပါစျေးတန်းနဲ့ရှိနေခဲ့တာဖြစ်ပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့စက်တင်ဘာ ၉ ရက်နေ့မှာ အခေါက်ရွှေတကျပ်သားလျှင် ၆၃သိန်းကျပ်၊  စက်တင်ဘာ၁၀ ရက်နေ့  မှာ  ၆၆ သိန်း၊ စက်တင်ဘာ ၁၁ ရက်မှာ ၇၀ သိန်း၊ ၁၂ ရက်နေ့မှာတော့ ၆၈ သိန်း၊ စက်တင်ဘာ ၁၃ ရက်မှာ ၆၉ သိန်း   ဖြစ်ကာ စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်မှာတော့ ၆၈ သိန်းကျော်နဲ့  အရောင်း၀ယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ 

ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ စက်တင်ဘာ ၉ရက်မှာ တစ်ဒေါ်လာ ၅၁၀၀၊  စက်တင်ဘာ ၁၀ရက်မှာ   ၅၃၅၀ ဖြစ်ကာ စက်တင်ဘာ ၁၁ရက်မှာ ၅၄၀၀၊ စက်တင်ဘာ၁၂ ရက်မှာ ၅၃၅၀ ဖြစ်ပြီး စက်တင်ဘာ၁၃ရက်မှာ ၅၂၅၀ ဖြစ်ကာ စက်တင်ဘာ ၁၄ ရက်မှာတော့ ၅၂၀၀ ဖြစ်လို့ အမေရိကန်တစ်ဒေါ်လာစျေး တဖြေးဖြေးကျဆင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။  

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။    ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်ကျင်လို့သာအတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်ကနေ ၅၀၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက   ယခုတစ်ပတ် စက်တင်ဘာ ၉ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၆၀၅ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်ဆက်လက်မြင့်တက်လာတာတွေ့ရပါတယ်။ 

စားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၃၀၀၀  ကျပ်ကနေ  ၁၄၀၀၀ အထိအမြင့်ဈေးနဲ့ဆက်လက်တည် ရှိနေတာကြောငိ့ အနည်းငယ်ကျဆင်းလာပေမဲ့ သတ်မှတ်စျေးအရ အမြင့်စျေးမှာသာရှိနေတာပဲဖြစ်ပါတယ်။  စစ်ကောင်စီကလည်း  စားဆီထုတ်ယူနိုင်မှုကို သမဝါယမစနစ်နဲ့ထုတ်ယူနိုင်ဖို့ ဆီထုတ်ယူနိုင်မယ့်  ရပ်ကျေးကနေတစ်ဆင့် စာအုပ်တွေပြုလုပ်ပေးနေပေမဲ့ လူတိုင်းမရရှိတဲ့သတင်းတွေရှိနေပါတယ်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲဆန်ကြမ်းတစ်ပြည် ၄၀၀၀ အထက်၊ ဆန်ချောတစ်ပြည် ၆၈၀၀ အထက်ဖြစ်ပြီး ဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။  

ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀ မှ ၅၀၀၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊  ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀ မှ ၅၀၀ကျပ်၊  ဘဲဥ တစ်လုံး ၅၀၀ ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ခရမ်းချဉ်သီး တစ်ပိဿာလျှင်ကျပ် ၃၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့ ၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက်   အာလူးတစ်ပိဿာ ၄၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀  ခဝဲသီး တစ်လုံး ၇၀၀ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။ 

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို 
ကြက်သားဈေးဟာလည်း  စီပီကြက် တစ်ပိဿာ ၁၆၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၅၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၄၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပါတယ်။

အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင်ကျပ်၂၅၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၀၀၀၀ ကျပ်ဖြစ်တာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၆၇၀၀အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၅၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး၁၅၀၀ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀နဲ့အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ တကိုယ်ရည်သုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ အရည်အသွေးနိမ့်ပစ္စည်းတွေကိုသာ ရွေးချယ်သုံးစွဲ လာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ကျပ်ဟာလည်း   ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။

စက်တင်ဘာလ ဒုတိယအပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026