NEWS

ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းခံနေရဆဲ အလုပ်သမားသမဂ္ဂများ။

CoverLogo
1.6K Views

မဂျူလိုင် ( အမည်လွှဲ) ဟာ သမဂ္ဂခေါင်းဆောင်တစ်ဦးအဖြစ် လုပ်ငန်းခွင်တစ်ခုမှာ ဦးဆောင်ခဲ့ဖူးပါတယ်။ အခုတော့ သူမ အလုပ်လက်မဲ့ဖြစ်နေရပြီ။

အထည်ချုပ်လုပ်ငန်းမှာ စက်ချုပ် ကနေ စူပါ ရာထူးထိ အလုပ်လုပ်ကိုင်ခဲ့တဲ့ လုပ်သက် ၁၈ နှစ်ရှိ သူမဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ရွှေပြည်သာနဲ့လှိုင်သာယာစက်မှုန်ဇုန်တွေက   စက်ရုံ ၁၆ ရုံရဲ့ အလုပ်ခန့်ရန်ငြင်းဆိုခြင်းနဲ့  အလုပ်ဖြုတ်ခြင်းတွေကို ခံခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

ဘယ်စက်ရုံကမှ လက်မခံတဲ့ အဆုံး ကျပန်းအလုပ်တွေဖြစ်တဲ့ ပဲရွေးတာ၊ ပုလင်းရွေးတာနဲ့ တုတ်ထိုးရောင်းတာတွေကို သူမလုပ်ကိုင်တတ်နေပါပြီ။

လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားသမဂ္ဂအဖွဲ့၀င်အဖြစ်ပါဝင်ခဲ့ဖူးသူတွေနဲ့  အလုပ်သမားအခွင့်အရေးဆန္ဒပြတောင်းဆိုတာတွေ ပြုလုပ်ခဲ့ဖူးတဲ့အလုပ်သမားတွေကို  အလုပ်ခန့်အပ်ခြင်းမပြုဘဲ အလုပ်ဖြုတ်တာတွေ ပြုလုပ်နေတာတွေကြောင့် အခက်အခဲကြုံတွေ့နေရတယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့တွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာသမဂ္ဂဖွဲ့ဖူးတာ ဒါမှမဟုတ် အဖွဲ့ဝင်အဖြစ်လုပ်ဆောင်ပါက လူအင်အားလျှာ့ချခံရတာ အလုပ်ထုတ်ခံရတာတွေ ကြုံတွေ့နေရပြီး အလုပ်သစ်ကို ထပ်မံလျှောက်ထားပါက လည်း အလုပ်ရရန်ခက်ခဲပြီး အခွင့်အလမ်း မရှိသလောက်ဖြစ်နေတယ်လို့ အလုပ်ထုတ်ခံခဲ့ရတဲ့ သမဂ္ဂအဖွဲ့ဝင်အလုပ်သမားတစ်ဦးဖြစ်ခဲ့တဲ့ မဂျူလိုင်က အခုလိုပြောပါတယ်။

"အရင်တုန်းက စက်ရုံသမဂ္ဂမှာပါဖူးတယ်။ လှုပ်ရှားဖူးတယ်။လွန်ခဲ့တဲ့ဆယ်နှစ်လောက်တော့ရှိပြီ လှိုင်သာယာမှာပေါ့။ အရင်လုပ်တဲ့စက်ရုံတွေကလည်းပိတ်လိုက်တော့  စက်ရုံတွေလိုက်လျှောက်တာလည်း ဘယ်လိုမှလျှောက်လို့မရဘူး။ သိတာနဲ့ဖြုတ်တယ်။ ဒီနေ့လိုသိတယ်ဆို နောက်နေ့ဆိုချက်ချင်းဖြုတ်တယ်။ ဘယ်လိုမှအဆင်မပြေဘူး။ အလုပ်မရှိတာနှစ်နှစ်လောက်ရှိနေပြီ။ သူတို့ကသိတာနဲ့ဖြုတ်တာနဲ့ အလုပ်လျှောက်ရင် မှတ်ပုံတင်ပြလိုက်တာနဲ့ စက်ကလေးထဲထိုးတယ်။ သမဂ္ဂနဲ့ လက်တွဲလုပ်ဖူးသူတွေကိုလည်း အဲလိုလုပ်တယ်။  ဒီမှတ်ပုံတင်ကမရပါဘူးဆိုပြီး  အလုပ်လုပ်ခွင့်ပိတ်တယ်လို့ သမဂ္ဂအဖွဲ့ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ဖူးသူ မဂျူလိုင်က ပြောဆိုပါတယ်။

