NEWS

ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ်လုပ်ငန်းခွင်မှာ စာချုပ်နှင့်အညီလုပ်ခပေးချေမှုမရှိ ၊ ပြန်ခွင့်ရရန် ဒေါ်လာ ၂၀၀၀ တောင်းလို့ အလုပ်သမားကအကူအညီတောင်းခံ

CoverLogo
775 Views

ဂျော်ဒန်နိုင်ငံ Amman မြို့ Cyber City စက်မှုဇုန် မှာဖွင့်လှစ်ထားတဲ့  RICH PINE INTERNATIONAL GROUP LIMITED   မှာ မြန်မာအလုပ်သမားတွေခေါ်ယူချုပ်လုပ်နေပြီး လုပ်ခပေးချေမှုကို မူလ စာချုပ်အတိုင်း ပေးချေမှုမရှိဘဲ တစ်ကတ်ကြေးစနစ်နဲ့ ချုပ်လုပ်စေပြီး လစာရှင်းပေးခြင်း၊ အချိန်ပို မဆင်းမနေရ ဖိအားပေးဆင်းခိုင်းတာနဲ့ စံချိန်အလွန်အကျွံတောင်းခံခြင်း၊ လစာဖြတ်တောက်ခြင်းနဲ့ ခွဲခြားဆက်ဆံမှုတွေရှိနေတာကြောင့် အလုပ်သမားတွေက  မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အကူအညီတောင်းခံလာတာလို့ သိရပါတယ်။

လုပ်ငန်းခွင်ဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ Calvin Klein ၊ LIZ Claiborne    အမှတ်တံဆိပ်  လူကြီးအင်္ကျီ၊ ဘောင်းဘီ၊  နှစ်သား၊ ဂျာကင်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ အိပ်ရေးမဝခြင်းကြောင့်  ကျန်းမာရေးထိခိုက်ခြင်း လစာအပြည့်အဝမရရှိခြင်းတို့ကြောင့် နေရပ်ပြန်ရန် အသိပေးရာမှာ လျော်ကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၀၀ ပေးချေရမယ်လို့ တောင်းဆိုတာကြောင့် အခက်တွေ့နေရတယ်လို့ လည်းဆိုပါတယ်။

လုပ်ငန်းခွင်ကို မြန်မာအလုပ်သမား ၄၀၀ ကျော် MOU စနစ်ဖြင့် အေဂျင်စီမှတဆင့်စာချုပ်ချုပ်ဆိုကာ  ဒေးကြေး Jd(၁၇၇)ကျပ်၊  အချိန်ပိုကြေး (၁ကျပ် ၂၅ပြား) သတ်မှတ်ခဲ့ပြီး အမှန်တကယ်အလုပ်လုပ်ရာမှာတော့ တစ်ကတ်ကြေးစနစ်နဲ့ရှင်းပေးပြီးအလုပ်ချိန် နံနက် ၈ နာရီမှ ည ၁၀ နာရီ၊ ၁၂ နာရီ အထိလုပ်ကိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

"အလုပ်ချိန် တရက်ကို ၁၂ နာရီကနေ ၁၄ နာရီအလုပ်လုပ်ရတယ် အိပ်ရေးမဝလို့ ကျန်းမာရေးထိခိုက်လာတယ် အချိန်ပိုဆို မဖြစ်မနေဆင်းရတယ် အလုပ်သမားက ငြင်းဆန်ခွင့်မရှိဘူး အဲ့လိုအချိန်ပိုတွေ မတရားဆင်းရပေမဲ့ အိုတီ ၂ နာရီပဲဆင်းရတယ်ဆိုပြီး လက်မှတ်လိမ်ထိုးခိုင်းသေးတယ် ဒီနိုင်ငံ လူမျိုးတွေကို အလုပ်စောစောပြန်လွှတ်ပီး တံခါးတွေအကုန်ပိတ်ပြီးမှ အလုပ်သမားတွေကို အလုပ်ဆင်းခိုင်းတယ် ညပြန်တော့မှ အနောက်ပေါက်ကနေ ခိုးထွက်ရတယ်"လို့ အလုပ်သမားတွေကပြောပါတယ်။
 
အထည်စံချိန်တောင်းခံရာမှာ တနာရီလျင် အထည် ၄၀ ထိတောင်းခံပြီး အထည်မှာခက်ခဲခြင်း လက်ဝင်ခြင်းကြောင့် တောင်းခံသည့်စံချိန်မပြည့်ပါက နေ့လည် ၁၂ နာရီကနေ ညနေ ၁၀ နာရီအထိ ထမင်းစားခွင့်မပေးဘဲ စံချိန်ပြည့်အောင်ချုပ်လုပ်ပေးနေရတာလို့ ပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာ စက်ချုပ်အလုပ်သမားအဖြစ် မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ သာလုပ်ကိုင်ရတာဖြစ်ပြီး ကျန် တရုတ် ၊ အူရဒူ နဲ့ သိရီလင်္ကာနိုင်ငံသားတွေက အခြားဆက်ရှင်တွေမှာ လုပ်ကိုင်ရတာဖြစ်ပြီး လုပ်ခလစာနဲ့ အချိန်ပိုကြေးခံစားခွင့် တွေ ကွာခြားတယ်လို့ အလုပ်သမားကပြောပါတယ်။

