NEWS

YOYIKA GARMENT စက်ရုံ နေ့စားအလုပ်သမားများအား တရက် ၃၆၀၀ ကျပ်သာ ရှင်းပေး၊ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်နေရ

CoverLogo
858 Views

Sinsay အမှတ်တံဆိပ် ချုပ်နေတဲ့ YOYIKA GARMENT စက်ရုံ တာဝန်ရှိသူတွေက အနည်းဆုံးအခကြေးငွေ ဥပဒေကို ချိုးဖောက်ပြီး အကူလုပ်သား (Helper) တွေကို နေ့စားအနေနဲ့ ခေါ်ယူကာ လုပ်အားခ တရက် ၃၆၀၀ ကျပ်သာ ရှင်းပေးနေတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။

“ အလုပ်ခန့်တော့ နေ့စားခ  ၃၆၀၀ နဲ့ အိုတီ ၉၀၀ ဆိုပြီး ပြောပါတယ်။ အလုပ်သမားတွေက လုပ်ခ နည်းပေးမဲ့ ၃ လ ဆိုရင် အမြဲတမ်း လခစား ဖြစ်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝင်လုပ်ကြတာပါ ။ ဒါပေမဲ့ တလလောက်ဆို အလုပ်မရှိတော့ဘူးဆိုပြီး မလာရတော့ဘူး ။ ” လို့ စက်ရုံအလုပ်သမားတဦး ပြောပါတယ်။ 

စက်ရုံအတွင်း အလုပ်သမား ၇၀၀ ဝန်းကျင် အမြဲတမ်းအလုပ်သမား လခစားအနေနဲ့ လုပ်ကိုင်နေပြီး နေ့စား လုပ်ကိုင်သူကတော့ ၁၀၀ ဝန်းကျင် ရှိတယ်လို့ အဲ့ဒီ အလုပ်သမားက ပြောပါတယ်။ စက်ချုပ်လိုင်းဘက်က နေ့စားတွေကတော့ အလုပ်အကိုင် တည်ငြိမ်ပေမဲ့ တခြားဌာနတွေက အလုပ်သမားတွေကတော့ အလွန်ဆုံး တလလောက်သာ လုပ်ကိုင်ရတယ်လို့ ပြောပါတယ်။

“ စက်လိုင်းတွေဘက်ကတော့ ၊ အလုပ်ငြိမ်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲ့မှာလည်း လုပ်သက် ၃ လ ပြည့်တာနဲ့ အတည်ပြုဝန်ထမ်းဖြစ်တာမျိုးမဟုတ်ဘူး။ စူပါတွေနဲ့ အဆင်သင့်ရင် တလနဲ့လည်း ဖြစ်တယ်။ ၅ လနဲ့ မဖြစ်တာတွေလည်းရှိတယ်။ တခြားဌာနတွေကတော့ အလွန်ဆုံး တလလောက်ပဲ အလုပ်ရတယ်။ ပြီးရင်တာ့ နားပေါ့” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။ 

YOYIKA GARMENT စက်ရုံ စက်လိုင်းမဟုတ်တဲ့ တခြားဌာနက နေ့စား အလုပ်သမားတွေဟာ  ညနက် အောလင်း၊ အောနိုက် အချိန်ပိုတွေကို တခြားအမြဲတမ်းခန့် အလုပ်သမားတွေနဲ့ အတူ လုပ်ကိုင်ရပေမဲ့ အချိန်ပိုလုပ်ခအနေနဲ့ ၉၀၀ ကျပ်သာရရှိကြတယ်လို့ ပြေဆိုပါတယ်။

