ကမ္ဘောဒီးယား နိုင်ငံ ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်အလုပ်ရုံ)တွေ ကို လိမ်လည်ရောင်းစား ခံရတဲ့ မြန်မာလုပ်သားတွေ ဒုက္ခ များစွာ ရောက်ရှိနေတယ်လို့ နစ်နာသူ အလုပ်သမား အချို့က ပြောပါတယ်။
ပြည်ပအလုပ်အကိုင် ရှာဖွေ နေတဲ့ မြန်မာလုပ်သားတွေကို ပွဲစားတွေက ငွေကြေး လုပ်ခ မက်လုံးပေးပြီး လိမ်လည် ခေါ်ဆောင်တာတွေ လူကုန်ကူးခံရတာ တွေ ဖြစ်တယ်လို့ သိရပါတယ်။
"ကမ္ဘောဒီးယား က ကျားဖြန့်ရုံ တွေမှာ မြန်မာတွေ အများကြီး ဒုက္ခရောက်နေကျတာ ကျားဖြန့် လုပ်ငန်း ဆိုတာ သိပြီး လာလုပ်ကျတာ မဟုတ်ဘူး အများစုက ရောင်းစားခံရတာ တွေ လိမ်ခေါ်ခံရတာ တွေ လူကုန်ကူးခံရတာ အသက် ၁၈၊ ၁၉ နှစ် အရွယ်လေးတွေ မြန်မာတွေရာနဲ့ချီ ပြီး နှိပ်စက်နည်းပေါင်းစုံနဲ့ တရုတ် တွေရဲ့ နှိပ်စက်မှု ခံနေရပါတယ်"လို့ ကမ္ဘောဒီးယားရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
အခုလို ကျားဖြန့်အလုပ်ရုံ တွေ မှာ နှိပ်စက်ခံရတဲ့ မြန်မာလုပ်သားတွေထဲမှ အချို့ လုပ်သားတွေဟာ ၎င်းအလုပ်ရုံ တွေ ဆီကနေ အသက်စွန့်ထွက်ပြေး လာကျရာ မှ လွတ်မြောက် လာသူတွေရှိတာကြောင့် ထိုသို့ လွတ်မြောက် လာသူတွေကို ကမ္ဘောဒီးယား နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး က နေရပ် ပြန်နိုင်ဖို့ လုပ်ဆောင်ပေးလျက်ရှိပြီး ကျားဖြန့်ရုံရောက်ရှိနေသူတွေ ထွက်ပြေးလာသူတွေ အနေနဲ့ မြန်မာသံရုံးကိူ အကူညီတောင်းခံနိုင်တယ် လို့ ဒီဇင်ဘာ၂၃ရက်မှာ သံရုံး အကြီးအကဲ ရဲ့ တယ်လီ ဖုန်း နံပတ် ပါကြေညာအသိပေးထားပါတယ်။
"တကယ်တိုင်လို့ မိရင် သေလုအောင် နှိပ်စက်ခံရတာ တရုတ်အယောက် ၂၀လောက်က တုတ်တွေနဲ့ လူအများရှေ့မှာ လာကြည့်ထားဆိုပြီး ဝိုင်းရိုက်ကျတာ ကျဉ်စက်နဲ့ လည်း ဝိုင်းတို့တယ် ကိုယ့်မြန်မာတွေ အနှိပ်စက်ခံနေရတာ မြင်နေလဲ ဘာမှ လုပ်မပေးနိုင်ဘူး၊ ကျားဖြန့် အလုပ်ရုံ နေရာကို location အတိအကျ ထောက်ပြ ပို့ပေးရင် စစ်ဆေးပြီး ကူညီပေးစေချင်တယ်" လို့ကျားဖြန့်အလုပ်ရုံမှာ အလုပ်လုပ်ကိုင်နေရသူ တစ်ဦးကပြောပါတယ်။
အခုလို ကမ္ဘောဒီးယားရှိ ကျားဖြန့်အလုပ်ရုံ တွေ မှာ မြန်မာလုပ်သား တွေဒုက္ခရောက်နေတဲ့ အတွက် ကူညီပေးဖို့ ကမ္ဘောဒီးယားဆိုင်ရာ မြန်မာသံရုံး Facebook Page အောက်တွင်လည်း မြန်မာလုပ်သားအချို့က အကူညီတောင်းခံ ထားတာ တွေ လည်း တွေ့ရပါတယ်။