"အလုပ်ရှင်ဘက်က တောင်းတဲ့စံချိန်မပြည့်ရင် လစာဖြတ်တယ် လက်မှတ်ထိုးပေးရတယ် ကြီးကြပ်ရေးတွေကလည်း ခွဲခြားဆက်ဆံတယ် အသုံးမကျတဲ့အလုပ်သမားတွေဆိုပြီး အပြောခံရတယ် အလုပ်သမားတွေက စိတ်ဖိစီးနေပြီး စူပါတွေကလည်း နေ့တိုင်းရိုင်းစိုင်းအော်ဟစ်နေတာ ဘဂ်လားဒေရှ့်က အလုပ်သမားတွေ  ဒီရက်ထဲမှာပဲ လေယာဥ်လက်မှတ် ကိုယ့်ဘာသာ ဖြတ်ပြီး ပြန်တာ အယောက် ၅၀ ကျော်တယ် ဒဏ်မခံနိုင်ကြဘူး လူတွေကအားကိုးစရာလဲ မရှိကြဘူးဖြစ်နေတာ"လို့ အလုပ်သမားကပြောပါတယ်။

အခုလို စာချုပ်နှင့်အညီလုပ်ခပေးချေခြင်းမရှိဘဲ တစ်ကတ်ကြေး( အထည်ကြေး) ဖြင့်သာလစာတွက်ပေးနေခြင်း ကြောင့် လုပ်ငန်းခွင်အတွင်း ကြီးကြပ်ရေးများနှင့် အလုပ်သမားများဆံဆက်ရေးမှာ ပိုမိုတင်းမာလာပြီး ဖိအားပေးခိုင်းစေခံနေရတယ်လို့ ဆိုပါတယ်။

"ဂျော်ဒန်နိုင်ငံရဲ့ အားလပ်ရက် သောကြာနေ့မှာလဲ လိုင်းအထည်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ချိန် ၁၀ နာရီအထိ ဆင်းရတယ် အိုတီကြေး ဒေးကြေးလုံးဝ မရဘူး အလကားဆင်းပေးရတယ် အချိန်ပိုဆင်းရတာကလည်း မဆင်းမနေရဆင်းခိုင်းတာ မဆင်းရင်လည်း အငြိုးတေးထားပြီးဆက်ဆံတယ် ညဘက် ၁၂ နာရီထိ ဆင်းရတဲ့ ရက်တွေမှာတောင် အလုပ်သမားတွေကို နံနက်ခင်းအချိန်ပိုကြေးမပေးဘဲ ပိတ်ရက်တွေပါဆင်းရပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ၁ နှစ်နီးပါး လုပ်ကိုင်လာရပြီးနောက် ကျန်းမာရေးထိခိုက်မှု စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် မြန်မာပြည်ပြန်ပို့ရန် တောင်းဆိုသော်လည်း အမေရိကန်ဒေါ်လာ ၂၀၀၀ ပေးမှ ပြန် ပို့ပေးမယ်လို့ ပြောခြင်း ၊ အလုပ်သမားတွေကို ZERO cost ဖြင့် အလုပ်ခေါ်ယူထားတယ်လို့ အလုပ်ရှင်ဘက်ကပြောဆိုပေမဲ့ အလုပ်သမားတွေဘက်က အေဂျင်စီကို အမေရိကန်ဒေါ်လာ ၆၃၀ ခန့်ပေးထားရတယ်လို့ ဆိုပါတယ်။ 

အဆိုပါ လုပ်ငန်းကို စစ်ဆေးရေးဌာနမှာ လာရောက်ချိန်များတွင် HR မှ အလုပ်သမားများကို အေးဂျင့်ခ မပေးရ၊  ဆီးလုံးဝမစစ်ရ၊  တနေ့အလုပ်ချိန် ၈ နာရီ ၊ ဒေးကြေး အချိန်ပို အိုတီကြေး များအပြည့်အဝပေးကြောင်း ပြောဆိုရန် အလုပ်သမားတွေကို ဖိအားပေးပြောဆိုခိုင်းတယ်လို့ အလုပ်သမားကပြောပါတယ်။

အခုလို စာချုပ်စာတမ်းစည်းမျဉ်းစည်းကမ်းများနှင့်မညီဘဲ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရနေမှုများကို အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ထံ အကူအညီတောင်းခံလာတာဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားများတောင်းဆိုချက်အနေနဲ့ 
၁။ အချိန်ပိုအိုတီခေါ်လျှင် အလုပ်သမားများသဘောဆန္ဒကို မေးမြန်ရန်နှင့် သဘောတူမှ အချိန်ပိုအိုတီခေါ်ရန်။
၂။ အေဂျင်စီနဲ့အလုပ်ရှင် အလုပ်သမားနှစ်ဦးသဘောတူ စာချုပ်ပါ အချက်အလက်များအတိုင်းလိုက်နာ ဆောင်ရွက်ရန်။
၃။ အောစူပါ၊ စူပါများမှ အော်ဟစ် ၊ ရိုင်းစိုင်းစွာပြောဆိုနေခြင်းများကို မပြုလုပ်ရန်နှင့် အလုပ်သမားအချင်း ချင်း ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန်။
၄္။ အလုပ်ရှင်ဘက် ဒေးကြေး၊ အချိန်ပိုအိုတီကြေး အပြည့်အဝပေးရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ထမင်းစားနာချိန်၁နာရီကို အပြည့်ဝပေးရန်နှင့် ထမင်းစားချိန်ကို အထည်မချုပ်ခိုင်းရန်။
၆။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီများကို အလကားဆင်းခိုင်းခြင်းမပြုလုပ်ရန်နှင့် အလကားဆင်းခိုင်းခဲ့သော အချိန်ပိုအိုတီကြေးပြန်ပေးရန်စတာတွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Female Garment Workers Becoming Victims of Chinese “Rental Wife” and Paid Marriage Trafficking
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026