NEWS

ကုန်ဈေးနှုန်း မြင့်တက်နေမှုကြား အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နဲ့ ရုန်းကန်နေရတဲ့ အခြေခံပြည်သူများ

CoverLogo
926 Views

စက်ရုံ၊ အလုပ်ရုံ နဲ့ ဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေကြရတဲ့  အလုပ်သမားတွေအတွက် အစိုးရက သတ်မှတ်ပေးထားတဲ့ သတ်မှတ်ချက်အရ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ် သာဖြစ်ပါတယ်။ ထောက်ပံ့ကြေး ဆိုပြီး ၁၀၀၀ ကျပ်စီ ၂ ကြိမ်တိုးပေးထားပေမယ့်  ၆၈၀၀ ကျပ် အပြည့်မရတဲ့ လုပ်သားတွေလည်း ရှိနေတာပါ။ 

ဒါ့အပြင် တရက်ကို ကျပ် ၁၀၀၀၀ ကျော်ရဖို့ အလုပ်သမားတွေဟာ တနေ့ကို အလုပ်ချိန် ၈ နာရီနဲ့  စားဝတ်နေရေး မလုံလောက်မှုကြောင့် အချိန်ပို ၃ ၊ ၄  နာရီလောက် မဖြစ်မနေလုပ်ကိုင်နေရပြီး အာဟာရ ချို့တဲ့မှုနဲ့ ကျန်းမာရေးထိခိုက်မှုတွေလည်း မြင့်တက်လာနေပါတယ်။ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်ပေမယ့် စားဝတ်နေရေး မလုံလောက်တာကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှုတွေလည်း မြင့်တက်လာပါတယ်။

အခုလို ပြည်တွင်းမှာ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကို နှိုင်းယှဉ်သိရှိနိုင်ဖို့အတွက် ယခုတစ်ပတ်တာ နို၀င်ဘာ ၄ ရက်ကနေ ၁၀ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းက စက်သုံးဆီဈေးနှုန်းတွေကတော့ နို၀င်ဘာ ၄ ရက်နေ့ကနေနို၀င်ဘာ ၇ ရက်အထိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ဈေးနှုန်းများဟာ ၉၂ တစ်လီတာလျှင်  ၃၀၈၀ ကျပ်၊  ၉၅ တလီတာ ၃၂၉၀ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂၆၁၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၆၀ ကျပ်သတ်မှတ်ထားတာဖြစ်ပြီး  နို၀င်ဘာ ၈ ရက်ကနေ ၁၀ ရက်အထိဈေးနှုန်းကတော့ ၉၂ တစ်လီတာလျှင်  ၃၀၃၀ ကျပ် ၉၅ တစ်လီတာ ၃၂၁၀ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ  ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၄၅ ကျပ်အဖြစ်သတ်မှတ်ထားတာတွေ့ရပါတယ်။  

စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာပဲဖြစ်ပြီးစက်သုံး ဆီပြင်ပပေါက်ဈေးကတော့ ၉၂ တစ်လီတာ ၃၈၀၀ ကျပ်မှ  ၄၀၀၀ ကျပ်နှုန်းဖြင့် ဈေးလည်းငြိမ်နေတယ်လို့ သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ နို၀င်ဘာ ၄ ရက်နေ့ရဲ့ကမ်ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၇၅၆ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက် ရွှေပေါက်ဈေးဟာကျပ် ၅၆ သိန်း ၇ သောင်းကျော်ဖြစ်ကာနို၀င်ဘာ ၅ ရက်နေ့မှာ  ၅၆ သိန်း ၄ သောင်းကျော်၊ ၇ရက်နေ့မှာတော့ ၅၅ သိန်းတစ်သောင်းကျော်နဲ့ နို၀င်ဘာ ၁၀ရက်နေ့အထိ အဆိုပါဈေးနှုန်းအတိုင်း  သတ်မှတ်ထားတာဖြစ်ပါတယ်။   

ပြင်ပရွှေဈေးကွက်မှာတော့ နို၀င်ဘာ ၄ ရက်နေ့  ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ  ၆၄ သိန်းကျပ်ဖြစ်ပြီး ၅ ရက်နေ့မှာ ၆၃သိန်း၊ ၆ ရက်နေ့မှာ  ၆၄ သိန်း၊ ၇ ရက်နေ့မှာ ၆၃ သိန်း ၅ သောင်း၊ ၈ ရက်နေ့မှာတော့ ၆၃ သိန်းနဲ့  ၉ ရက်နဲ့ ၁၀ ရက်နေ့မှာတော့  ၆၃ သိန်းငါးသောင်း  ပြင်ပပေါက်ဈေးဖြစ်နေတယ်လို့ သိရပါတယ်။ 

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ နို၀င်ဘာ ၄ ရက်မှ ၆ ရက်အထိ တစ်ဒေါ်လာ ၄၅၀၀ ဖြစ်ပြီး နို၀င်ဘာ ၇ ရက်နေ့မှာတော့   ၄၅၅ ကျပ်၊ ၈ရက်နေ့ကနေ ၁၀ ရက်နေ့အထိမှာတော့ တစ်ဒေါ်လာလျှင် ၄၅၃၀ နဲ့ဈေးငြိမ်နေတာဖြစ်ပါတယ်။  

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင်  ၄၀၀၀ ကျော်မှ ၅၀၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ် န်ို၀င်ဘာ ၄ရက်မှ နို၀င်ဘာ ၁၀ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၅၉၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနည်းငယ်ကျဆင်းလာပြီး သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေမဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ  ၁၂၀၀၀ အထိ အမြင့်ဈေးမှာသာရှိနေတာပဲဖြစ်ပါတယ်။

စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့်ရောင်းချပေးနေတာတွေပြုလုပ်နေတာဖြစ်ပေမဲ့လည်း  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။  

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘို ပေါ်ဆန်းမွှေးတစ်ပြည် ၉၀၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ်ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ  အခြေခံအလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရောနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့  ချဉ်ပေါင်ရွက်တစ်စီး ၃၀၀ကျပ်၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ ကျပ်၊ ခရမ်းသီးတစ်ပိဿာ ၈၀၀၀ ကျပ်၊  ငြုပ်သီးစိမ်းအနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစ်စီး ၁၀၀၀ကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀ အလုံးသေး၊ မုံလာဥတစ်စီး ၁၅၀၀၊ ခဝဲသီးတစ်တောင့် ၈၀၀၊ ဂေါ်ရခါးညွှန့် တစ်စီး ၁၅၀၀ကျပ်၊ အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၄၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ၂၂၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၆၀၀၀၊ ၀က်သား ဆိတ်သား အနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 

လက်ရှိကုန်ဈေးနှုန်းတွေဟာ နေ့စဉ်နဲ့အမျှမြင့်တက်နေတာကြောင့် အခြေခံလုပ်ခ ၄၈၀၀ ကျပ်နဲ့ ထောက်ပံ့ကြေး ၂၀၀၀ ကျပ်ဟာ  ထမင်းတစ်နပ်စာပင်အလုံ လောက်စားသောက်လို့မရတဲ့အခြေအနေဖြစ်ပေါ်နေတာပါ။ ဒီအခြေအနေတွေကြောင့် အနည်းဆုံးလုပ်ခ တိုးမြှင့်ပေးဖို့လိုလားနေတယ်လို့ လည်း အလုပ်သမားတွေက ထုတ်ဖော်ပြောဆိုမှုတွေရှိနေတာဖြစ်ပါတယ်။

ယခုတပတ်တာ ကုန်ဈေးနှုန်းတွေကိုတော့ ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026