မဂျူလိုင်အနေနဲ့   သမဂ္ဂ အဖွဲအစည်းမှာ ဥက္ကဌအနေနဲ့တာ၀န်ထမ်းဆောင်ဖူးသူဖြစ်ကာ အထည်ချုပ်လုပ်သက် ၁၈ နှစ်ခန့်အထိ အတွေ့အကြုံရှိထားသူဖြစ်ပေမဲ့လည်း  ပထမပိုင်းခန့်အပ်ပြီး  မှတ်ပုံတင်ပေးပြီးလို့ သမဂ္ဂလုပ်ခဲ့ဖူးသူအဖြစ်သိတာနဲ့ချက်ချင်းဖြုတ်လိုက်တာဖြစ်ပြီး အကြောင်းပြချက်မှာလည်း အသက် ၃၅ နှစ်ဟာ အသက်ကြီးလို့ဖြုတ်တယ်လို့သာ ဆိုတယ်လို့သိရပါတယ်။

"စုံစမ်းကြည့်တောလည်း  ကိုယ့်ထက်အသက်ကြီးနေတာတွေရှိတယ်။ သမဂ္ဂခေါင်းဆောင်လုပ်ပြီး ဆန္ဒပြဖူးလို့ မခန့်တာလို့သိရတယ်။  အဲ့လိုဖြုတ်လိုက်တဲ့ စက်ရုံတွေ နှစ်နှစ်အတွင်း ၁၆ ရုံလောက်ရှိတယ်။ တစ်ချို့စက်ရုံတွေက စက်ရုံထဲတောင်မရောက်လိုက်ဘူး။ မှတ်ပုံတင်စက်ထဲထိုးကြည့်ပြီး မရဘူးပြောတာ။ ဘာလို့မရတာလည်း လ၀ကထုတ်ပေးထားတာပဲ စည်းတံဆိပ်တွေလည်းပါတယ်ဆိုတော့  မဟုတ်ဘူး အစစ်ဆိုတာလည်းသိတယ်။ ခုကမရလို့ကိုမရတာလို့ပြောတယ်"လို့  ၎င်းကဆိုပါတယ်။

စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့  သမဂ္ဂလုပ်ဖူးတယ်ဆိုပြီးတော့ သိတဲ့အတွက်ဖြုတ်လိုက်ရာမှာ မန်နေဂျာကသိတာရှိသလို သမဂ္ဂအဖွဲ့ခေါင်းဆောင်အဖြစ် မျဉ်းတားထားလို့သိတာရှိတဲ့အပြင် အလုပ်သမားအချင်းချင်းကနေသိရှိတာတွေကြောင့်  ရက်ပိုင်းလောက်သာအလုပ်လုပ်ရပြီး ပြန်လည်ဖြုတ်ချခံရတာတွေဖြစ်တယ်လို့ ဆိုပါတယ်။  

အဲ့ဒီလိုအလုပ်မခန့်တာတွေ အလုပ်ဖြုတ်တာတွေကို အခြားသောအလုပ်သမားတွေလည်းရင်ဆိုင်နေရတာတွေ ကြုံနေရတာတွေရှိတယ်လို့လည်း ၎င်းကဆိုပါတယ်။

ယခု စက်တင်ဘာလထဲမှာပဲ လှိုင်သာယာ မြစိမ်းရောင်စက်မှုဇုန်က Zong Hong အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂတစ်ဖွဲ့လုံးနဲ့ သမဂ္ဂနဲ့ ပတ်သက်တဲ့ အလုပ်သမား ၂၀၀ ကျော်ကို အော်ဒါမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူအင်အားလျှော့ချ အလုပ်ထုတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် စက်ရုံကို ယာယီအပိတ်သဘောမျိုးပြပြီး အလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကို အလုပ်ပြန်လည်ခေါ်ယူတာမရှိဘဲ ချန်လှပ်ထားခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိပြီး ဥပမာအနေနဲ့ ဧရာဝတီတိုင်း ၊ ပုသိမ်စက်မှုဇုန်က Myanmar Knitting အထည်ချုပ်စက်ရုံမှာလည်း အလားတူဖြစ်ရပ်မျိုး လုပ်ဆောင်ခဲ့တာပါ။

