NEWS

Yichang  Handbag (Myanmar)  အိတ်ချုပ်စက်ရုံ လုပ်သားအခွင့်အရေးချိုးဖောက်မှုရှိနေဟုဆို

CoverLogo
1.1K Views

မင်္ဂလာဒုံမြို့နယ် တိုးချဲ့စက်မှုဇုန် ဇေကမ္ဘာ ၇ လမ်းမှာဖွင့်လှစ်ထားတဲ့ Yichang  Handbag (Myanmar) ကျောပိုးအိတ်ချုပ် စက်ရုံမှာ အချုပ်အလုပ်လုပ်ကိုင်ရတဲ့ အလုပ်သမားတွေအတွက် ခွင့်ခံစားခွင့်မရတာ အချိန်ပို အလွန်အကျွံဆင်းနေရတာ မဆင်းပါက ခွဲခြားဆက်ဆံခံရတာ အထည်စံချိန်တောင်းခံရာမှာ မချုပ်လုပ်နိုင်တဲ့ ပမာဏသတ်မှတ်တောင်းခံပြီး စံချိန်တောင်းခံရာမှာလည်း ကြီးကြပ်သူတွေက ဆဲဆိုအော်ဟစ်ခိုင်းစေနေတာလို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာအလုပ်သမား ၅၀၀ ခန့် လုပ်ကိုင်နေပြီး   Lenovo တံဆိပ်အိတ်တွေချုပ်လုပ်နေရပြီး လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

"ချိုးဖောက်မှုတွေကတော့ ဆေးခွင့်တွေ ရှောင်တခင်ခွင့်တွေ မရတာပေါ့ နေထိုင်မကောင်းလို့ လူမှုဖူလုံရေးဆေးခန်းသွားပြလို့ ဆေးခန်းက ဆေးခွင့်ပေးလိုက်လည်း စက်ရုံဘက်က မပေးဘဲ ဒေးကြေး ရက်မှန်ကြေး ဖြတ်ခံရပါတယ်။ အရေးပေါ်ကိစ္စရှိလို့ ရှောင်တခင်ခွင့်ယူရင် မပေးဘဲ ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ် အဖြတ်ခံရတယ် အလုပ်သမားတွေအတွက် နစ်နာတာပေါ့"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း သောက်သုံးရေမသန့်ရှင်းတာ သန့်စင်ခန်းတွေ မသန့်ရှင်းတာနဲ့ ဆေးပေးခန်းမှာ ဆေးဝါးမရှိလို့  လုပ်ငန်းခွင်အတွင်း အသေးစာ ထိခိုက်ဒဏ်ရာရပါက ပလာစတာ ပင် ကပ်ရခြင်းမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ဝင်ချိန်ဟာ နံနက် ၈ နာရီကနေ ၆နာရီ ၃၀ အထိ ဆင်းရပြီး အော်ဒါအရေးကြီးပါက ည ၈ နာရီကနေ ည ၁၂ နာရီမဖြစ်မနေဆင်းပေးနေရတာ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက ဆူပူကြိမ်းမောင်းတာတွေရှိပြီး ငြင်းဆန်နိုင်ခြင်းမရှိဘဲ ဆင်းပေးနေရတာလို့ ပြောပါတယ်။

"အချိန်ပိုခေါ်ရင် ကြိုမပြောဘူး အလုပ်ဆင်းခါနီးမှ အချိန်ပိုဆင်းရမယ်ဆိုပြီးပြောတာ မဆင်းမနေရပဲ အထည်စံချိန်ဆိုလဲ ဘယ်လောက်ထိတောင်းလဲဆို စက်လိုင်းတစ်လိုင်းကို လူ ၅၀ ရှိတယ်ဆို တနာရီကို လိုင်းပေါက်အိတ် ၁၃၀ တောင်းတာ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ရှိ စက်လိုင်းတလိုင်းအတွင်း စူပါအပါအဝင် လူ ၅၀ ရှိတဲ့ စက်လိုင်းတစ်လိုင်းကို တနာရီလျင် အိတ် အလုံး ၁၃၀ ချုပ်လုပ်ပေးရန် သတ်မှတ်ထားပြီး အလုပ်ချိန် ၁၀ နာရီ ( အိုတီ ၂ နာရီအပါ) ကို အိတ် အလုံး ၁၃၀၀ ချုပ်လုပ်နေရတာလို့ အလုပ်သမားကရှင်းပြပါတယ်။ရရှိနေတဲ့ အခကြေးငွေနှုန်းထားကတော့ ဒေးကြေး ၄၈၀၀ ကျပ် ထောက်ပံ့ကြေးတထောင်ကျပ် တလလုံးအတွက် ရက်မှန်ကြေး ၂၀၀၀၀ ကျပ်သာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး လုပ်ငန်းခွင်အတွင်း အထည်စံချိန်များတောင်းခံပါက ကြီးကြပ်ရေးလုပ်သားတွေဖြစ်တဲ့ အောစူပါ နှင့် စူပါများက ဆဲဆို ခြင်း ရိုင်းစိုင်းစွာပြောဆိုခိုင်းစေခြင်းများ ပြုလုပ်ကာ စံချိန်တောင်းခံနေတာဖြစ်လို့ အလုပ်သမားတွေအနေနဲ့ ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။


လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမားခိုင်းစေတာရှိပြီး လုပ်သက် ၃ လပြည့်သည့် နေ့စားအလုပ်သမားတွေကို အတည်ပြုခန့်အပ်ခြင်းမရှိသလို အလုပ်ပါးပါက အလုပ်မှထုတ်ပယ်လေ့ရှိတာကြောင့် လုပ်သက်အရ နစ်နာမှုရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 အလုပ်သမားတောင်းဆိုချက်အနေနဲ့ လုပ်ငန်းခွင်အတွင်း ဥပဒေပါခံစားခွင့်များဖြစ်သည့် ဆေးခွင့် ရှောင်တခင်ခွင့်များ ခွင့်ပြုပေးရန် အထည်စံချိန်တောင်းခံရမှာ ဆဲဆိုခြင်း ရိုင်းစိုင်းစွာ အော်ဟစ်ခိုင်းစေခြင်းများ ရှောင်ကျဉ်ရန် အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာတောင်းခံရန် အချိန်ပိုခေါ်ရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းပြီးမှသာ ခေါ်ရန် စတဲ့အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026