“အလုပ်ချိန်ကလည်းအတူ၊ အချိန်ပိုလည်း တူတယ်။ လုပ်ခကြတော့ နေ့စားက ဒေးကြး ၃၆၀၀ ပဲ၊ အိုတီက ၉၀၀ ပဲရတယ်။ လုပ်သားချင်းအတူတူကို ရတဲ့လုပ်အားခက ကွာနေတာ။ အလုပ်အကိုင်လည်းမတည်ငြိမ်နဲ့ ဆိုတော့ နေ့စားအလုပ်သမားတဦး အနေနဲ့ဆို နစ်နာမှုကြီးတယ်” လို့ နေ့စားအလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံအတွင်း ခွင့်မပေးတာ၊ အချိန်ပိုခေါ်ယူရာမှာ အလုပ်သမားတွေရဲ့ သဘောထားကို မေးမြန်းတာမရှိဘဲ အချိန်ပိုအလုပ်ချိန် နောက်ကျတာကြောင့်လည်း လုယက်ခံရတဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 
   
“အချိန်ပိုက လွန်ခဲ့တဲ့သုံးလလောက်ဆို အောလင်း၊အောင်နိုက်တွေ ဆက်ဆင်းရတယ်၊ နားရက် ဆိုတာလည်း မရှိခဲ့ဘူး၊ အခုအထိက တခြားဌာနတွေမှာ အောလင်း အလုပ်လုပ်နေရတာတွေရှိတယ်။ နေ့တိုင်း ည ၈ နာရီအထိ အချိန်ပိုလုပ်ပေးရတော့ နောက်ကျတယ်၊ လုံခြုံရေးမကောင်းတော့၊ လုယက်ခံရတာတွေလည်း ရှိတယ်။  အိမ်အပြန်က လုံခြုံတယ်လို့ မရှိဘူး ။ ခွင့်ကြတော့လည်း  ခွဲခြားပြီးပေးတယ် ။ “ လို့ စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။

YOYIKA GARMENT စက်ရုံက အချိန်ပိုကို ညနေ ၄ နာရီကနေ ည ၈ နာရီ အထိ နေ့စဉ် ၄ နာရီကြာ လုပ်ကိုင်ရတဲ့ အပြင် စနေနေ့တွေမှာလည်း ည ၈ နာရီအထိ လုပ်ကိုင်ရတာကြောင့် ဥပဒေပါ တပတ် အချိန်ပို  နာရီ ၂၀ ထက် ကျော်လွန် လုပ်ကိုင်ပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 စက်ရုံအတွင်း စက်လိုင်း ၁၁ လိုင်းရှိပြီး အဲ့ဒီ စက်လိုင်းတွေက စူပါတချို့ကတော့ ဆဲဆို ခိုင်းစေနေတယ်လို့လည်း အလုပ်သမားတွေက ပြောကြားပါတယ်။ “ စက်လိုင်းတွေထဲက အောစူပါတချို့က ဆဲတာက “ေ-ာက်” တွေဘာထည့်ဆဲတာ ။ ရိုးရိုးမခိုင်း ဆဲခိုင်းတော့ အလုပ်လုပ်လည်း မပျော်ဘူး။ ညလည်း နောက်ကျတယ်ဆိုတာ့ လန်းလန်းဆန်းဆန်း အလုပ် လုပ်ရမျိုး မရှိတာ။ “ လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

နေ့စားအလုပ်သမားတွေကတော့ အလုပ်အကိုင် တည်မြဲရေးနဲ့ တန်းတူလုပ်ခရရှိဖို့ လိုလားကြပြီး လစား အလုပ်သမားတွေကတော့ ခွဲခြားဆက်ဆံတွေမရှိဖို့နဲ့ အချိန်ပိုအတွက် အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းဖို့ လိုလားကြပါတယ်။

YOYIKA GARMENT Co.LTD အထည်ချုပ် စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လုပ်ငန်းခွင်အတွင်း WCC အဖွဲ့ကို့ ဖွဲ့စည်းထားတာ မရှိဘူးလို့ သိရပါတယ်။  စက်ရုံကတော့ရန်ကုန်မြို့ ၊ လှိုင်သာယာ မြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ မူကြိုလမ်းဆုံအနီးမှာ လုပ်ငန်းလည်ပတ်နေပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026