“လျှန်ချမ်း(စ်)ဆို ဒီနေ့ဗျူးတယ်။ဒီနေ့ရတယ်။ပစ္စည်းအစုံမရှိတာတောင်ဆင်းရတယ်။  နောက်နေ့မှအသက်ကြီးလို့ဆိုပြီး ဖြုတ်တယ်။ ကျွန်မကိုခေါ်ပေးတဲ့ကောင်မလေးကိုလည်း နို့တစ်ကြေးပေးထုတ်လိုက်တယ်။  ဒီအလုပ်သမားကသမဂ္ဂခေါင်းဆောင်လုပ်ဖူးတာကို ခေါ်ထည့်တယ်ဆိုပြီး  သူ့ကိုလည်းကျူပင်ခုတ်ကျုငုတ်ပါမချန်ဖြုတ်မယ်ဆိုပြီး ဖြုတ်လိုက်တယ်”လို့ ဆိုပါတယ်။

မဂျူလိုင်အနေနဲ့ လက်ရှိမှာတော့ စက်ရုံအလုပ်လုပ်ကိုင်ရန်ခက်ခဲနေတာကြောင့်ကျပန်းအလုပ်အကိုင်တွေသာလုပ်ကိုင်နေရပြီး  ပုလင်းရွေးတာ၊ ပဲရွေးရတာတွေ နေ့စားနဲ့ကြုံသလိုလုပ်နေရတာအပြင် ကြုံသလို လုပ်ကိုင်ရှာဖွေစားသောက်ရတယ်လို့ဆိုပါတယ်။

ယခင်က  စက်ရုံမှာ စူပါလုပ်ရင်း သမဂ္ဂလုပ်ခဲ့တာဖြစ်ပေမဲ့လက်ရှိမှာတော့  လိုအပ်ချက်အလိုက် သင့်တော်သည့် ရာထူးများလျှောက်ခဲ့သော်လည်း  အများဆုံးလုပ်ကိုင်ရပါက  တစ်ပတ်လောက်လုပ်ခဲ့ရတာဖြစ်ပြီး  အခြားသော သမဂ္ဂ၀င်တွေကို  အလုပ်မခန့်တာတွေပါတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

"အရင်လုပ်ခဲ့တဲ့စက်ရုံမှာလည်း  စူပါဆိုတော့  သူတို့မခေါ်ဘူး မခေါ်ဘူးဆိုတာတွေကိုကြည့်လိုက်ရင် လှိုင်သာယာမှာဆန္ဒပြထားတဲ့အလုပ်သမားတွေကို ပုံနဲ့အမည်နဲ့တကွမခန့်ပါနဲ့ဆိုတာမျိုးထုတ်ထားတာ။ ခူလိုဖြစ်တာလည်း တရုတ်စက်ရုံတွေချည်းပဲ။  နောက်ဆုံးလုပ်တဲ့စက်ရုံမှာတုန်းကလည်း  ဒီစက်ရုံကနေမလုပ်တော့ဘူးဆိုရင်  တစ်ခြားဘယ်စက်ရုံကိုမှ  လုပ်မရတော့ဘူး။   Black List  ပြထားတယ်လို့ပြောတော့ ကိုယ်ကမယုံခဲ့ဘူး။ တကယ့်တကယ်ကိုယ့်စက်ရုံက ပိတ်သွားတော့ အခြားစက်ရုံတွေလည်းလျှောက်ရောတကယ်ဖြစ်နေတယ်။ မသိလို့ခန့်ရင်လည်း ထန်ကုန် ၁၅ ရက်ပဲပြန်ဖြုတ်တယ်။ ပြီးရင် နောက်ကွယ်မှာဘာပြောလဲဆိုရင် လုပ်ချင်ပါအုံးဒီအလုပ်ကိုခုဘာတတ်နိုင်သေးလဲဆိုတာမျိုးပြောတယ်လို့ ယင်းက ဆိုပါတယ်။

သမဂ္ဂဝင်တွေကိုထုတ်တဲ့အပေါ်မှာ အလုပ်သမားသမဂ္ဂတွေဟာ  လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးများဖိနှိပ်ခံရတာကြောင့် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူတွေကို အခြားစက်ရုံ အလုပ်ရုံတွေထိပါ  နာမည်ပျက်စာရင်းသွင်း  လုပ်ဆောင်တာတွေမဖြစ်သင့်ဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေကပြောဆိုပါတယ်။

"အလုပ်သမားတွေဟာ လုပ်ငန်းခွင်ထဲမှာ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ဉပဒေပါ ခွင့်တွေ ဆေးခွင့်တွေ ကိုအဓိက ပေါ့နော် အဲ့ဒါတွေကို ရရမှာ ဖြစ်ပေမယ့် မရဘူး။ တစ်ဦးတယောက်ထဲသွားတောင်းမယ်ဆိုရင် လည်း ဖိအားတွေရှိလာတယ်။ အဲ့ တယောက်ထည်းကို စူပါတွေ အောစူပါတွေက ဖိမယ် ပြီးတဲ့အခါ တယောက်ထဲဖြစ်တဲ့အခါကျတော့ မကြိုက်ရင် အလုပ်ထုတ်ပစ်တာတို့ ဖြစ်မယ် ဒါကြောင့် အဲ့လိုမျိုးတွေ တယောက်ထဲသွားပြောရင် ဖိနှိပ်ခံရတယ် အလုပ်ထုတ်ခံရတယ် မလုပ်ရဲအောင် သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်လိုက်တာတို့ ၊ အလုပ်သမားက အခြေခံရပိုင်ခွင့်တွေသွားပြောလိုက်တဲ့အခါ တခြားလိုင်းကို ပြောင်းလိုက်တာမျိုးတွေ ဟက်ပါ ( အကူ) ပြောင်းလိုက်တာတွေ အဲ့လိုတွေရှိတယ် အလုပ်ထုတ်တဲ့ကိစ္စရပ်တွေရှိလာတယ် ဒါတွေကို တစ်ဦးတယောက်ထဲသွားပြောတဲ့အခါကျရင် မရတဲ့အပြင် ကိုယ့်ကိုလည်း ထိခိုက်တယ် အဲ့တော့ အလုပ်သမားတွေက အစုအဖွဲ့နဲ့တောင်းမှ ရတယ်ဆိုတာသိလာတယ် ။အလုပ်သမားတွေက တယောက်ထဲမဟုတ်ဘဲနဲ့ ၅ ယောက် ၁၀ ယောက် အယောက် ၃၀  တဖြည်းဖြည်းနဲ့ စုဖွဲ့ ပြီးတော့ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဉပဒေအရ အစုအဖွဲ့ဖွဲ့စည်းပြီးတော့ တောင်းဆိုလာကြတာဖြစ်တယ်" လို့ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကပြောဆိုပါတယ်။

အလုပ်သမားတွေဟာ လုပ်ငန်းခွင်မှာ ဉပဒေပါ ရပိုင်ခွင့်တွေကို တစ်ဦးတယောက်ထဲတောင်းဆိုဖို့ မဖြစ်နိုင်တဲ့အခြေအနေတွေကြောင့် သမဂ္ဂဖွဲ့တာမျိုးတွေဖြစ်လာကြပြီး တောင်းဆိုမှုတွေကိုလဲ သမဂ္ဂအဖွဲ့ကနေ တဆင့်တောင်းဆိုလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

"ဒါကြောင့် အလုပ်သမားတွေက သမဂ္ဂဖွဲ့ပြီးတော့ သူတို့ရဲ့ ရပိုင်ခွင့်ကို တယောက်ထဲတောင်းလို့မရတဲ့ကိစ္စတွေမှာ အစုအဖွဲ့နဲ့ တောင်းဆိုမှရတယ်လို့ မြင်လာတဲ့အခါမှာ လုပ်သမားတွေက သမဂ္ဂဆိုတာကိုဖွဲ့စည်းလာကြတယ်" လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောဆိုပါတယ်။

အဆိုပါကဲ့သို့ လုပ်ငန်းခွင်ဆိုင်ရာတောင်းဆိုမှုတွေ ပြုလုပ်တဲ့ အလုပ်သမားသမဂ္ဂတွေကို အလုပ်ရှင်တွေက လက်မခံဘဲ သမဂ္ဂအဖွဲ့တွေကို အမြင်မကြည်တာမျိုးတွေပါ ရှိနေပြီး အမြစ်ပြတ် သုတ်သင်ချင်နေပုံရတယ်လို့ ဆိုပါတယ်။

"လုပ်ငန်းရှင်တွေက ဘာတွေထိခိုက်သွားလဲဆို သူတို့ဘက်က ပြန်ကြည့်မယ်ဆိုရင် အများကြီးနစ်နာတယ်လို့ ထင်မှာပေါ့ အလုပ်ရှင်က ငါတို့ခိုင်းတာပဲလုပ် ငါတို့ပေးတာပဲယူ ငါတို့ပြောသလိုနေ ငါတို့ကို ပြန်မပြောနဲ့ဆိုတာမျိုးက အလုပ်ရှင်တော်တော်များများမှာရှိကြတယ် အလုပ်ရှင်ဖြစ်တဲ့အတွက်ကြောင့် သူတို့ခိုင်းတာတွေပဲလုပ်ရမယ်ဆိုတဲ့စိတ်ဆန္ဒတွေလည်းရှိတယ် ပြီးတဲ့အခါမှာ အလုပ်သမားတွေက ခွင့်တွေဘာတွေ နေမကောင်းလို့ ဆေးခွင့်ယူတာတောင်မရတောလို့ ခုနကလိုပဲ တဦးတယောက်ချင်းပြောမယ်ဆိုရင် အလုပ်ဖြုတ်ခံရမယ် အဲ့ဒါကြောင့် အစုအဖွဲ့နဲ့ပြောလာကြတယ် သမဂ္ဂဖြစ်လာတယ်။ သမဂ္ဂဖြစ်လာပြီဆိုတာနဲ့ လုပ်ငန်းခွင်မှာ ဉပဒေနဲ့ မညီတဲ့ဟာတွေကို အစုအဖွဲ့တွေက ဦးဆောင်ပြီး အလုပ်ရှင်နဲ့ဆွေးနွေးပေးတာတွေဖြစ်လာတယ်၊ အဲ့ကိစ္စရပ်တွေ ကြောင့်ပဲ အိုတီကြေးလား လုပ်အားခလား ကျောင်းတက်ခွင့်လားအမျိုးမျိုးပေါ့  ဉပဒေထဲပါတာရှိသလို ဉပဒေထက် သာလွန်ကောင်းမွန်တဲ့အခွင့်အရေးတွေ ဒါမျိုးတွေရှိကြတာ ပေါ့လေ" လို့ အလုပ်သမားအရေး စောင့်ကြည့်လေ့လာသူက အလုပ်ရှင်တွေက အလုပ်သမားသမဂ္ဂတွေအပေါ် သဘောထားကို သုံးသပ်ပါတယ်။

"ဒါမျိုးတွေ တောင်းဆိုတဲ့အခါကျတော့ အလုပ်ရှင်က ပေးရတယ် သမဂ္ဂတွေက လည်း စနစ်တကျ တောင်းတက်လာတယ်ဆိုရင် ပေးရတာပဲ။ ပေးရတဲ့အခါမှာ လစာတောင်းတယ်ဆိုရင်တောင် လူတယောက်ကို ၁၀၀ ကျပ်ပဲပေးရအုံး လုပ်ငန်းခွင်မှာ တစ်ထောင်ရှိတယ်ဆိုရင် လူ ၁၀၀၀ နဲ့ညီမျှတဲ့ တန်ဖိုးကိုပေးရတာမျိုးတွေ ပေါ့၊ အလုပ်ရှင်တွေက ဘာလုပ်ချင်လဲဆိုရင် သူတို့အကျိုးစီးပွားကျန်ချင်တယ် အမြတ် ကျန်ချင်တယ် ပိုပြီးတော့အမြတ် ရချင်တယ် အဲ့ဒါကြောင့် ငါတို့ခိုင်းတာပဲလုပ် ငါတို့ပေးတာပဲယူ ငါတို့ကျွေးတာပဲစားဆိုတဲ့အကွက်တွေ ဖြစ်ချင်တာကြောင့် လုပ်ငန်း ခွင်မှာ သူတို့ကို ပြန်ပြီးတော့ စားပွဲတစ်ဝိုင်းထဲမှာ ထိုင်ပြီးတော့ ညှိနှိုင်းမယ့် သူတွေကို သူတို့မလိုချင်ဘူး လုပ်ငန်းခွင်မှာ သူတို့ကို ပြန်ပြီးတော့ အရပ်စကားနဲ့ဆို သူတို့ကို ခုခံ တုန့်ပြန်မယ့် သူမလိုချင်ဘူး အဲ့ လိုမျိုးတွေကြောင့် လုပ်ငန်းရှင်တွေက မပေးချင်တာ ဒါကြောင့်  အလုပ်သမားသမဂ္ဂကို မလိုချင်လို့ ဖြိုခွဲတာဖြစ်တယ်"လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောဆိုပါတယ်။

အလုပ်ရှင်တွေအနေနဲ့ အခုလို သမဂ္ဂအဖွဲ့တွေကို စံနမူနာပြတဲ့ လုပ်ရပ်မျိုးတွေကို ဥပဒေမဲ့ လုပ်ဆောင်နေတာဖြစ်ပြီး သမဂ္ဂတွေ အဖွဲ့၀င်အလုပ်သမားတွေကို  မြေပြင်မှာတော့ အကာကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းနဲ့ ဉပဒေမျိုးတွေ  ရှိမနေဘူးလို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ က ပြောဆိုပါတယ်။

 

LabourUnion

MyanmarLabourNews

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026